News @ M-Media

Blog

  • ဒိန်ချဉ်စားခြင်းက သွေးတိုးရောဂါအန္တရာယ်ကို လျှော့ချနိုင်

    ဒိန်ချဉ်စားခြင်းက သွေးတိုးရောဂါအန္တရာယ်ကို လျှော့ချနိုင်

    မတ် ၇၊ ၂၀၁၆
    M-Media

    yogurt

    – တစ်ပတ်မှာ ငါးကြိမ်ထက်ပိုပြီး ဒိန်ချဉ်သောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေအနေနဲ့ သွေးတိုးဖြစ်နိုင်ချေ နည်းပါးတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

    လူထောင်ပေါင်းများစွာကို လေ့လာစမ်းသပ်ရာမှာ တွေ့ရှိခဲ့တဲ့ အဆိုပါလေ့လာမှုအရ ဒိန်ချဉ်ဟာ သွေးဖိအားမြင့်တက်မှု ငါးပုံတစ်ပုံ လျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရပြီး ဒီစမ်းသပ်ချက်ကို တစ်လမှ တစ်ကြိမ်သာ ဒိန်ချဉ်စားသုံးလေ့ရှိသူတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်ပါတယ်။

    အကျိုးသက်ရောက်မှုဟာ အမျိုးသမီးတွေမှာ ထင်ရှားလေ့ရှိပြီး အမျိုးသားတွေက ဒိန်ချဉ်စားသုံးမှုနည်းတယ်လို့ သုတေသီများက ဆိုပါတယ်။ တစ်ပတ်ငါးကြိမ်လောက် ဒိန်ချဉ်စားခြင်းရဲ့ အကျိုးကျေးဇူးဟာ သစ်သီးသစ်နှံ၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးစားသုံးသူတွေထက် ပိုပြီး အကျိုးကျေးဇူးကြီးတယ်လို့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။

    ဒိန်ချဉ်ကို တစ်ပတ် ၅ ကြိမ်လောက် စားသုံးသူတွေဟာ တစ်လမှာ တစ်ကြိမ်လောက် စားတတ်သူတွေနဲ့ ယှဉ်ရင် သွေးဖိအားမြင့်တက်မှု ၃၁ ရာခိုင်နှုန်းလောက် လျော့ကျတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

    “ဘယ်အစားအစာမှ ခုစားခုပျောက်တဲ့ အစွမ်းသတ္တိမျိုး မရှိပါဘူး၊ ဒါပေမယ့် ကိုယ်ရဲ့နေ့စဉ်စားသုံးမှုမှာ ဒိန်ချဉ်ပါ ပါဝင်နိုင်မယ်ဆိုရင်တော့ အမျိုးသမီးတွေမှာ နာတာရှည် သွေးတိုးရောဂါတွေ ဖြစ်ခြင်းကနေ လျှော့ချပေးနိုင်ပါတယ်” လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ ဘော်စတွန် ဆေးဘက်ဆိုင်ရာတက္ကသိုလ်က ပါရဂူဘွဲ့ တက်ရောက်နေသူ ဂျက်စတင် ဘွန်ဒီယာက ပြောကြားခဲ့ပါတယ်။

    ဒီစမ်းသပ်မှုမှာ လူ ၂၄၀၀၀၀ ကျော် ပါဝင်ခဲ့ပြီး အထူးသဖြင့် အသက် ၂၅ နှစ်ကနေ ၅၅ နှစ်ကြား အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒိန်ချဉ်ဟာ သွေးဖိအားကို ဘယ်လိုလျှော့ချပေးလဲ ဆိုတာကိုတော့ မရှင်းပြနိုင်ခဲ့ပါဘူး။

    Ref: IINA

  • နိုင်ငံအတွင်းရှိ IS အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ ပြော

    နိုင်ငံအတွင်းရှိ IS အဖွဲ့ကို ချေမှုန်းနိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ ပြော

    မတ် ၆၊ ၂၀၁၆
    M-Media

    afg is

    – နိုင်ငံအရှေ့ပိုင်းရှိ ဝေလံခေါင်ဖျားသော ဒေသအချို့ကို သိမ်းယူထားခဲ့သည့် IS အဖွဲ့ကို ချေမှုန်း သုတ်သင်နိုင်ခဲ့ပြီဟု အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ယနေ့တွင် ပြောကြားလိုက်သည်။

