News @ M-Media

Blog

  • ဘယ်သူ သမ္မတ ဖြစ်မလဲ ?

    ဘယ်သူ သမ္မတ ဖြစ်မလဲ ?

    007
     သမ္မတ အသစ်ရွေးချယ်တင်မြှောက်မည့် ပြည်ထောင်စုလွှတ်တော်

    မတ်လ ၄  ၊ ၂၀၁၆
    မာန်ထက်သျှံ ရေးသည်။

    ယခုသီတင်းပတ်အတွက် လူအများ စိတ်ဝင်စားသောသတင်းကတော့ မြန်မာပြည်မှာ ဘယ်သူသမ္မတဖြစ်လာမယ် ဆိုတာပါပဲ။ ပြည်ထောင်စုလွှတ်တော်က မကြာမီ ရက်ပိုင်းက သမ္မတရွေးချယ်ရေးကို မတ်လ ၁၇ ရက်နေ့ အစား မတ်လ ၁၀ရက်နေ့တွင် ပြောင်းလဲလုပ်မည်ဟု ကြေညာအပြီး စာနယ်ဇင်း မီဒီယာတွေမှာရော၊ အွန်လိုင်း လူမှုကွန်ရက်များမှာပါ ပိုမို ပွက်လောရိုက်ခဲ့ပါတယ်။

    ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ ထိလွယ်ရှလွယ်ပြီး အလွန်ဖြေးညှင်းစွာ ကိုင်တွယ်နိုင်ဖို့ အရေးကြီးပါတယ်။ သမ္မတရာထူး လက်ခံပြီး သမ္မတတာဝန် ထမ်းဆောင်ခွင့်ရသူဟာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေ အတားအဆီးတွေကို တွန်းကန်ဖယ်ရှားရမှာပါ။

    တကယ်တော့ နိုင်ငံတော် သမ္မတရာထူးကိုရယူ၍ တိုင်းပြည်ကို ဦးဆောင်ချင်သူများ ရှိပါတယ်။ စစ်တပ်အကြီးအကဲဟောင်း သူရဦးရွှေမန်းဟာ ၎င်းရဲ့ ပထမအကြိမ် လွှတ်တော် သက်တမ်း ပြည်သူ့လွှတ်တော်ဥက္ကဌ လုပ်စဉ် အမေရိကန် ခရီးစဉ်မှာ မိမိသမ္မတ လုပ်ချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အလားတူ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း သမ္မတရာထူးအတွက် မျှော်မှန်းကြောင်း အများပြည်သူကို ထုတ်ပြောဖူးပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်မှလည်း အစောပိုင်းကာလများမှာ ပြည်သူက ဆက်တောင်းဆိုလျှင် သမ္မတရာထူး ဆက်ထမ်းဆောင်ပါမယ်လို့ ဆိုခဲ့ပါတယ်။

    သို့သော် သူရဦးရွှေမန်းဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ဥက္ကဌရာထူးနဲ့ဦးဆောင်နေပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း သူ့ရဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဆက်လက် ဦးဆောင်မယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဟာလည်း အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နဲ့ငြိ နေတဲ့အတွက် နှောင့်နှေးနေရပါတယ်။

    ဤသို့ဆိုလျှင် ဘယ်သူသမ္မတ ဖြစ်လာမယ်ဆိုတာက ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာပါတယ်။

