News @ M-Media

Blog

  • အစ္စလာမ်ဆန့်ကျင်ရေးဂျာမန်အဖွဲ့ PEGIDA မှ ဥရောပတစ်ခွင်၌ အမုန်းတရားများဖြန့်ချိနေ

    အစ္စလာမ်ဆန့်ကျင်ရေးဂျာမန်အဖွဲ့ PEGIDA မှ ဥရောပတစ်ခွင်၌ အမုန်းတရားများဖြန့်ချိနေ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆

    M-Media
    PEGIDA
    ချက် လက်ျာစွန်းရောက်ပါတီ Usvit နှင့် ဂျာမန်အစွန်းရောက် PEGIDA အုပ်စုမှ စီစဉ်သော ဖေဖော်ဝါရီ ၆ ရက် ချက်သမ္မတနိုင်ငံ ပရာဂွေး၌ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင်တွေ့ရသော ခရူးဆိတ်စစ်သည်ကဲ့သို့ ၀တ်စားဆင်ယင်ဓားကိုင်ထားသူတစ်ဦး။ PEGIDA ၏ မိတ်ဖက်အဖွဲ့ ၁၄ ခုကလည်း ဥရောပတစ်ခွင်၌ ယင်းဆန္ဒပြမှုမျိုး တစ်ချိန်တည်း ပြုလုပ်ခဲ့ကြသည်။

    – အနောက်တိုင်းတွင် အစ္စလာမ်မှုပြုခြင်းကို ဆန့်ကျင်သော မျိုးချစ်ဥရောပသားများ ဟူသော စကားလုံးအတိုကောက်ဖြင့် PEGIDA အဖွဲ့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ဂျာမဏီနိုင်ငံ Dresden မြို့၌ တည်ထောင်ခဲ့သည်။ ၎င်းတို့က မွတ်စ်လင်မ်ပြောင်းရွှေ့အခြေချသူများကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် အပတ်စဉ်ညနေခင်းတိုင်း လမ်းလျှောက်ထွက် ဆန္ဒပြအစီအစဉ်များ ပြုလုပ်ကြသည်။ အဖွဲ့ဝင် ၂၀၀ ၀န်းကျင်ရှိကာ ရံဖန်ရံခါ ဆန္ဒပြမှုတွင် ဒေသခံ ၂၅၀၀၀ ခန့်အထိ ပါဝင်လာတတ်သည်။ သို့သော် ဖေဖော်ဝါရီ ၆ ရက်နေ့က ၎င်းတို့သည် ပြည်တွင်းမှသည် နိုင်ငံတကာအဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းလာသည်။ Dresden တွင် စုရုံးပွဲလုပ်သည့်အပြင် နယ်သာလန်၊ ပြင်သစ်၊ ချက်၊ အိုင်ယာလန်နှင့် ယူကေ စသည့် ဥရောပတစ်ခွင်ရှိ လက်ဝေခံအုပ်စုများကလည်း တစ်ပြိုင်နက်တည်း ဆန္ဒပြခဲ့ကြသည်။

    ဥရောပ၏ ဒုက္ခသည်များဆိုင်ရာ အကြပ်အတည်းကိစ္စက PEGIDA အဖွဲ့အား လူသိများကျော်ကြားစေသကဲ့သို့ ဖြစ်နေသည်။ ပြောင်းရွှေ့အခြေချသူနှင့် ဒုက္ခသည် မွတ်စ်လင်မ် တစ်သန်းကျော်သည် ၂၀၁၅ ခုနှစ်အတွင်း ဥရောပသမဂ္ဂတိုင်းပြည်များသို့ ၀င်ရောက်လာကြသည်။ အများစုမှာ ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်မှ ဖြစ်သည်။ အစုလိုက်အပြုံလိုက် အသစ်ဝင်ရောက်လာမှုအပေါ် အစိုးရများဖက်ကလည်း တည်ငြိမ်အောင် စီမံနေရသည်။ လူသစ်ဝင်မှုလက်မခံသောအုပ်စုများ၊ လက်ျာစွန်းအုပ်စုများက ထိုဖြစ်စဉ်၌ မူလဒေသခံများအတွက် အန္တရာယ်ရှိနိုင်သည်ဟုဆိုကြပြီး၊ ပြောင်းရွှေ့အခြေချဝင်ရောက်မှုကိုဆန့်ကျင်သော နာမည်ကြီးအုပ်စုများဖြစ်သည့် Dutch Freedom Party နှင့် Sweden Democrats တို့ကလည်း ယင်းအဆိုကို ထောက်ခံကြ၏။ ၎င်းတို့သည် နာမည်ကြီးလူသိများသော်လည်း သက်ဆိုင်ရာတိုင်းပြည်အကျိုးကို ဦးတည်ပြုလုပ်ခြင်းဟူ၍ မရှိခဲ့ကြပေ။