    ပါလီမန်၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး နန်ဂါဟာရ်ပြည်နယ်မှ IS အဖွဲ့များကို သုတ်သင်နိုင်ခဲ့ကြောင်း၊ အာဖဂန်မှာ IS အဖွဲ့အတွက် သင်္ချိုင်းဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ အာဖဂန်တပ်ဖွဲ့ဝင်များမှာ အာချင်နှင့် ရှင်န၀ါရ် ခရိုင်များသို့ ၂၁ ရက်တာ တိုက်ခိုက်မှု အောင်မြင်ခဲ့ပြီး IS သစ္စာခံပေါင်း အနည်းဆုံး ၂၀၀ ကို သတ်ဖြတ် သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။

    အာဖဂန်တွင် IS အဖွဲ့ ရှိနေခြင်းမှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး IS အဖွဲ့ဝင်များက ၎င်းတို့မှာ တာလီဘန်နှင့် ဘာမှမဆိုင်ဟု ပြောကြားခဲ့ကြသည်။ အာဖဂန်ရှိ IS အဖွဲ့မှာ အာချင်ပြည်နယ်တွင် တစ်နာရီကြာမြင့်သည့် ရေဒီယိုထုတ်လွှင့်မှု စခန်းကိုပင် ဖွင့်လှစ်ခဲ့ကြသည်။

    Ref: Aljazeera

  • ဇာတ်နိမ့်သူကို ယူမိသည့်အတွက် အိန္ဒိယအမျိုးသမီးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

    ဇာတ်နိမ့်သူကို ယူမိသည့်အတွက် အိန္ဒိယအမျိုးသမီးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ

    မတ် ၆၊ ၂၀၁၆
    M-Media

    india 8

    – အိန္ဒိယနိုင်ငံရှိ အမျိုးသမီးတစ်ဦးမှာ ဇာတ်နိမ့်အမျိုးသားကို လက်ထပ်ထိမ်းမြားမိသည့်အတွက် မိသားစုဝင်များ၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရသည်ဟု သိရသည်။

    ‘မြင့်မြတ်သော သတ်ဖြတ်ခြင်း’ ဟု အိန္ဒိယတွင် လူသိများသည့် အဆိုပါအဖြစ်အပျက်မှာ နိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အက် ၃၀ အရွယ် ရာမာ ကွန်ဝါရ်ဆိုသူ အမျိုးသမီးမှာ လွန်ခဲ့သည့် ၈ နှစ်အရင်က ဇာတ်နိမ့်အမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး မိဘများ ခွင့်လွှတ်မည်ထင်၍ အိမ်သို့ ပြန်လာစဉ် ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ကွန်ဝါရ်၏ အကိုများမှာ ၎င်းအား စိတ်ဆိုးနေဆဲဖြစ်ပြီး ခင်ပွန်းဘက်မှ တော်စပ်သော အမျိုးများအိမ်သို့ သွားရောက်သောကြောင့် ဒေါသပိုမိုပေါက်ကွဲကာ အိမ်မှဆွဲထုတ်၍ မီးရှို့သတ်ဖြတ်ခဲ့ကြသည်။

    “မိဘတွေက သူ့ကို လက်ခံမယ်လို့ သူက ထင်ခဲ့တာပါ။ ဒါပေမယ့် သူ့အစ်ကိုတွေက သူရွာမှာရှိတာကို သိသိချင်းမှာပဲ အိမ်ကိုလာပြီး ဆွဲထုတ်သွားကြပါတယ်။ ကောင်မလေးက အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့် ဘယ်သူမှ လာမကယ်ကြပါဘူး။ သက်သေခံအထောက်အထားတွေ ဖျောက်ဖျက်ဖို့ သူတို့ဟာ ကောင်မလေးအလောင်းကို ညတွင်းချင်းပဲ သင်္ဂြိုဟ်ခဲ့ပါတယ်” ဟု ဒွန်ဂါပူရ် ခရိုင်မှ ရဲတပ်ဖွဲ့အကြီးအကဲ ဘရစ်ဂ်ျရန် ဆင်းက ပြောကြားခဲ့သည်။

    ကွန်ဝါရ်၏ ယောက္ခမဖြစ်သူမှာ ထိုအဖြစ်အပျက်အား ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီးနောက် သက်သေခံအထောက်အထားများ ရယူရန်အတွက် ရဲတပ်ဖွဲ့က မီးသင်္ဂြိုဟ်မှုအား ရပ်ဆိုင်းခဲ့သည်။ ထို့နောက် ကွန်ဝါရ်၏ အကိုတစ်ဦးနှင့် အခြား လူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အခြား သံသယရှိသူများကိုလည်း ရှာဖွေနေသည်ဟု ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ဆင်းက ပြောကြားခဲ့သည်။