    သမ္မတ ရွေးချယ်တဲ့နေရာမှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒု-သမ္မတလောင်းတစ်ဦး၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒု-သမ္မတလောင်း တစ်ဦး၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်းမှ တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒု-သမ္မတလောင်းတစ်ဦးရဲ့ အမည်စာရင်းကို အသီးသီး တင်သွင်းရမှာပါ။ ထို ဒု-သမ္မတလောင်း သုံးဦးကို ပြည်ထောင်စုလွှတ်တော်မှာ မဲပေးရွေးချယ်စေပြီး မဲအများဆုံးရသူက သမ္မတ၊ ဒုတိယ မဲအများဆုံး ရသူက ဒု-သမ္မတ (၁)နဲ့ နောက်ဆုံး တစ်ယောက်ကတော့ ဒု-သမ္မတ(၂) ဖြစ်မှာပါ။ မတ်လ ၁၀ရက်နေ့မှာ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဒု-သမ္မတလောင်း အမည်စာရင်းများ တင်သွင်းဖွယ်ရှိနေပြီး အမည်စာရင်းတစ်ဦးထက် ပိုနေပါက ထိုအစုအဖွဲ့ထဲမှာ ပဏာမ စိစစ်ရွေးချယ်ရဦးမှာပါ။

    လက်ရှိကာလမှာ မဲဆန္ဒရှင်ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် မြင်ချင်ကြပေမယ့် ဒေါ်စု သမ္မတ ဖြစ်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ဟာ အဟန့်အတားဖြစ်နေပါတယ်။ ထိုပုဒ်မကို ယာယီဆိုင်းငံ့ဖို့ ဥပဒေထုတ်ပြန်ဖို့ ပညာရှင်တချို့ သုံးသပ်တင်ပြချက်တွေရှိသလို ထိုပုဒ်မကို မပြင်ဖို့ အမျိုးသားရေးဗန်းပြ ဟစ်အော်သူများလည်း တွေ့ရပါတယ်။ လွှတ်တော်ထဲမှာ အနိုင်ရပါတီဟာ NLD ပါတီဖြစ်လို့ ဒု-သမ္မတလောင်း ၂ဦးကတော့NLD ပါတီမှပဲ ဖြစ်လာမယ်လို့ တပ်အပ်ပြောလို့ရပါတယ်။ တပ်ဖက်က ရွေးချယ်ပေးလိုက်တဲ့ ဒု-သမ္မတလောင်းကတော့ တပ်မှ ယူနီဖောင်း ချွတ်မည့်သူ ဒါမှမဟုတ် ယခင် ပြည်ခိုင်းဖြိုးပါတီမှ တစ်ဦးဦး ဖြစ်နိုင်ပါတယ်။ ထို၃ဦးအနက် ထပ်မံရွေးချယ်ရင်လည်း NLD အမတ်အများစု လွှမ်းမိုးထားသော လွှတ်တော်မှ တင်မြှောက်သော ဒု-သမ္မတလောင်းဟာ သမ္မတ ဖြစ်လာမှာတော့ ဧကန်မလွဲပင်။

    မကြာသေးမီ ရက်ပိုင်းက NLD ပါတီရဲ့ ရင်းမြစ်သတင်းများအရ ဦးထင်ကျော်နဲ့ ဦးမျိုးအောင်တို့ကို ဒု-သမ္မတလောင်းများအဖြစ် အမည်စာရင်း တင်သွင်းရန် လျာထားကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အတိအကျကိုတော့ မသိရသေးပါ။ NLD ပါတီမှ ထိုကဲ့သို့ တင်မြှောက်လိုက်ပါက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မည့်သို့ဖြစ်လာမည် ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သူမဟာ လတ်တလောအချိန် လွှတ်တော်လုပ်ငန်းအတွင်းမှာ အချိန်ကုန်ဆုံးနေပြီး ကျန်ဗဟိုအလုပ်အမှုဆောင် များက ပါတီရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နေရပါတယ်။

    NLD ပါတီမှ ဦးဝင်းထိန်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် အနှေးနဲ့ အမြန်သာကြာပြီး သမ္မတဖြစ်ရန်ကိစ္စသည် ဖြစ်ကို ဖြစ်ရမယ်လို့သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ ထိုနည်းတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှာကို ပိတ်ကားပေါ်မှာ ကြည့်ပါလို့ NLD ပါတီ နာယက သူရဦးတင်ဦးက ပြောခဲ့ပါတယ်။