    PEGIDA အုပ်စုများအပါအ၀င် ဥရောပတစ်ခွင်ရှိ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ကိုယ်စားလှယ်များက ဇန်န၀ါရီလ ချက်သမ္မတနိုင်ငံတွင် ကွန်ဖရင့်တစ်ရပ်ကျင်းပပြီး “ဥရောပကိုကာကွယ်ရေး၊ အခြားသော လူထုရေးရာနှင့် ဘ၀လမ်းစဉ်တို့၏လွတ်လပ်မှုနှင့်အတူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ကြေညာချက်မှတ်တမ်း လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဗြိတိန်မှ ဦးဆောင်သူမှာ လက်ျာစွန်းရောက်လမ်းဘေးအဖွဲ့ English Defence League – EDL ကို တည်ထောင်သူနှင့် ခေါင်းဆောင်ဟောင်း Stephen Yaxley-Lennon ဖြစ်သည်။ သူ့ကို Tommy Robinson ဟု လူသိများပြီး ယခုအခါ PEGIDA ၏ လက်ဝေခံယူကေအုပ်စုအား ဦးဆောင်နေသည်။

    “ကျွန်တော်က လက်ျာစွန်းရောက် မဟုတ်ဘူးဗျ။ အစ္စလာမ်ကို ဆန့်ကျင်သူသာဖြစ်တယ်။ အဲ့ဒါက ခေတ်နောက်ပြန်ဆွဲပြီး ဖက်ဆစ်စံနစ်ဆန်တယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။ လက်ရှိ ဒုက္ခသည်အကြပ်အတည်းကို ဒုက္ခသည်ခေါင်းစဉ်အောက်ထဲ ထည့်စရာမလိုဘူး။ အဲ့ဒါက ဥရောပကို မွတ်စ်လင်မ်တွေ ကျူးကျော်လာခြင်းဖြစ်တယ်” ဟု ရော်ဘင်ဆင်(၃၃ နှစ်)က လန်ဒန်အနောက်မြောက်ပိုင်း Luton မြို့ဆင်ခြေဖုံး၌ လူစုနှင့်ထိုင်နေစဉ် ၎င်းအပေါ် လူအများမှ အထင်အမြင်လွဲနေကြောင်း Newsweek သို့ပြောကြားသည်။

    ရော်ဘင်ဆင်ထံ၌ နာမည်သိက္ခာပြန်ဆယ်ယူရဦးမည့် လုပ်ရပ်ဆိုးများစွာ ရှိနေသည်။ EDL စတင်တည်ထောင်သော ၂၀၀၉ မှ ၂၀၁၃ ခုနှစ်အထိ ဗြိတိန်မြို့ကြီးမြို့ငယ်များစွာ၌ ရော်ဘင်ဆင်နှင့်အဖွဲ့ဝင်တို့သည် ရုပ်ပျက်ဆင်းပျက်ဆန္ဒပြမှုများစွာ ပြုလုပ်ခဲ့ကြသည်။ EDL ခေါင်းဆောင်များက မိမိတို့သည် အစ္စလာမ့်အဘိဓမ္မာကို ဆန့်ကျင်ခြင်းသာဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းပြုကြပါသည်ဟု ဆိုလေ့ရှိသော်လည်း လမ်းမများပေါ် အုပ်စုဖွဲ့ မူးယစ်ရမ်းကား ပျက်လိုဖျက်ဆီး သောင်းကျန်းနေခဲ့ခြင်းကိုသာ တွေ့နေခဲ့ကြရသည်။ ၂၀၁၀ ခုနှစ် the Guardian ၏ ဗီဒီယိုမှတ်တမ်းတွင် မြို့တစ်မြို့ရှိ EDL စုရုံးမှုအတွင် ရဲတပ်ဖွဲ့ဝင်တို့ကို တိုက်ခိုက်ကြသည့် လူငယ်များ၏ပုံရိပ်အား မြင်ကြရသည်။ နောက်ဗီဒီယိုတစ်ခုတွင်လည်း တောင်အာရှအနွယ်ဝင်များအပေါ် လူမျိုးခွဲခြားချိုးနှိမ်သည့် စော်ကားဟစ်အော်မှုများ ပြုလုပ်ခဲ့ကြကြောင်း မှတ်တမ်းအဖြစ် ရှိနေသည်။ EDL ဆန္ဒပြမှုများမှာ လူ ၂၀၀၀ လောက်အထိ ပါဝင်လာတတ်ပြီး အမြဲတစေပင် ဖက်ဆစ်ဝါဒဆန့်ကျင်မှုအုပ်စုများနှင့် ထိပ်တိုက်တွေ့ပြဿနာတက်ခဲ့ကြသည်။

