News @ M-Media

Blog

  • ကမ္ဘာ့ဖလား အသင်းအရေအတွက် တိုးမှုမှာ ဘောလုံးရာသီကို မထိခိုက်ဟု ဖီဖာဥက္ကဌသစ် ပြော

    ကမ္ဘာ့ဖလား အသင်းအရေအတွက် တိုးမှုမှာ ဘောလုံးရာသီကို မထိခိုက်ဟု ဖီဖာဥက္ကဌသစ် ပြော

    မတ် ၅၊ ၂၀၁၆
    M-Media

    fifa

    – ကမ္ဘာ့ဖလားတွင် ယှဉ်ပြိုင်ကစားမှုမှာ ဘောလုံးပြက္ခဒိန်ကို ထိခိုက်မှု ရှိမည်မဟုတ်ဟု ယုံကြည်ကြောင်း ဖီဖာ၏ ဥက္ကဌအသစ်ဖြစ်သူ ဂီယာနီ အင်ဖန်တီနိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ဖီဖာဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် အင်ဖန်တီနိုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းအရေအတွက်အား ၃၂ သင်းမှ ၄၀ အထိ တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။

    သို့သော်လည်း ၎င်း၏အစီအစဉ်ကို ဥရောပ ကလပ်သအသင်းများ အစည်းအရုံးက ကန့်ကွက်ထားပြီး ထိုကဲ့သို့ အသင်းတိုးမြှင့်မှုမှာ ကစားသမားများအပေါ် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

    “ကမ္ဘာ့ဖလားကို အသင်း ၄၀ အထိ တိုးမြှင့်မယ့်အစီအစဉ်ကို ကျွန်တော် စဉ်းစားနေတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ အသင်း ၄၀ ဆိုတာ ဖီဖာအဖွဲ့ဝင်တွေထဲက ၁၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါ့ကြောင့် ၃၀ ရာခိုင်နှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်းအကြား ပါဝင်တဲ့ တိုက်တစ်တိုက်ချင်းစီရဲ့ ပွဲတွေနဲ့တော့ နှိုင်းယှဉ်လို့တော့ မရပါဘူး။ ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော်တို့ဟာ အသင်းသစ် ၈ သင်း ပေါင်းထည့်မှာပါ။ ဒါပေမယ့် အခြားနိုင်ငံ တော်တော်များများကလည်း ဒီပြိုင်ပွဲမှာပါဝင်ဖို့ အိပ်မက်တွေ ရှိနေကြပါတယ်။ ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ဟာ ပြိုင်ပွဲမှာပါဝင်ဖို့ ခိုင်မာတဲ့ နည်းလမ်းပါပဲ” ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    Ref: Goal

  • နျူလက်နက်များနှင့် စစ်တပ်ကို အသင့်ဖြစ်နေစေရန် မြောက်ကိုရီးယား အမိန့်ပေးထား

    နျူလက်နက်များနှင့် စစ်တပ်ကို အသင့်ဖြစ်နေစေရန် မြောက်ကိုရီးယား အမိန့်ပေးထား

    မတ် ၅၊ ၂၀၁၆
    M-Media

    north korea

    – မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရန်သူတွေရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာတဲ့အတွက် နျူကလီးယား လက်နက်တွေကို အချိန်မရွေး တိုက်ခိုက်နိုင်ဖို့၊ စစ်တပ်ကိုလည်း တိုက်ခိုက်ရန် အသင့်အနေအထားရှိနေဖို့ ယမန်နေ့မှာ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

    ကိုးရီးယားကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်လာတဲ့အတွက် မြောက်ကိုးရီးယားကို အပြင်းအထန်ဆုံး အရေးယူပိတ်ဆို့ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို ကုလသမဂ္ဂက အတည်ပြုလိုက်ပြီး နောက်တစ်ရက်မှာ အဆိုပါကြေငြာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

    ဘယ်အချိန်မဆို ပစ်လွှတ်နိုင်ဖို့အတွက် နျူကလီးယားထိပ်ဖူးတွေကို အသင့်ပြင်ထားရမယ်လို့ ကင်က အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KNCA သတင်းဌာနက ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ ဒုံးကျည်တွေ အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်နေချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်က ဒီလို အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

    အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး မကြာခင်မှာပဲ အရေးယူပိတ်ဆို့မှုတွေ ထပ်မံပြဌာန်းလိုက်တာကြောင့် အန္တရာယ်အလွန်များလာတယ်လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ အရေးယူပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုးရီးယားကမ်းရိုးတန်းနဲ့ ၁၅၀ ကီလိုမီတာအကွာ (မိုင်၉၀ခန့်) ကို မြောက်ကိုးရီးယားက ကြာသာပတေးနေ့မှာ ဒုံးကျည်အမြောက်များ ပစ်လွှတ်ခဲ့ပါတယ်။

    “တကယ်လို့ မြောက်ကိုးရီးယားက ရန်စပစ်ခတ်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ပြန်လည်ပေးဆပ်ရမယ်ဆိုတာ သိရှိစေဖို့ ပြင်းထန်တဲ့အနေအထားနဲ့ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်၊ ကျွန်မတို့နိုင်ငံကို ကာကွယ်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီးသားပါ” လို့ တောင်ကိုးရီးယားသမ္မတ ပတ်ဂျုံဟေးက မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ယမန်နေ့မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

    မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ အဆင့်မြင့်အမေရိကန်ဒုံးကျည်စနစ် THAAD ကို တောင်ကိုရီးယားမှာ ဖြန့်ကျက်ချထားရေး တောင်ကိုးရီးယားနဲ့ အမေရိကန်တို့က ယမန်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ THAAD စနစ်နဲ့အတူ ချထားမယ့် X-Band ရေဒါစနစ်က ကိုးရီးယားကို ကျော်ပြီး မိမိတို့နိုင်ငံထဲ ၀င်လာမှာကို စိုးရိမ်တယ်လို့ တရုတ်က ပြောကြားထားပါတယ်။

    Ref: Presstv

  • လူ ၁၀ ဦးကို အသက်စွန့်ကယ်တင်ခဲ့သည့် အီဂျစ်နိုင်ငံသား၏ ကျန်ရစ်သူ မိသားစုကို ဆော်ဒီက ဂုဏ်ပြု

    လူ ၁၀ ဦးကို အသက်စွန့်ကယ်တင်ခဲ့သည့် အီဂျစ်နိုင်ငံသား၏ ကျန်ရစ်သူ မိသားစုကို ဆော်ဒီက ဂုဏ်ပြု

    မတ် ၅၊ ၂၀၁၆
    M-Media

    saudi 9

    – ဒီဇင်ဘာလက ဂျာဇန်ပြည်နယ် ဆေးရုံတစ်ခု မီးလောင်မှုအတွင်း လူ ၁၀ ဦးကို အသက်စွန့် ကယ်ဆယ်ခဲ့တဲ့ အာဇာနည်တစ်ဦးရဲ့ ကျန်ရစ်သူမိသားစုကို ဆော်ဒီအစိုးရက ဂုဏ်ပြုဆုကြေး ရီယဲလ် ၁ သန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    ကွယ်လွန်သွားသူဟာ အီဂျစ်နိုင်ငံသား အီဘရာဟင် အဘ်ဒူလ် အဇီးဇ် အလ်-ကူလာလီဖြစ်ပြီး ဇနီးသည်နဲ့ ကလေး ၃ ယောက် ကျန်ရစ်ခဲ့ကာ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူမိသားစုကို ဒီလို ထောက်ပံ့ခဲ့တာ ဖြစ်တယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဟာမဒ် အလ်-ဒူဝေလီယာက ပြောကြားခဲ့ပါတယ်။

    အဲဒီ ဂျာဇန်ဆေးရုံ မီးလောင်မှုအတွင်းမှာ လူ ၂၄ ဦး သေဆုံးခဲ့ပြီး ၁၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဂုဏ်ပြုဆုကြေး ချီးမြှင့်ပွဲအခမ်းအနားကို အီဂျစ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံအမတ်ကြီးရဲ့ ကိုင်ရိုမြို့နေအိမ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    သူတစ်ပါးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကယ်ဆယ်ရာမှာ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှုတွေအတွက် အလ်-ကူလာလီက အကောင်းဆုံး စံနမူနာဖြစ်တယ်လို့လည်း အလ်-ဒူဝေလီယာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကျန်ရစ်သူဇနီးသည်နဲ့ ကလေးငယ်တွေ ယခုနှစ်ဟဂ်ျဘုရားဖူးခရီးစဉ် လာရောက်နိုင်အောင်လည်း ဆော်ဒီအစိုးရက စီစဉ်းပေးဖို့ ရှိနေပါတယ်။