    ဒီလိုဆိုလျှင် ၅၉(စ)နဲ့ ဟန့်တားခံထားရတဲ့ ဒေါ်စု သမ္မတ ဖြစ်ရေးဟာ နီးမလိုနဲ့ဝေး၊ ဝေးမလိုနဲ့ နီးသလို ဖြစ်နေပါတယ်။ NLD အမတ်အများစုရှိရာ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ အနေနဲ့ရော ကျန်ပါတီငယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ် များကို မည်သို့မည်ပုံ စည်းရုံးပြီး ၅၉(စ) ပြင်ဆင်ရေးကိစ္စတွေ ကျန်ကိစ္စတွေမှာပါ မည်သို့မည်ပုံဆက်ဆံဆောင်ရွက်မလဲဆိုတာလည်း စောင့်ကြည့်ရမှာပါ။

    မြန်မာ့အရေးလေ့လာသူ လယ်ရီဂျေဂင်ကတော့ NLD သတင်း ရင်းမြစ်များကို ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည့် ဟာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ သူမ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာလျှင် သြဇာခံသမ္မတ ဖြစ်လာပြီး နိုင်ငံတကာ ခရီးစဉ်များ သမ္မတသွားသည့်အခါ နိုင်ငံခြားရေးဝန်ကြီး လိုက်ပါ ထိန်းကျောင်း နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ အရေးကြီးသော ကိစ္စရပ်များ၊လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) မှာလည်း ပါဝင်နိုင်မယ့် တစ်ခုတည်းသော အရပ်သား ဝန်ကြီး ရာထူးဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ သူမ လက်ရှိသမ္မတ မဖြစ်နိုင်သေးလျှင် သူမတင်မြှောက်သော သမ္မတရဲ့ အထက်မှာ ရှိနေမှာဖြစ်ပါတယ်။ သက်တမ်းတစ်ခုရောက်ရင်တော့ သမ္မတရာထူးကို လက်ခံဖို့ဖြစ်ပါတယ်။ သို့ဆိုလျှင် သူမဟာ သမ္မတ မဖြစ်သေးဘဲ လက်ရှိမှာ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို လက်ခံမှာလားဆိုတာလည်း ပုစ္ဆာတစ်ပုဒ် ဖြစ်လာပါတယ်။

    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ၅၉(စ)ကို ပြင်ဆင်စရာမလိုပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဟာ သူမ သားသမီးများ မြန်မာနိုင်ငံသားများ အဖြစ် လျှောက်ထားရင် ဖြစ်နိုင်ပါတယ်လို့ ထောက်ပြပါတယ်။ အကယ်၍ သူမ သားသမီးများ မြန်မာနိုင်ငံသားအဖြစ် လျှောက်ရင်ရော လက်ခံမှာလားဆိုတာကတော့ ဘာမှ မပြောထားပါဘူး။

    လက်ရှိ နိုင်ငံရေး အနေအထားများနဲ့ ဆက်စပ်တွေးကြည့်ရင် ဘယ်သူဟာ သမ္မတဖြစ်သင့်တယ် ဆိုတာကတော့ သိသာပေါ်လွင်နေပါတယ်။မတ်လ ၁၀ရက်နေ့မှစပြီး သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ ဝန်ကြီးဌာနများ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်း တင်သွင်း အတည်ပြုမှုများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များ ရွေးချယ် ခန့်အပ်ခြင်းတွေကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မတ်လ ၃၀ရက်နေ့မှာတော့ နိုင်ငံတော် သမ္မတတာဝန် လွှဲပြောင်းရေး အခမ်းအနားကို ကျင်းပမယ်လို့ NLD နဲ့ လက်ရှိ အစိုးရတို့ ပူးပေါင်းထားတဲ့ အသွင်ကူးပြောင်းရေးကော်မတီမှ သိရပါတယ်။

    “ကဲ… ဘယ်သူ သမ္မတ ဖြစ်မလဲ?” ဆိုတာကတော့ လက်ရှိမှာ မြန်မာပြည်သူများ ရင်သပ်ရှုမောဖွယ် စောင့်ဆိုင်းနေရသော လျှိုဝှက်သဲဖို မေးခွန်း တစ်ခုပင်။      ။