    ဇာတ်မတူသူများ လက်ထပ်သည့်အတွက် သတ်ဖြတ်သည့်ဓလေ့မှာ အိန္ဒိယတွင် ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ပြီး အထူးဖြင့် ကျေးလက်ဒေသများတွက် ကျင့်သုံးကြသည်။ အိန္ဒိယ တရားရုံးချုပ်ကမူ ထိုသတ်ဖြတ်မှုတွင် ပါဝင်သောသူများအား သေဒဏ်ပေးရန်အတွက် ၂၀၁၁ ခုနှစ်တွင် ဥပဒေပြဌာန်းခဲ့သည်။

    Ref: Arab

  • ဒိုင်လုပ်ငန်းတွင် ဗီဒီယိုအကူအညီမှာ စိတ်ပျက်စရာဟု ကော်လီနာပြော

    ဒိုင်လုပ်ငန်းတွင် ဗီဒီယိုအကူအညီမှာ စိတ်ပျက်စရာဟု ကော်လီနာပြော

    မတ် ၆၊ ၂၀၁၆
    M-Media

    colina

    – ယနေ့ခေတ်တွင် မိမိမှာ ဗီဒီယိုအကူအညီဖြင့် ဒိုင်လုပ်ရပါက စိတ်ပျက်လိမ့်မည်ဟု နာမည်ကျော် ကမ္ဘာ့ဖလားဒိုင်လူကြီးဟောင်း ပီယာလီဂွီ ကော်လီနာက ပြောကြားလိုက်ပြီး လက်ရှိ လူကျွံဘောစည်းမျဉ်းများကိုလည်း တိုးတက်အောင် ပြောင်းလဲသင့်သည်ဟု ဆိုသည်။

    နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ IFBA မှာ ဒိုင်လူကြီးများ ဆုံးဖြတ်ချက်ချရာတွင် ဗီဒီယိုအနှေးပြကွက် ပြန်လည်ကြည့်ရှုမှုစနစ်ကို အစမ်းသဘောအနေဖြင့် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်ဟု ဖီဖာဥက္ကဌသစ် ဂီယန်နီ အင်ဖန်တီနိုက စနေနေ့တွင် ပြောကြားခဲ့ပြီးနောက် ကော်လီနာ၏ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    အဆိုပါ စနစ်ကို ၂၀၁၇-၁၈ ဘောလုံးရာသီ ပွဲများတွင် လက်တွေ့စမ်းသပ်အသုံးပြုရန် ရှိနေသည်။ ထို့ပြင် ဝေးလ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် IFBA ၏ အစည်းအဝေးတွင် ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုအတွက် ၃ ထပ်ကွမ်းအပြစ်ပေးခြင်း (ပင်နယ်တီ၊ အနီကဒ်နှင့် ပွဲပယ်ပြစ်ဒဏ်) တို့ကို ဖျက်သိမ်းရန်လည်း ပါဝင်သည်။

    “တကယ်လို့ ဒီနေ့မှာ ကျွန်တော်က ဒိုင်လူကြီးတစ်ယောက် ဖြစ်မယ်ဆိုရင်၊ ပုံရိပ်တွေကို အခြေခံပြီး ဆုံးဖြတ်ရတာကို ကျွန်တော် စိတ်ပျက်မိမှာပါ။ အဲဒီပုံရိပ်တွေကို ကျွန်တော် သုံးစရာမလိုသလို ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုနဲ့လည်း ဘာမှ မပတ်သက်ပါဘူး။ ဘောလုံးလောက ဖွံ့ဖြိုးရမယ်လို့ အင်ဖန်တီနိုပြောတာကို ကျွန်တော် သဘောတူပါတယ်။ အခု ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ လေ့လာရမယ်။ အဲဒီနောက်မှာ ပွဲရဲ့အခြေအနေအပေါ် ဒါတွေက ဘယ်လောက်နဲ့ ဘယ်လို သက်ရောက်နိုင်သလဲဆိုတာကို စဉ်စားပြီး ဆုံးဖြတ်ရမှာပါ။ ရည်ရွယ်ချက်က ပွဲကို လွယ်ကူစေဖို့ ဖြစ်ပါတယ်” ဟု ကော်လီနာက ပြောကြားခဲ့သည်။

    သို့သော်လည်း ၃ ထပ်ကွမ်းအပြစ်ပေးမှု ဖယ်ရှားခြင်းကို ကြိုဆိုကြောင်း၊ အကူဒိုင်များ၏ အမြင်အာရုံမှာ အကန့်အသတ်ရှိသောကြောင့် လူကျွံဘော ဥပေဒကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