    Ref: Arab News

  • ခက်ခဲသည့်ကာလအတွက် အသင့်ဖြစ်နေသည်ဟု ၀င်းဂါးပြော

    ခက်ခဲသည့်ကာလအတွက် အသင့်ဖြစ်နေသည်ဟု ၀င်းဂါးပြော

    မတ် ၅၊ ၂၀၁၆
    M-Media

    winger 3

    – ဒုတိယနေရာမှ စပါးအသင်းနှင့် ယနေ့တွင် ကစားရမည့် မိမိတို့အသင်းမှာ ခက်ခဲသည့်ကာလအတွက် အဆင်သင့်ဖြစ်နေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ကွာဟနေပြီး ယနေ့တွေ့ဆုံမည့် စပါးအသင်းနှင့်ပွဲမှာ အမှတ်ကွာဟမှု ကျဉ်းမြောင်းရေးအတွက် အဓိကကြသည့်ပွဲ ဖြစ်နေသည်။ ၀င်းဂါးကမူ မိမိတို့မှာ လက်ရှိအချိန်တွင် ရာသီ၏ အရေးပါသော အစိတ်အပိုင်းသို့ ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “သူတို့ (စပါး) ဟာ တိုးတက်လာခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ ပွဲမှာ ဒီပွဲဟာ ခက်ခဲမယ့်အချိန်ပါ။ ဒါ့ကြောင့် လူတိုင်းက ဒီပွဲကိုတော်တော်လေး စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော်တို့ဟာ သိသိသာသာ တည်ငြိမ်ခဲ့ပါတယ်။ (စပါးရဲ့အထက်မှာ) ကျွန်တော်တို့ ရာသီကို အဆုံးသတ်ချင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲဟာ တော်တော်လေး အရေးပါပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်စွဲမှုကို ယာယီရပ်ဆိုင်ထားမည်

    အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်စွဲမှုကို ယာယီရပ်ဆိုင်ထားမည်

    မတ် ၅၊ ၂၀၁၆
    M-Media

    japan 5

    – ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်စစ်စခန်း ပြောင်းရွှေ့နေရာချထားမယ့်အပေါ် ဒေသခံတွေက အပြင်းအထန် ဆန္ဒပြနေတဲ့အတွက် ကျွန်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ Futenma လေတပ်စခန်းကို လူဦးရေသိပ်သည်းမှုနည်းတဲ့ အိုကီနာဝါကျွန်းက ဟီနိုကိုမြို့မှာ ပြန်လည်နေရာချထားပေးဖို့ ၁၉၉၆ ခုနှစ်မှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အဲဒီအခြေစိုက်စခန်းကို အိုကီနာဝါကျွန်းကနေ အပြီး ဖယ်ရှားစေချင်နေတာပါ။ ဟီနိုကိုသို့ ပြောင်းရွှေ့မှုအပေါ် ဗဟိုအစိုးရနဲ့ ဒေသအစိုးရတို့ အပြန်အလှန် တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး တိုကျိုအစိုးရနဲ့ အိုကီနာဝါအစိုးရကြား စကားပြောဆိုကြဖို့ ခွင့်ပြုချက်ရခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ လက်ခံခဲ့တာဖြစ်တယ်လို့ အာဘေးက ယမန်နေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒါပေမယ့် အဲဒီ လေတပ်အခြေစိုက်စခန်းကို ဟီနိုကိုသို့ တဖြည်းဖြည်းပြောင်းရွှေ့မယ့် အစီအစဉ်ကတော့ ပြောင်းလဲမယ့် အလားအလာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံမှာ အထိနာသွေးမြေကျခဲ့ရတဲ့ တစ်ခုတည်းသောဒေသဖြစ်တဲ့ အိုကီနာဝါဒေသခံတွေက အမေရိကန်တပ်တွေ ထားရှိမှာကို အပြင်းအထန် ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါဒေသဟာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ အခြေစိုက်ရာနေရာ ဖြစ်ပါတယ်။ အဲဒီက ဒေသခံတွေက စခန်းနဲ့ပက်သက်မှုရှိတဲ့ ရာဇ၀တ်မှုနဲ့ ဆူညံသံတွေနဲ့ ပက်သက်လို့လည်း စောဒကတက်ခဲ့ကြပါတယ်။

    အမေရိကန်တပ်သားတွေ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း အမြောက်အများရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်တွေအနေနဲ့ ဂျပန်မှာ ၂၀၀၅ နဲ့ ၂၀၁၃ ကြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

    ၁၉၉၅ တုန်းက အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်က ဂျပန်ကျောင်းသူတစ်ဦးကို ၀ိုင်းပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ပြည်သူအများအပြားဟာ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Presstv