  • ကမ္ဘာကျော်ခဲ့သည့် ဆီးရီးယားဒုက္ခသည်ကလေးငယ် သေဆုံးမှုအတွက် တူရကီက လူ ၂ ဦးကို ထောင်ချ

    ကမ္ဘာကျော်ခဲ့သည့် ဆီးရီးယားဒုက္ခသည်ကလေးငယ် သေဆုံးမှုအတွက် တူရကီက လူ ၂ ဦးကို ထောင်ချ

    မတ် ၄၊ ၂၀၁၆
    M-Media

    kurdi

    – လှေမှောက်၍ ရေနစ်သေဆုံးကာ ကမ်းခြေတွင် လာတင်နေပြီး ကမ္ဘာတစ်ဝှမ်းမှ ဂရုဏာသက်ခဲ့ရသည့် ဆီးရီးယားမှ ၃ နှစ်အရွယ် ဒုက္ခသည်ကလေးငယ် အလန်ကာရ်ဒီ အပါအ၀င် လူ ၅ ဦး ရေနစ်သေဆုံးမှုအတွက် လူကုန်ကူးသူ ၂ ဦးကို တူရကီတရားရုံးက ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း တမင်လစ်လျူရှုမှုကြောင့် သေဆုံးရသည်ဟူသော စွဲချက်ကိုမူ တရားရုံးက ပယ်ချခဲ့သည်။

    အသက် ၃ နှစ်ရွယ် ကာရ်ဒီလေးမှာ မိသားစုနှင့်အတူ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တူရကီမှ ဂရိသို့ လှေဖြင့်ကူးရန် ကြိုးစားစဉ် လှေမှောက်ကာ မိခင်၊ အစ်ကိုတို့နှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မိသားစုတွင် ဖခင်ဖြစ်သူ အဘ်ဒူလာကာရ်ဒီ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

    တူရကီရှိ ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အသက်မဲ့နေသော ကာရ်ဒီလေး၏ ဓာတ်ပုံမှာ ထိုအချိန်က ဆိုရှယ်မီဒီယာများတွင် ချက်ခြင်း ပြန့်နှံ့သွားခဲ့ပြီး ဆီးရီးယားစစ်ပွဲကြောင့် ၂၀၁၁ ခုနှစ် မတ်လကတည်းက စတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဆီးရီးယားဒုက္ခသည်များ၏ ဒုက္ခသုက္ခအပေါ် ကမ္ဘာတစ်ဝှမ်းမှ စာနာနားလည်မှုများ မြင့်တက်လာခဲ့သည်။

    ၂၀၁၅ ခုနှစ်အတွင်း ဥရောပသို့ရောက်ရှိရန် မြေထဲပင်လယ်သို့ ဖြတ်သန်း၍ လာရောက်စဉ် သေဆုံးခဲ့သည့် ဒုက္ခသည်အရေအတွက်မှာ ၃၇၇၁ ဦးရှိပြီး၊ ၂၀၁၄ ခုနှစ်တွင်မူ ၃၂၇၉ ဦး ရှိခဲ့သည်ဟု ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က စာရင်းထုတ်ပြန်ခဲ့သည်။

    ယခုနှစ် ပထမ ၂ လအတွင်း ဥရောပသို့ လာရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များမှ သေဆုံးသူ အရေအတွက်မှာ ၄၁၈ ဦး ရှိခဲ့သည်။

    Ref: Aljazeera

  • မလေးရှားဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီး စပြီ

    မလေးရှားဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီး စပြီ

    မတ် ၄၊ ၂၀၁၆
    M-Media

    mahathir 2

    – မလေးရှားရှိ နိုင်ငံရေးအဖွဲ့အသီးသီးမှ ခေါင်းဆောင်များမှာ ယနေ့မနက်ပိုင်းတွင် စုပေါင်းကာ ၀န်ကြီးချုပ် နာဂျစ်အား ရာထူးမှ ဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခုကို စတင်ကြေငြာလိုက်ပြီး နိုင်ငံအတွင်း နိုင်ငံရေးတင်းမာမှုများကို အရှိန်မြှင့်လိုက်ခြင်းလည်းဖြစ်သည်။