    Ref: Goal

  • နောက် ၅ နှစ်အတွင်း တရုတ်လူဦးရေ ၄၅ သန်း တိုးမည်

    နောက် ၅ နှစ်အတွင်း တရုတ်လူဦးရေ ၄၅ သန်း တိုးမည်

    မတ် ၆၊ ၂၀၁၆
    M-Media

    china population

    – တရုတ်နိုင်ငံက နောက်ငါးနှစ်အတွင်းမှာ လူဦးရေ ၄၅ သန်း ၀န်းကျင်လောက် တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာ စပိန်နိုင်ငံလူဦးရေလောက်ရှိတဲ့ ပမာဏပဲ ဖြစ်ပါတယ်။

    ကလေးတစ်ဦးမူဝါဒ ဖျက်သိမ်းအပြီး ကြီးထွားလာမယ့် လူဦးရေကို ရင်ဆိုင်ရမယ့်အတွက်ကြောင့် ဒီလို ခန့်မှန်းလိုက်တာဖြစ်ပြီး အမျိုးသားပြည်သူ့ကွန်ဂရက်မှာ တင်သွင်းခဲ့တဲ့ ငါးနှစ်တာ စီမံကိန်းမူကြမ်းမှာ ၂၀၂၀ ခုနှစ်ရောက်ရင် တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်းပေါင်း ၁၄၀၀၀ ၀န်းကျင်လောက် ရှိလာမယ်လို့ ဖော်ပြထားပါတယ်။

    ဒါဟာတစ်အိမ်ထောင် ကလေးတစ်ယောက်သာ မွေးဖွားရမယ်ဆိုတဲ့ ပြဌာန်းချက် ရှိနေတဲ့အချိန် ၂၀၁၁ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ ခန့်မှန်းချက်ထက် ခြားနားနေပါတယ်။ အဲဒီတုန်းက စီမံကိန်းထဲမှာ ၂၀၁၅ ခုနှစ်အထိ လူဦးရေ သန်းပေါင်း ၁၃၉၀ အတွင်းသာ ထိန်းသိမ်းထားမယ်လို့ ကတိပြုထားတာပါ။

    ယခုနှစ်မှာ တရုတ်အစိုးရဟာ တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒကို ဖြေလျှော့ပေးလိုက်ပြီး ကလေးနှစ်ယောက်ထိ ယူခွင့်ပြုလိုက်ပါတယ်။ သို့သော်လည်း မိဘတော်တော်များများက ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် တစ်ယောက်ထက် ပိုယူလိုစိတ် မရှိကြပါဘူး။

    ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်းမှာ တရုတ်လူဦးရေဟာ ၃၃ သန်း တိုးပွားလာခဲ့ရာကနေ ၂၀၂၀ မှာ လူဦးရေတိုးပွားမှုဟာ သိသိသာသာ မြင့်မားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။၂၀၁၅ အဆုံးပိုင်းမှာ တရုတ်နိုင်ငံရဲ့ လူဦးရေဟာ သန်းပေါင်း ၁၃၇၀ ရှိခဲ့ပြီး ကလေးမွေးဖွားမှုကတော့ ၃၂၀၀၀၀ လောက် ကျဆင်းခဲ့တယ်လို့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

    တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ်ကြောင့် တရုတ်ပြည်သူတွေဟာ ယောင်္ကျားလေးသာ ပိုမိုရွေးချယ်လေ့ရှိပြီး မိန်းကလေးကိုယ်ဝန်ကို ဖျက်ချလေ့ရှိတာကြောင့် နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လိင်အချိုးအစား မမျှတမှုကို ဖြေရှင်းပေး မယ်လို့ တရုတ်အစိုးရက ကတိပြုခဲ့ပါတယ်။

    တရုတ်နိုင်ငံဟာ ၁၉၇၀ နှောင်းပိုင်းလောက်မှာ တစ်အိမ်ထောင်ကလေးတစ်ယောက်မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီး ၁၉၈၀ နဲ့ ၂၀၁၄ ကြားအတွင်းမှာ ယောင်္ကျား၊ မိန်းမ အချိုးဟာ ၁၁၄း၇ ရှိခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အမျိုးသား သန်း ၃၀ ကျော်ဟာ မိန်းမ မရှိဘဲ တစ်ကိုယ်တည်းနေထိုင်သွားရမယ့်အန္တရာယ် ရှိနေပါတယ်။

    အမျိုးသား စာရင်းအင်းဗျူရိုကတော့ အဲဒီ လိင်မညီမျှမှုအချိုးဟာ မနှစ်က ၁၁၃.၅၁ လောက်ရှိတယ်လို့ ဇန်န၀ါရီမှာ ပြောကြားခဲ့ပါတယ်။

    Ref; Channel News Asia