News @ M-Media

Blog

  • ထောင်ဖောက်ပြေးခဲ့သည့် မက္ကဆီကိုမူးယစ်ရာဇာ အမေရိကန်သို့ နှစ်ကြိမ်သွားရောက်ခဲ့

    ထောင်ဖောက်ပြေးခဲ့သည့် မက္ကဆီကိုမူးယစ်ရာဇာ အမေရိကန်သို့ နှစ်ကြိမ်သွားရောက်ခဲ့

    မတ် ၅၊ ၂၀၁၆
    M-Media

    mexico 1

    – မက္ကဆီကိုရှိ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့သော မက္ကဆီကို မူးယစ်ရာဇာ အလ် ချာပို ဂူဇ်မန်မှာ ၀ရမ်းပြေးဘ၀တွင် အမေရိကန်သို့ ၂ ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့သည်ဟု ၎င်း၏ သမီးတစ်ဦးဖြစ်သူ ရိုဇာ အီစီလာ ဂူဇ်မန် အော်ရ်တစ်ဇ်က ပြောကြားလိုက်သည်။

    သူမမှာ ကယ်လီဖိုးနီးယားတွင် နေထိုင်သူဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ၎င်း၏ဖခင်မှာ ထောင်ဖောက်ထွက်ပြေးပြီးနောက် အောက်တိုဘာလက အမေရိကန်မင်းသား ရှန်ပင်းနှင့် တွေ့ဆုံပြီး သိပ်မကြာခင် အမေရိကန်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ရက်အတိအကျကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း အမေရိကန်သို့ ဂူဇ်မန် ၀င်ရောက်ခဲ့ခြင်းမှာ ဆွေမျိုးများကို တွေ့ဆုံရန်၊ သူမနှင့် သူမ၏ ကလေးငယ်လေးဦးအတွက် ၎င်းကိုယ်တိုင် ၀ယ်ပေးထားသည့် အိပ်ခန်း ၅ ခန်းပါ အိမ်ကြီးကို ကြည့်ရှုရန်ဖြစ်သည်ဟု British Daily သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ဘုရင် အမေရိကန်သို့ မည်ကဲ့သို့ ၀င်ရောက်လာသည်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

    “ကျွန်မလည်း အဖေ့ကို အဲဒါ မေးခဲ့ပါတယ်။ (မပြောပါဘူး) ယုံပါ” ဟု အော်ရ်တစ်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏အဖေမှာ အကြီးတန်းနိုင်ငံရေးသမားများထံသို့ ကိုယ်စားလှယ်များစေလွှတ်ကာ အမြင့်ဆုံး ကာကွယ်မှုကို ငွေဖြင့် ရယူခဲ့သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ဂူဇ်မန်မှာ မြေအောက်လှိုင်းခေါင်းဖောက်ကာ ပြီးခဲ့သည့် ဇူလိုင်လက အလ်တစ်ပလာနို အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်ကလည်း တစ်ကြိမ်လွတ်မြောက်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖမ်းမိခဲ့သည်။

    ဖခင်ဖြစ်သူ၏ ဒုတိယအကြိမ်လွတ်မြောက်မှုမှာ အကျဉ်းထောင် အကြီးတန်းတာဝန်ရှိသူများ၏ ကူညီမှုကြောင့် ဖြစ်သည်ဟု အော်ရ်တစ်ဇ်က ပြောကြားခဲ့ပြီး အမည်ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

    “ကျွန်မအဖေ လွတ်မြောက်မှုမှာ သဘောတူညီချက်ရှိပါတယ်”

    ဂူဇ်မန်လွတ်မြောက်သွားမှုကြောင့် အလ်တစ်ပလာနို ထောင်မှူးနှင့် မက္ကဆီကို အကျဉ်းထောင်ရေးရာ အကြီးအကဲတို့ အပါအ၀င် ၀န်ထမ်း ၃၀ ကျော် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဂူဇ်မန်ကို ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

    Ref: Channelnewsasia

  • ရန်ကုန်လေဆိပ်တွင် ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်၌ ဖွင့်လှစ်မည်

    ရန်ကုန်လေဆိပ်တွင် ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်၌ ဖွင့်လှစ်မည်

