News @ M-Media

Blog

  • အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    အမေရိကန်တွင် မုန်းတီးရေးအုပ်စု ၉၀၀ နီးပါးရှိပြီး၊ ကယ်လီဖိုးနီးယားတွင် အများစု အခြေစိုက်နေ

    မတ် ၈၊ ၂၀၁၆
    M-Media

    calc

    – ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုက တခြားပြည်နယ်တွေထက် ၂၀၁၅ ခုနှစ်အတွင်း မုန်းတီးရေးအုပ်စု ပိုများလာတယ်လို့ တောင်ပိုင်းဆင်းရဲမွဲတေမှုဆိုင်ရာ ဥပဒေဌာန (SPLC) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    ဖေဖော်ဝါရီ ၂၇ ရက်နေ့က လော့စ်အိန်ဂျလိစ်အပြင်ဘက် အေနာဟမ်မြို့မှာ လူဖြူအစွန်းရောက်အဖွဲ့ Ku Klux Klan (KKK) က ချီတက်ဆန္ဒပြမှု ပြုလုပ်ဆောင်ရွက်အပြီးမှာ ကယ်လီဖိုးနီးယားပြည်နယ်က အမုန်းအခြေခံ အုပ်စုတွေအပေါ် သတိထားမိလာကြတာ ဖြစ်ပါတယ်။

    တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၁၅ ခုနှစ် အမေရိကန်မှာ မုန်းတီးရေးအုပ်စု စုစုပေါင်း ၈၉၂ ခု ရှိပြီး အဲ့ဒီထဲကမှ ၆၈ ဖွဲ့ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေတာဖြစ်ပါတယ်။ ၈၉၂ ဆိုတဲ့ အရေအတွက်ဟာ ၂၀၁၄ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းလောက် မြင့်တက်လာတာ ဖြစ်တယ်လို့ SPLC က ဆိုပါတယ်။

    အဆိုပါအဖွဲ့တွေဟာ လူမျိုးရေးခွဲခြားတတ်တဲ့အဖွဲ့အစည်းတွေ သက်သက်သာ မဟုတ်ဘဲ မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ အုပ်စုတွေကတော့ ၂၀၁၄ ကထက် ၄၅ ရာခိုင်နှုန်းလောက် ပိုများလာပါတယ်။ အဲဒီလို အမုန်းတရားအခြေခံ အုပ်စုအရေအတွက် ပိုများလာတာထက် အဲဒီအုပ်စုတွေနဲ့ ဆက်နွယ်နေတယ်လို့ သတင်းထွက်တဲ့ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ပိုများတယ်လို့ SPLC ရဲ့ အကြီးတန်းတာဝန်ရှိသူ မာ့ခ် ပိုတော့က ပြောကြားခဲ့ပါတယ်။

    အေနာဟမ် ချီတက်ဆန္ဒပြမှုနောက်ပိုင်း သေစေနိုင်တဲ့ လက်နက်နဲ့ လုပ်ကြံမှုတစ်ခုမှာ ပါဝင်တယ်လို့ သံသယရှိတဲ့အတွက် KKK အဖွဲ့ဝင်ငါးဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြင်းထန်စွာ နာကျင်စေဖို့ ရည်ရွယ်တဲ့ တိုက်ခိုက်မှုမှာ ပါဝင်မယ်လို့ ယူဆရတဲ့ လူ ၇ ဦးလည်း ထပ်မံထိန်းသိမ်းခဲ့ပါတယ်။

    Ref: IINA

  • အိန္ဒိယရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုကို ခံရ

    အိန္ဒိယရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ဟိန္ဒူအစွန်းရောက်များ၏ တိုက်ခိုက်မှုကို ခံရ

    မတ် ၇၊ ၂၀၁၆
    M-Media

    indian church

    – အိန္ဒိယနိုင်ငံရှိ ဟိန္ဒူအစွန်းရောက်အဖွဲ့တစ်ခုမှာ ယမန်နေ့က ခရစ်ယာန်ဘုရားကျောင်းတစ်ခုသို့ ၀င်ရောက်စီးနင်းကာ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ချာတစ်ဂါပြည်နယ် ခါမာရ်ဒီမြို့ရှိ ခရန်ယာန်ဘုကျောင်းတွင် ယမန်နေ့ဝတ်ပြုဆုတောင်းမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူအစွန်းအရောက်များမှာ ဘုရားကျောင်းအား ဖျက်ဆီးကာ ၀တ်ပြုသူများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