    ပရမ်းပတာဆန္ဒထုတ်ဖော်နေမှုများသည် ကောင်းကျိုးမရှိ၊ လက်ျာစွန်းရောက်အန္တရာယ်များကို စိုးရိမ်သည်ဟုဆိုကာ ရော်ဘင်ဆင်သည် EDL ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျောခိုင်းလိုက်သည်။ မိမိသည် အစ္စလာမ်၏အဘိဓမ္မာကိုတော်လှန်ခြင်း၌သာ ဦးဆောင်လိုကြောင်း၊ မွတ်စ်လင်မ်ဆန့်ကျင်တော်လှန်ရေးကို ဦးဆောင်လိုခြင်း မဟုတ်ကြောင်း ၂၀၁၃ ခုနှစ်က BBC သို့ ရော်ဘင်ဆင်က ပြောကြားခဲ့၏။ သို့သော် အရက်သေစာကို တားမြစ်၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်သော Dresden မှ PEGIDA ၏ စည်းကမ်းသေ၀ပ်သည့်ပြုလုပ်ချက်များကို တွေ့မြင်ရသောအခါ ၎င်းတို့အပေါ် သူအထင်ကြီးသွား၏။ ဆန္ဒပြမှုအတွင်း အကြမ်းဖက်နည်းလမ်းအသုံးပြုခြင်းကို ရှုတ်ချပြီး မိမိတို့သည် ဗြိတိသျှလူထုအတွက် အဖွဲ့အစည်းဖြစ်ကြောင်း ပြသချင်သည်ဟု သူက ဆိုလာ၏။

    PEGIDA 2
    လက်ျာစွန်းရောက် EDL တည်ထောင်သူနှင့်ခေါင်းဆောင်ဟောင်း တော်မီ ရော်ဘင်ဆင်။ ယခုအခါ PEGIDA ၏ ယူကေအဖွဲ့ခွဲ၏နောက်မြီးဆွဲ ဖြစ်နေသည်။

    ဗြိတိန်ရှိ PEGIDA ၏ နောက်ထပ်ခေါင်းဆောင်တစ်ဦးက မိမိတို့သည် အစွန်းမရောက်သော အလယ်အလတ်သမားများဖြစ်ကြောင်း “ကျွန်မတို့ဟာ အနောက်တိုင်း ဥရောပသားချင်းအတူတူဖြစ်တယ်။ ကျွန်မတို့ ကာကွယ်ရမယ့်အရာက ဒီမိုကရေစီယဉ်ကျေးမှုပါ” ဟူသောအပြောဖြင့် တင်ပြရန် အားသန်နေ၏။

    ယင်းချဉ်းကပ်မှုမှာ အလုပ်ဖြစ်နိုင်ဖွယ်ရှိသည်ဟု လေ့လာသူများကဆိုသည်။ သို့သော် စိတ်လုံခြုံမှုမရှိကြသော သာမန်နှင့်လူလတ်တန်းစားတို့ကို ဆွဲဆောင်နိုင်မှသာ အောင်မြင်လိမ့်မည်ဖြစ်ကြောင်း၊ သို့သာမက မုးယစ်ရမ်းကားလမ်းကြောင်းဖက် ရောက်မရောက် မသေချာကြောင်း လက်ျာစွန်းဝါဒအထူးပြုလေ့လာသူ Reading University မှ နိုင်ငံရေးတွဲဖက် ပါမောက္ခ Daphne Halikiopoulou က ဆိုသည်။