    မတ် ၅၊ ၂၀၁၆
    M-Media

    myanmar air

    – ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်အတွင်း ဖွင့်လှစ်ရန်ရှိနေပြီး တစ်နှစ်လျှင် ခရီးသည် ပမာဏမှာ ၆ သန်းအထိ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

    မတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု အေးရှားဝေါလ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားမှုကို မြန်မာ့တိုင်းမ်စ်သတင်းစာ ဖော်ပြခဲ့သည်။ အေးရှားဝေါလ်မှာ အဆိုပါ ဂိတ်ပေါက်သစ် ဆောက်လုပ်ရေးကို ၂၀၁၃ ခုနှစ်တွင် တင်ဒါ ရရှိခဲ့ခြင်းဖြစ်သည်။

    မြန်မာအစိုးရမှာ ၂၀၂၀ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် ခရီးသည် ၇.၅ သန်း လာရောက်လည်ပတ်ရန် ပစ်မှတ်ထားနေပြီး ၂၀၂၂ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီးတွင် လေဆိပ်သစ်ကြီးတစ်ခု ဖွင့်လှစ်ရန်လည်း ရှိနေသည်။ တစ်နှစ်လည် ခရီးသည် ၁၂ သန်းကို ၀န်ဆောင်ပေးနိုင်မည့် အဆိုပါ လေဆိပ်သစ် ဆောက်လုပ်မှုကို မကြာခင် စတင်မည်ဖြစ်သည်။

    Ref: yangoon.coconuts

  • မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မတ် ၅၊ ၂၀၁၆
    M-Media

    philipine

    – ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့မှုအရ မိမိတို့အနေဖြင့် မြောက်ကိုရီးယား သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ကုန်တန်ချိန်ပေါင်း ၆၈၃၀ တင်ဆောင်နိုင်သည့် ကုန်တင်သင်္ဘော Jin Teng ဖြစ်ပြီး မြို့တော်မနီလာ အရှေ့မြောက်ပိုင်းရှိ Subic ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပြုတော့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘော ထိုဆိပ်ကမ်းတွင် ဒေါက်တင်ထားသည်မှာ ၃ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသားများကိုမူ နယ်နှင်ဒဏ်ပေးမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာနိုလို ကွီဇန်က နိုင်ငံပိုင်ရေဒီယို Radyo ng Bayan သို့ ပြောကြားခဲ့သည်။

    ယခင်ပြုလုပ်ထားသည့် ပိတ်ဆို့မှုတွင် ပါဝင်သော တာဝေးပစ်ဒုံးကျည်ကို အသုံးပြု၍ မြောက်ကိုရီးယားက ပြီးခဲ့သည့် လအတွင်း ဂြိုဟ်တုလွှတ်ခဲ့သောကြောင့် ကုလသမဂ္ဂမှာ ကြာသာပတေးနေ့တွင် ပိတ်ဆို့မှုအသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယားကလည်း ထိုပိတ်ဆို့မှုချမှတ်ပြီး ၁ ရက်အကြာ ယမန်နေ့တွင် စစ်တပ်နှင့် နျူလက်နက်များကို အဆင်သင့်ဖြစ်နေစေရန် အမိန့်ပေးခဲ့သည်။

    Ref: Channelnewsasia

  • အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်ရှိနေရန် လီဗာပူးလ်နည်းပြ တိုက်တွန်း

    အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်ရှိနေရန် လီဗာပူးလ်နည်းပြ တိုက်တွန်း

    မတ် ၅၊ ၂၀၁၆
    M-Media

    liverpool 1

    – ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရရှိအောင် ကြိုးစားနေသည့် အသင်းအနေဖြင့် စိတ်အားထက်သန်မှု ဆက်လက်ရှိနေစေရန် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က မန်စီးတီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းမှာ အဆင့် ၄ နေရာနှင့် ၆ မှတ်အကွာဖြင့် အဆင့် ၈ နေရာတွင် ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် နီးစပ်လာခဲ့သည်။ မနက်ဖြန်တွင် လီဗာပူးလ်မှာ နိုဝင်ဘာလအတွင်းက ရှုံးနိမ့်ထားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ကလော့ပ်ကမူ ထိုပွဲအား အနိုင်ရရှိရန် အကြောင်းအရင်းများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “အားကစားမှာ စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ ကျွန်တော်တို့ စိတ်အားထက်သန်မှုရှိဖို့ လိုအပ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့နိုင်ဖို့ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ အိမ်ကွင်းမှာ ကျွန်တော်တို့ မရှုံးသင့်ပေမယ့် ကျွန်တော်တို့ရှုံးခဲ့တယ်။ ဒါ့ကြောင့်ပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် လီဗာပူးလ်အသင်း ထိပ်ဆုံး ၄ သင်းစာရင်း ၀င်ရန်မှာ မိမိတို့၏ အာရုံစူးစိုက်မှုနှင့် အခြားအသင်းများ၏ ခြေချော်မှုအပေါ်တွင်လည်း မူတည်သည်ဟု ကလော့ပ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ဆိုရှယ်မီဒီယာကို အသုံးချကာ ဟီဂျဘ်ဝတ်ဆင်မှုဓလေ့ကို ကနေဒါအမျိုးသမီးတစ်ဦး မြှင့်တင်နေ

