မတ် ၁၇၊ ၂၀၁၆
M-Media
– ဖီဖာအမှုဆောင်ကော်မတီအဖွဲ့ဝင်များမှာ ၎င်းတို့၏ မဲများကို ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အကြိမ်ကြိမ် ရောင်းစားခဲ့သည်ဟု အမေရိကန်အာဏာပိုင်များသို့ တင်သွင်းသော ဖိုင်တွင် ဖီဖာက ၀န်ခံလိုက်သည်။
၂၂ မျက်နှာပါရှိပြီး ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သော အဆိုပါဖိုင်တွင် ခြစားမှုပြဿနာတွင် အပြစ်ရှိကြောင်း ၀န်ခံခဲ့သည့် ဖီဖာ၏ ဘောလုံးနှင့် ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိမ်းယူထားသော ကန်ဒေါ်လာ သန်း ၁၉၀ ကျော်မှ တစ်ချို့ တစ်ဝက်ကို ခြစားမှုအတွက် သားကောင်ဖြစ်ခဲ့သည့် ဖီဖာအတွက် နစ်နာကြေးပေးရန် တောင်းဆိုထားသည်ဟု ဖော်ပြခဲ့သည်။
“ဖီဖာအမှုဆောင်ကော်မတီက အဖွဲ့ဝင်တော်တော်များများဟာ သူတို့ရဲ့ ရာထူးတွေကို အလွဲသုံးစားလုပ်ခဲ့ပြီး၊ သူတို့ရဲ့ မဲတွေကိုလည်း အကြိမ်ကြိမ် ရောင်းစားခဲ့ပါတယ်” ဟု အဆိုပါ ဖိုင်တွင် ဖော်ပြထားပြီး၊ ဘောလုံးလောကမှ ဒေါ်လာသန်းပေါင်းများစွာမှာ ခြစားမှု၊ လာဘ်ပေးမှုတို့မှတစ်ဆင့် လမ်းကြောင်းပြောင်းသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ခြစားမှုအတွက် တရားစွဲဆိုမှုတွင် အမေရိကန်တရားရေးဌာနမှ တရားစွဲဆိုခံထားရသည့် ယခင်အမှုဆောင်အဖွဲ့ဝင်များဖြစ်သော ချက် ဘလေဇာ၊ ဂျက်ဝါနာတို့အပါအ၀င် ဖီဖာတာဝန်ရှိသူဟောင်း ၄၁ ဦးထံမှ ငွေကြေးများ ပြန်လည်ရရှိရန်လည်း ပါဝင်သည်။
“ကျူးလွန်ခဲ့တဲ့ တရားခံတွေဟာ ဖီဖာနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေမှာ သူတို့ရရှိခဲ့တဲ့ ရာထူးတွေအတွက် ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ပြီး ဖီဖာ၊ အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဘောလုံးအသိုင်းအ၀ိုင်းကို ဆိုးရွားပြီး ဖျောက်ဖျက်မရတဲ့ ထိခိုက်မှု ဖြစ်စေပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
AP သတင်းဌာနကမူ ဖီဖာမှာ ပေးခဲ့ရသည့် လစားများအတွက် ကန်ဒေါ်လာ ၂၈.၂ သန်း၊ ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ဆက်စပ်၍ ငွေကြေးခိုးယူမှုအတွက် ကန်ဒေါ်လာ ၁၀ သန်း၊ တရားစွဲဆိုမှုအတွက် ကုန်ကျငွေများ၊ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည့်အတွက် နစ်နာကြေးများ ရရှိရန် တောင်းဆိုထားသည်ဟု ဖော်ပြခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.