    “Bajrang Dal (ဟိန္ဒူအစွန်းရောက်အဖွဲ့) က အဖွဲ့ဝင်တွေဟာ ဘုရားကျောင်းထဲကို Jai Sri Ram (ရာမဘုရားအတွက်အောင်မြင်မှု) လို့ ညာသံပေးပြီး ၀င်ရောက်လာကြတာပါ။ အမျိုးသမီးတွေကိုတိုက်ခိုက်ပြီး သူတို့ရဲ့ အ၀တ်တွေကို ဆုတ်ဖြဲပစ်ခဲ့ကြပါတယ်။ ရင်ခွင်ပိုက်ကလေးတွေကိုလည်း ရိုက်နှက်ခဲ့ကြပါတယ်။ ဟိန္ဒူတွေက ဒီဘုရားကျောင်းမှာ ခရစ်ယာန်ကို ပြောင်းလာကြတယ်လို့ သူတို့ စွပ်စွဲတယ်။ သမ္မာကျမ်းစာနဲ့ ဘုရားကျောင်းနံရံမှာချိတ်ထားတဲ့ ပုံတော်တွေကို သူတို့ မရိုမသေ ပြုမူကြပါတယ်” ဟု ချာတစ်ဂါ ခရစ်ယာန်အဖွဲ့ ဥက္ကဌ အာရွန် ပန်နာလာလ်က ပြောကြားခဲ့သည်။

    နိုင်ငံအတွင်းရှိ လူနည်းစုဝင်များ အဆက်မပြတ် တိုက်ခိုက်ခံရမှုမှာ အစိုးရအတွက် ရှက်စရာကောင်းသည့်ကိစ္စ ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    “ဘုရားကျောင်းတက်သူတွေအပေါ် ဒီတိုက်ခိုက်မှုဟာ ချာတစ်ဂါပြည်နယ်မှာ လွန်ခဲ့တဲ့ ၅ ပတ်အတွင်း စတုတ္ထမြောက်ဖြစ်တဲ့ တိုက်ခိုက်မှုပါပဲ။ ကနဦးအစီရင်ခံစာရဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

    တိုက်ခိုက်မှုအပြီးတွင် ဘုရားကျောင်းအတွင်း၌ ကျိုးပဲ့နေသော တူရိယာများ၊ ခုံများ စုတ်ဖြဲထားသော စာရွက်များကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ စိတ်ဝင်တစားနဲ့ ၀တ်ပြုဆုတောင်းနေတဲ့အချိန်မှာ အမျိုးသားတွေက ၀င်လာပြီး ကျွန်တော်တို့ကို တိုက်ခိုက်တာပါ။ သူတို့ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကို တိုက်ခိုက်ကြတယ်။ သူတို့ ဘာမကျေနပ်တာရှိလဲလို့ မေးဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ဘာအဖြေမှ မလာပါဘူး။ ဒီနေရာကို လုံးဝ ဖယ်ရှားပေးရမယ်လို့လည်း သူတို့က ကြိမ်းဝါးခဲ့ပါတယ်” ဟု ဘုရားကျောင်းမှ ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ ရက်ရှ်မာက ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့ရသည်။

    Ref: Islamicnewsdaily

  • အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှုတစ်ခု ကနေဒါတွင် ပြုလုပ်

    အစ္စလာမ့်အသိပညာပေးလှုပ်ရှားမှုတစ်ခု ကနေဒါတွင် ပြုလုပ်

    မတ် ၇၊ ၂၀၁၆
    M-Media

    canada

    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် အစ္စလာမ်အပေါ် နားလည်မှုလွဲခြင်းကို ဖြေရှင်းရန်အတွက် ကနေဒါနိုင်ငံ ၀င်းဆောရ်မြို့ရှိ မွတ်စလင်များက ဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုများကို ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူ့အဖွဲ့အစည်းကို နွေးနွေးထွေးထွေး ကြိုဆိုဖို့နဲ့ မေတ္တာတရား၊ ငြိမ်းချမ်းရေး သတင်းစကားတွေ ဖြန့်ဝေပေးဖို့ပါပဲ” ဟု မြို့တွင်းရှိ ဘိုက်သွလ် အဟ်ဆန် ဗလီဝတ်ကျောင်းတော်မှ ပြောရေးဆိုခွင့်ရှိသူ အစ်ရ်ဖန်း အဟ်မဒ်က ပြောကြားခဲ့သည်။

    အဆိုပါ လှုပ်ရှားမှုများတွင် အစ္စလာမ်ကပြောသည့် ခန္တီတရား၊ ပညာရေးနှင့် အပြန်အလှန်လေးစားမှုတို့အကြောင်း ဟောပြောတင်ပြခြင်း၊ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အကြမ်းဖက်ဝါဒမှာ အစ္စလာမ်နှင့် မည်သို့မှ သက်ဆိုင်မှုမရှိကြောင်းကိုလည်း ဖြေရှင်းခဲ့ကြသည်။