    ဆိုရှယ်မီဒီယာကို အသုံးချကာ ဟီဂျဘ်ဝတ်ဆင်မှုဓလေ့ကို ကနေဒါအမျိုးသမီးတစ်ဦး မြှင့်တင်နေ

    မတ် ၅၊ ၂၀၁၆
    M-Media

    hijab

    – မွတ်စလင်အမျိုးသမီးတွေအနေနဲ့ ဟီဂျဘ်ကို ဘယ်လို လုံလုံခြုံခြုံ၊ စတိုင်ကျကျ ၀တ်ဆင်နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ ကနေဒါမွတ်စလင်အမျိုးသမီးတစ်ဦးက ဆိုရှယ်မီဒီယာတွေကို အသုံးပြုကာ မျှဝေမှုတွေ ပြုလုပ်နေပြီး အောင်မြင်မှုတွေလည်း ရရှိနေတယ်လို့ သိရပါတယ်။

    တိုရွန်တိုမြို့က ဆာမန် မူနီရ်လို့ခေါ်တဲ့ ကလေးသုံးယောက် မိခင်ဖြစ်ပြီး You Tube၊ Facebook နဲ့ Instagram တို့ကို အသုံးပြုကာ ၂၀၁၁ ခုနှစ်ကတည်းက ဟိဂျဘ်ဝတ်ဆင်ပုံ အမျိုးမျိုးကို လွှင့်တင်မျှဝေခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ လုံခြုံ၊ လှပပြီး စတိုင်ကျတဲ့ ဟီဂျဘ်မျိုး ဘယ်လိုဝတ်ရမလဲဆိုတာ မွတ်စလင်အမျိုးသမီးတွေကို ပြသချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မက ဖက်ရှင်တွေကို နှစ်သက်တယ်လေ။ ဆိုရှယ်မီဒီယာတွေကနေလည်း လူတော်တော်များများ အားကျလာအောင် လုပ်နိုင်ပါတယ်။ Dolce နဲ့ Gabbana ကုမ္ပဏီတွေက သူတို့ရဲ့ ဟီဂျဘ်ဖက်ရှင်ဒီဇိုင်းတွေကို မကြာသေးမီက ထုတ်ဖော်ပြသလိုက်တဲ့အချိန်မှာ ကျွန်မ သိပ်ပျော်ပြီး၊ သိပ်လည်း အထင်ကြီးခဲ့ပါတယ်။ နောက်ဆုံးမှာ တကယ့် ဒီဇိုင်နာတွေကလည်း မွတ်စလင်တွေအတွက် ဒီဇိုင်း ဖန်တီးပေးခဲ့ကြပါပြီ။ ဒါက ကျွန်မတို့ကို ဖက်ရှင်လောကထဲမှာ ပါဝင်စေလိုက်တာ ဖြစ်ပါတယ်” လို့ Malaysia Chronicle နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    သူမရဲ့ ဟီဂျဘ်ဖက်ရှင်မျှဝေမှု ဆိုရှယ်စာမျက်နှာမှာ ပရိတ်သတ်ပေါင်း သန်းဝက်လောက်ရှိပြီး သူမလုပ်နေတာတွေက ဟီဂျဘ်ဝတ်ဆင်တာကို လေးစားအားကျစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်မဟာ ဟီဂျဘ်ကို ၀တ်ရုံသက်သက်မဟုတ်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့နဲ့ သူများတွေ လေးစားအား ကျလာစေချင်တာကြောင့် ဒီလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်”