    နာဂျစ်အစိုးရအား ဆန့်ကျင်သူများ ပါဝင်သည့် အဆိုပါ မဟာမိတ်အဖွဲ့ကို ခြစားမှုနှင့် မတော်မတရား အုပ်ချုပ်မှုများ ရှိသည်ဟု စွပ်စွဲခံခဲ့ရသည့် ၀န်ကြီးချုပ်နာဂျစ်အား ဖယ်ရှားရန် ဦးဆောင်တိုက်တွန်းခဲ့သော ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

    ဥပဒေနှင့်ညီညွတ်ပြီး အကြမ်းမဖက်သောနည်းလမ်းဖြင့် နာဂျစ်အား ဖယ်ရှားမည်ဟု ကတိပြုထားသည့် ကြေငြာချက်တစ်ခုကို အခမ်းအနားသို့ တက်ရောက်လာသည့် လူပုဂ္ဂိုလ် ၅၈ ဦးက လက်မှတ်ရေးထိုးခဲ့ပြီး၊ ၀န်ကြီးချုပ်နှင့် ပတ်သက်သူများ၊ ၎င်းအား ကာကွယ်ပေးသူများကိုလည်း အရေးယူသွားမည်ဟု ထပ်လောင်း ကတိပြုထားသည်။ လက်မှတ်ရေးထိုးသူများတွင် အာဏာရပါတီ၊ အတိုက်အခံနှင့် ထိပ်တန်း အရပ်ဖက်အဖွဲ့အစည်းများမှ ထင်ရှားကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။

    “နာဂျစ် ရာဇတ် ဦးဆောင်တဲ့ အစိုးရလက်ကနေ မလေးရှားကို ကယ်တင်ဖို့အတွက် ဘာသာ၊ လူမျိုး၊ နိုင်ငံရေးယုံကြည်ချက်၊ ပါတီ၊ လူကြီး၊ လူငယ် မခွဲခြားဘဲ မလေးရှားနိုင်ငံသားအားလုံး ကျွန်တော်တို့နဲ့ ပူးပေါင်းကြပါလို့ တိုက်တွန်းပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်မှတ်ရေးထိုးသူ အချို့ကမူ နာဂျစ်အားနှုတ်ထွက်စေရန် ဖိအားပေးခြင်းမျိုးကိုသာ ပိုမိုလိုလားပြီး၊ ဒေါက်တာ မဟာသီယာက မလေးရှား၏ ဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် လမ်းမပေါ်သို့ ထွက်၍ ဆန္ဒပြမှုကို လုပ်ဆောင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုကို ပြည်သူလူထုထောက်ခံရေး ဆော်သြရန် မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် စုရုံးမှုတစ်ခုတွင် ပါဝင်ရန် လက်မှတ်ရေးထိုးသူများက သဘောတူညီခဲ့ကြသည်။

    မလေးရှားအစိုးရက ယနေ့နှောင်းပိုင်းတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုလှုပ်ရှားမှုမှာ မဟာသီယာ၏ ကြံမရာမရဖြစ်မှုကို ဖော်ပြနေကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပြည်သူများက ၎င်းတို့ဆန္ဒဖြင့် လက်ရှိအစိုးရကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သောကြောင့် ထိုအစိုးရကို ဖြုတ်ချရန် နောက်ထပ် ရွေးကောက်ပွဲကို စောင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    Ref: Channelnewsasia