    “အကြမ်းဖက်မှုပုံစံအားလုံးကို ကျွန်တော်တို့ ငြင်းပယ်ပါတယ်။ ဒီလို ပယ်ချလာတာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းကပါ” ဟု အဟ်မဒ်က ဆိုသည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုတွင် သတင်းအချက်အလက်မျှဝေခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား အင်္ဂလိပ်၊ စပိန်၊ ဂရိ၊ ဒက်ခ်ျ၊ နော်ဝေ၊ ဂျပန်၊ ကိုရီးယား၊ ဘန်ဂါလီ၊ ဟင်ဒီနှင့် အိန္ဒိယဒေသသုံး စကားများဖြင့် ဘာသာပြန်ထားသည့် စာအုပ်များကို ခင်းကျင်းပြသခြင်းတို့လည်း ပါဝင်ခဲ့သည်။ ထို့ပြင် တက်ရောက်လာသူများကို အစားအသောက်များဖြင့် တည့်ခင်းဧည့်ခံခဲ့ကြသည်။

    Ref: IINA

  • ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက သိမ်းပိုက်မှုကို ရပ်တန့်ရန် အင်ဒိုသမ္မတ တိုက်တွန်း

    ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက သိမ်းပိုက်မှုကို ရပ်တန့်ရန် အင်ဒိုသမ္မတ တိုက်တွန်း

    မတ် ၇၊ ၂၀၁၆
    M-Media

    indo

    – ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက သိမ်းပိုက်မှုကို အဆုံးသတ်ရန် အင်ဒိုနီရှားသမ္မတ ဂျိုကို ၀ီဒိုဒိုက တိုက်တွန်းခဲ့ပြီ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဟု ပြောကြားလိုက်သည်။

    ဂျကတာ၌ပြုလုပ်သော ပါလက်စတိုင်းနှင့် ဂျေရုစလင်ဆိုင်ရာ အိုအိုင်စီအဖွဲ့၏ ၅ ကြိမ်မြောက် အထူးထိပ်သီးအစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အိုအိုင်စီနိုင်ငံများအနေဖြင့် အစ္စရေး-ပါလက်စတိုင်း ပြဿနာအား ဖြေရှင်းမှု၏ အစိတ်အပိုင်းဖြစ်ရမည်ဟုလည်း သတိပေးခဲ့သည်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်းအဖြစ် အစ္စရေးဟာ တရားမ၀င်လုပ်ရပ်တွေ၊ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်မှာ ချမှတ်ထားတဲ့ ပေါ်လစီတွေကို ရပ်တန့်ပစ်ရပါလိမ့်မယ်။ အင်ဒိုနီးရှားနဲ့ အစ္စလာမ်ကမ္ဘာကလည်း ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ ကိုလိုနီပြုမှုနဲ့ အလ်-ကွဒ်စ် အလ်-ရှရစ်ဖ် (ဂျေရုစလင်) မှာ ထင်တိုင်းကြဲနေတာတွေကို အဆုံးသတ်ရေး တွန်းအားပေးဖို့အတွက် ခိုင်မာတဲ့ခြေလှမ်းတွေလှမ်းဖို့ လိုအပ်ပါတယ်” ဟု ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းမှာ ဂျေရုစလင်ကို ၎င်းတို့ အနာဂတ်နိုင်ငံ၏ မြို့တော်အဖြစ် ထားချင်နေသည်။ အိုအိုင်စီက ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ တောင်းဆိုမှုကြောင့် ပြုလုပ်ခြင်းဖြစ်ပြီး ပါလက်စတိုင်း ပိုင်နက်များအတွင်း ဆိုးရွားလာသော အခြေအနေများကို ဆွေးနွေးရန်နှင့် ပါလက်စတိုင်းလွတ်မြောက်ရေးအပေါ် အိုအိုင်စီ၏ ထောက်ခံမှုကို ပိုမိုခိုင်မာစေရန်အတွက်လည်း ဖြစ်သည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကမူ အစ္စရေးဘက်မှ ဆက်လက်လုပ်ဆောင်နေသော တရားမ၀င်အိမ်ယာများ ဆောက်လုပ်မှုက နှစ်နိုင်ငံအဖြေကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။ ဂျကာတာ၌ ပြုလုပ်ပြီး ၂ ရက်တာ ကြာမြင့်မည့် ယခုထိပ်သီးအစည်းဝေးကို အိုအိုင်စီအဖွဲ့ဝင် ၅၇ နိုင်ငံမှ ၄၉ နိုင်ငံ တက်ရောက်ခဲ့ကြသည်။