    အဲဒီလို မျှဝေမှုတွေအတွင်းမှာ အဖျက်သဘောဆောင်တဲ့ မှတ်ချက်တွေ ရရှိတာမျိုးလည်း ရှိခဲ့တယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    “ပထမတော့ တော်တော်လေး စိတ်ဆိုးမှာပေါ့။ ဒါပေမယ့် အသက်ပြင်းပြင်းတစ်ချက်ကို ရှုထုတ်ပြီး ကျောခိုင်းလိုက်တာ အကောင်းဆုံးပါပဲ။ ဒါမျိုးက တစ်ခါတစ်ရံမှာ မနာလိုဝန်တိုမှုကြောင့် ဒါမှမဟုတ် ဟီဂျဘ်ဝတ်ဆင်တာကို အရင်က အမြင်တစ်မျိုးနဲ့ မြင်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်” လို့ မူနီရ်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် အများစုကတော့ သူမရဲ့လုပ်ဆောင်ချက်တွေကို အကောင်းမြင်ခဲ့ပြီး၊ တစ်ချို့အမျိုးသမီးတွေဆိုရင် မူနီရ်ရဲ့ ဟီဂျဘ်ဒီဇိုင်းတွေ မျှဝေမှုကြောင့် သူတို့တွေအနေနဲ့ ဟီဂျဘ်ကို ယုံကြည်မှုရှိရှိ ၀တ်လာနိုင်ကြတယ်လို့ ဖွင့်ဟတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

    “တစ်ခါတစ်လေမှာ မွတ်စလင်မဟုတ်သူတွေကတောင် ကျွန်မရဲ့ စတိုင်တွေကို အားကျပြီး၊ မက်ဆေ့ကနေ အားပေးတာမျိုးတွေ ရှိပါတယ်။ ကျွန်မ ဟီဂျဘ်ဝတ်ဆင်တဲ့စတိုင်မျိုးကို သူတို့ကြိုက်တယ်။ သူတို့လည်း ဒါမျိုး ၀တ်ချင်တယ် စသဖြင့်ပေါ့လေ”

    ၂၀၁၁ ခုနှစ်ကစတင်ကာ စတိုင်ကျကျ ဟီဂျဘ်ဒီဇိုင်းတွေကို ဆိုရှယ်မီဒီယာတွေကနေ မျှဝေတာဟာ အွန်လိုင်းပေါ်မှာ ဟီဂျဘ်စတိုင်နဲ့ပတ်သက်ပြီး ကြည့်ရှုစရာ များများစားစား မရှိတာကြောင့်ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    “ဒီဇိုင်းဆန်းဆန်းလေးတွေများ တစ်ယောက်ယောက်က ပြကြမလားဆိုပြီး ၃ နှစ်လောက် စောင့်ခဲ့ပေမယ့် ဘာမှကို မတွေ့ပါဘူး။ ဟီဂျဘ်ဝတ်ဆင်တဲ့ပုံစံကို လိုက်ပြီး ရုပ်ကလည်း ပြောင်းလဲပါတယ်။ အဲဒီဟီဂျဘ်မှာ အဆင်တန်ဆာလေးတွေလည်း ထပ်ထည့်နိုင်ပါတယ်။ အရောင်စုံ၊ အသွေးစုံ ထည့်လိုက်တဲ့အခါ အံ့သြစရာ ဒီဇိုင်းဆန်းဆန်းလေးတွေ ဖြစ်သွားပါတယ်”

    အခုအချိန်မှာတော့ မူနီရ်ဟာ သူမရဲ့ ကိုယ်ပိုင်ဟီဂျဘ်ဒီဇိုင်းတွေကို ရောင်းချမှုတွေ ပြုလုပ်နေပြီး ကမ္ဘာတစ်ဝှမ်းကိုလည်း ဒီဇိုင်းပေါင်းများစွာ ဖြန့်ဝေနေပါတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ အွန်လိုင်းမှာတင်မဟုတ်တော့ပါဘူး။

    “သမီးက – ‘သမီးလည်း အမေ့လိုဖြစ်ချင်လိုက်တာ’ လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သမီးနည်းနည်း အသက်ကြီးဖို့ လိုအပ်တယ်လို့ ပြန်ပြောခဲ့ပါတယ်”

    Ref: IINA