  • ဘွန်ဒစ်လီဂါရယူကာ ဂွါဒီယိုလာကို နှုတ်ဆက်ချင်သည်ဟု လီဝန်ဒေါ့စကီးပြော

    ဘွန်ဒစ်လီဂါရယူကာ ဂွါဒီယိုလာကို နှုတ်ဆက်ချင်သည်ဟု လီဝန်ဒေါ့စကီးပြော

    မတ် ၄၊ ၂၀၁၆
    M-Media

    lewan

    – ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည့် နည်းပြ ပက်ပ်ဂွါဒီယိုလာအတွက် ဘွန်ဒစ်လီဂါ ၄ ကြိမ်ဆက် ရရှိသည့် မှတ်တမ်းတစ်ခုကို ရယူပေးချင်သည်ဟု ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီးက ပြောကြားလိုက်သည်။

    ဘိုင်ယန်မြူးနစ်မှာ ပြီးခဲ့သည့် ၃ နှစ်စလုံးတွင် ဘွန်ဒစ်လီဂါကို ဆွတ်ခူးထားနိုင်ပြီး ဂွါဒီယိုလာက နောက်ဆုံး ၂ နှစ်ဆက်တိုက် ရယူပေးထားနိုင်သည်။ ယခုလက်ရှိ ကစားရန် ၁၀ ပွဲ ကျန်ရှိချိန်တွင် ဒုတိယနေရာမှ ဒေါ့မွန်အသင်းအား ၅ မှတ်ဖြတ်ထားနိုင်သည့် ဘိုင်ယန်မှာ ယခုနှစ် ဘွန်ဒစ်လီဂါကို ရရှိပါက ဂျာမနီတွင် ဘွန်ဒစ်လီဂါ အမှတ်ပေးဖလားကို ၄ နှစ်ဆက်တိုက်ရရှိသည့်အသင်း ဖြစ်လာမည်ဖြစ်သည်။

    ဂွါဒီယိုလာမှာမူ ယခုနှစ်အကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့နည်းပြတော့မည်ဖြစ်ပြီး တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ထူးခြားသည့် အခြေအနေတစ်ခုကို ဖန်တီးပေးချင်နေသည်။

    “ကျွန်တော်တို့ ၅ မှတ်ဖြတ် ဦးဆောင်နေတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ဘွန်ဒစ်လီဂါဖလားကို ရရှိဖို့ပါပဲ။ ဘယ်သူမှ လေးနှစ်ဆက်တိုက် မရဖူးသေးဘဲ ကျွန်တော်တို့က ဒါမျိုး ရချင်ပါတယ်။ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်မှာပါ။ ဖလားရဖို့ဆိုရင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ဖို့ လိုပါတယ်။ ရာသီပြီးဆုံးဖို့တော့ တော်တော် လိုပါသေးတယ်။ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ဖို့ပဲ လိုပါတယ်။ ပက်ပ် (ဂွါဒီယိုလာ) အတွက်လည်း ထူးခြားတဲ့ အခြေအနေ ဖြစ်မှာပါ။ ပြီးတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဂျာမန်ရှုံးထွက်ဖလား နောက်ဆုံး ဗိုလ်လုပွဲကိုလည်း ကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု လီဝန်ဒေါ့စကီးက ပြောကြားခဲ့သည်။

    Ref: Goal

  • အာရပ်နိုင်ငံများ သွေးစည်းရန်လိုဟု ဆော်ဒီအိမ်ရှေ့မင်းသား ပြော

    အာရပ်နိုင်ငံများ သွေးစည်းရန်လိုဟု ဆော်ဒီအိမ်ရှေ့မင်းသား ပြော

    မတ် ၄၊ ၂၀၁၆
    M-Media

    arab

    – မိမိတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့၊ မိမိတို့ရဲ့ ဓနစည်းစိမ်တွေကို ခိုးယူပြီး ပြည်သူတွေကို အကြပ်အတည်းတွေ့စေတဲ့ ရန်သူတွေကို တွန်းလှန်ဖို့အတွက် အာရပ်နိုင်ငံတွေဟာ သွေးစည်းညီညွှတ်ဖို့ လိုနေပြီလို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် နာအစ်ဖ်က ပြောကြားလိုက်ပါတယ်။