    Ref: IINA

  • တရုတ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း တစ်လကြာ ပိတ်မိသေဆုံး

    တရုတ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း တစ်လကြာ ပိတ်မိသေဆုံး

    မတ် ၇၊ ၂၀၁၆
    M-Media

    lift
    ပုံ ၁ – ပိတ်မိသေဆုံးခဲ့သည့် ဓာတ်လှေကား ပုံ ၂ – ဓာတ်လှေကားတည်ရှိရာ အဆောက်အဦး

    – တရုတ်နှစ်သစ်ကူးအတွက် တစ်လတာ ပိတ်ရက်ယူခဲ့ပြီးနောက် လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လာတဲ့ ဓာတ်လှေကား ထိန်းသိမ်းပြုပြင်သူတွေဟာ ပျက်နေတဲ့ ဓာတ်လှေကားအခန်းငယ်အတွင်းမှာ အမျိုးသမီးတစ်ယောက် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

    နိုင်ငံအလယ်ပိုင်း ရှန်ဇီပြည်နယ် ရှီအန်မြို့က လူနေအဆောက်အဦးတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးဟာ ဇန်န၀ါရီလကတည်းက ဓာတ်လှေကားမှာ ပိတ်မိနေကာ အစာငတ်ပြီး သေဆုံးခဲ့တာပါ။ ဒါဟာ ဓာတ်လှေကား ပြုပြင်ထိန်းသိမ်းရေး ကုမ္ပဏီနဲ့ အဆောက်အဦး စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဂရုမစိုက်မှုကြောင့် ဖြစ်ပွားတာဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

    ယင်းအဆောက်အအုံရဲ့ မန်နေဂျာဖြစ်သူက ဓာတ်လှေကား ပျက်သွားပြီးတဲ့နောက် ပထမထပ်သို့ ပြန်ရွှေ့ထားခဲ့ပြီး အလုပ်သမားတွေက ဓာတ်လှေကားထဲမှာ ဘယ်သူမှမရှိကြောင်း အတည်ပြုပြီးမှ ၀န်ဆောင်မှုရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုတွေရတော့ အလုပ်သမားတွေက အထဲမှာ ဘယ်သူ ရှိ၊ မရှိ စစ်ဆေးဖို့ ရိုးရိုးလေး အော်ပြောခဲ့ရုံသာရှိပြီး ဓာတ်လှေကားဖွင့်ကာ မျက်မြင်စစ်ဆေးတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

    အာဏာပိုင်တွေက ဒီကိစ္စဟာ ဓာတ်လှေကားပြင်ဆင်ရေးကုမ္ပဏီရဲ့ လုံးဝ ပေါ့လျော့မှုသာဖြစ်ပြီး တာဝန်ရှိသူအနည်းဆုံး တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    သေဆုံးခဲ့သူဟာ အသက်သုံးဆယ်ကျော် လေးဆယ်ဝန်းကျင်လောက်ဖြစ်မယ်လို့ ယူဆရပြီး သူမရဲ့ မျိုးနွယ်အမည် ၀ူ ဖြစ်တယ်လို့သာ သိရပါသေးတယ်။ စုံစမ်းစစ်ဆေးသူတွေက သူမအလောင်းကို တွေ့ရှိစဉ် သူမရဲ့လက်တွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ဓာတ်လှေကားတံခါးဖွင့်ဖို့ အသည်းအသန်ကြိုးစားခဲ့တာကြောင့်လို ဆိုပါတယ်။

    တရုတ်နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဓာတ်လှေကားပြင်ဆင်ဖို့ တစ်လကြာစောင့်ဆိုင်းရတာမျိုး ဖြစ်လေ့ဖြစ်ထမရှိပေမယ့် စီးပွားရေးလုပ်ငန်းများနဲ့ ၀န်ဆောင်မှုလုပ်ငန်းအတော်များများဟာ နှစ်သစ်ကူးအားလပ်ရက်အတွင်း လုပ်ငန်းနှောင့်နှေးကြန့်ကြာတာမျိုးတွေ ရှိတတ်ပါတယ်။

    နှစ်သစ်ကူးအတွက် တရားဝင်ပိတ်ရက်ဟာ ရက်သတ္တပတ် တစ်ပတ်သာဖြစ်သော်လည်း အလုပ်သမားအများစုက နှစ်သစ်ကူးမလာခင်နဲ့ လာပြီးအချိန်ထိ တစ်လကြာအောင် ခွင့်ယူလေ့ရှိပါတယ်။

    Ref: latimes.com