    တူနီးရှားသမ္မတ အလ်-ဘာဂျီ ကွာအစ်ဒ် အလ်-ဆစ်ဘ်စီက ဦးစီးကာ ဗုဒ္ဓဟူးနေ့မှာပြုလုပ်တဲ့ ၃၃ ကြိမ်မြောက် အာရပ် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ရန်သူတွေဟာ အာရပ်နိုင်ငံတွေရဲ့ အတွင်းမှာရော အပြင်မှာပါ ရှိနေကာ နိုင်ငံရေးနဲ့ စီးပွားရေးကိုအသုံးပြုပြီး ၎င်းတို့ရဲ့ ဂိုဏ်းဂဏရေးရာ အစီအစဉ်တွေကို ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ထိထိရောက်ရောက် မတုန့်ပြန်ဘူးဆိုရင်တော့ အာရပ်ကမ္ဘာဟာ ပျက်ဆီးဆုံးရှုံးမှုကို ဦးတည်နေမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါမျိုး ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် ဒီအစည်းအဝေးကို တက်ရောက်လာသူတွေရဲ့ ပုခုံးပေါ်မှာ ကြီးမားတဲ့ တာဝန်တွေ ရှိနေတယ်လို့ဆိုပြီး လုံခြုံမှုမရှိဘဲ တည်ငြိမ်မှု မရနိုင်ဘူးလို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒါတင်မကသေးဘဲ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ အာရပ်နိုင်ငံတွေအကြား ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အသေအချာ ပြုလုပ်ကြရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်တဲ့အခါ ဘာသာရေးအခန်းကဏ္ဍ၊ မီဒီယာ၊ ပညာရေးနဲ့ မှုခင်းဆိုင်ရာ အသိပညာပေးလှုံ့ဆော်နိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဆောင်ရွက်ဖို့လိုကြောင်း ပြောဆိုခဲ့ပါသေးတယ်။

    တူနီးရှားသမ္မတကတော့ အာရပ်နိုင်ငံတော်တော်များများရဲ့ လုံခြုံရေးအခြေအနေဟာ သိသိသာသာဆိုးရွားလျက်ရှိပြီး ပတ်ဝန်းကျင်နိုင်ငံတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ အာရပ်နိုင်ငံတွေအနေနဲ့ ဦးစားပေးလုပ်ဆောင်ရမယ့် ကိစ္စတွေကို ပြန်လည်သတ်မှတ်ရမှာဖြစ်ပြီး လုံခြုံရေး မဟာဗျူဟာအသစ်ကိုလည်း ချမှတ်ရမယ်လို့ အလ်-ဆစ်ဘစီက ထည့်သွင်းအကြံပြုခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးဖို့လည်း လိုအပ်နေပြီး သူတို့ကြားက အငြင်းပွားမှုတွေအတွက် အဖြေထုတ်ရတော့မှာ ဖြစ်တယ်လို့က သူက ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှုနဲ့ အစ္စလာမ့်ဆန့်ကျင်ရေး အပြုအမှုတွေကို အပြတ်ချေမှုန်းဖို့ ဘာမဆိုလုပ်ရလိမ့်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေရဲ့ ပြည်ထဲရေးဝန်ကြီးတွေ ပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးကို တက်ရောက်လာသူတွေထဲမှာ ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်၊ ပင်လယ်ကွေ့ ပူးပေါင်းရေးကောင်စီ၊ အာရပ်မဟ်ရဘ်သမဂ္ဂ၊ အာရပ်ရုပ်မြင်သံကြားသမဂ္ဂ၊ အာရပ်ခရီးသွားလာရေးအဖွဲ့ကြီး၊ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ သိပ္ပံနည်းကျ လုံခြုံရေးဆိုင်ရာ နအီးဖ်အာရပ်တက္ကသိုလ်မှ ကိုယ်စားလှယ် စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။

    Ref: Arab News