    အကယ်၍ ယင်းစည်းမျဉ်းခိုင်မာပါက ယူကေ၏ PEGIDA မှာ ခေါင်းထောင်ဦးမော့လာပေမည်။ ဖေဖော်ဝါရီ ၆ ရက် ဘာမင်ဟန်ချီတက်ပွဲ၌ ငြိမ်းချမ်းအေးဆေးခဲ့သည်။ EDL အဖွဲ့ဝင်ဟောင်းများပါဝင်ခဲ့သော်လည်း ဗျူဟာသစ်ခင်းကျင်းနေပုံရ၏။ မူးယစ်သောက်စားခြင်းတားမြစ်ချက်ပေါ် လိုက်နာသယောင်ရှိကြ၏။ ပါဝင်သူအားလုံးနီးပါး ဆိတ်ငြိမ်စွာ ချီတက်၍ ရော်ဘင်ဆင်၊ ဝေါတာစ်နှင့် အဖွဲ့၏တတိယခေါင်းဆောင် ပေလ်ဝက်စတင်၏မိန့်ခွန်းများကို သိမ်မွေ့စွာ လက်ခုပ်တီးအားပေးခဲ့ကြသည်။

    EDL ၏ အကြမ်းဖက်တတ်သည့်ရာဇ၀င်ဆိုးကို သိရှိနေကြ၍ ရဲများက ၎င်းတို့အား အလစ်မပေးကြချေ။ အဆိုပါ စုရုံးမှု၌ ၀တ်စုံပြည်ရဲအင်အားများစွာမှ စောင့်ကြပ်ခဲ့ကြသည်။ PEGIDA ချီတက်ရာလမ်းကြောင်း၏ မီတာ ၁၀၀ ၀န်းကျင်တွင် တန်ပြန်ဆန္ဒပြမည့် လက်ဝဲအုပ်စုများကလည်း ရှိနေခဲ့ကြောင်း သူတို့က အတည်ပြုပြောကြားသည်။

    ထိုနေ့က ရော်ဘင်ဆင်၏မိန့်ခွန်းအပေါ် နားကြားလွဲသွားပြီး ဥရောပဆန္ဒပြမှုအချို့တွင် လုံးထွေးသတ်ပုတ်ပွဲများ ဖြစ်ကုန်ကြ၏။ ပြင်သစ် Calais တွင် လူတစ်ဒါဇင်အထက် အဖမ်းခံရ၏။ Prague တွင် မျက်နှာဖုံးစွပ် လူ ၂၀ ခန့်သည် ဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေရေးစင်တာတစ်ခုအား အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသည်။

    ဥရောပသို့ မွတ်စ်လင်မ်နိုင်ငံများမှ ပြောင်းရွှေ့အခြေချလာမှုများမှာ ရေရှည်တွင် ကောင်းကျိုးမရှိနိုင် ဟူသော အဆိုးမြင်မှုသည် PEGIDA အဖွဲ့ခွဲများအားလုံးထံ၌ ရှိနေကြ၏။ ရော်ဘင်ဆင်၏ ဇာတိမြို့ Luton တွင် မွတ်စ်လင်မ်လူဦးရေ အဆမတန် ကြီးထွားများပြားနေပြီး၊ လူမျိုးရေးတင်းမာမှုနှင့် အစ္စလာမ်အစွန်းရောက်သူများအတွက် ဒုစရိုက်နယ်အဖြစ် သတင်းကြီးနေခြင်းကို ကိုးကားပြီး ရော်ဘင်ဆင်က မိမိကိုယ်ကို တမန်တော်တစ်ပါးနှယ် “ဘာဖြစ်လာတော့မယ်ဆိုတာ ကျွန်တော် ကြိုမြင်နေပြီ” ဟု ပုံဖမ်းပြောဆိုလျက်ရှိသည်။ (Luton အခြေစိုက်အုပ်စုတစ်စုသည် ၂၀၀၅ ခုနှစ် လန်ဒန်မြေအောက်ဘူတာဗုံးခွဲမှုနှင့် ဆက်နွှယ်နေသည်ဟု ယူဆချက်များရှိခဲ့၏)။

    “ကိုယ်ပိုင်ဘာသာရေးအစွဲတွေ၊ အနောက်တိုင်းကို ရန်သူအဖြစ်ကြွေးကြော်ထားတဲ့ နိုင်ငံရေးအစွဲတွေ ရှိနေသူများကို သူတို့ရဲ့ ကျောထောက်နောက်ခံအပေါ် သေသေချာချာ မစစ်ဆေးဘဲ ခေါ်သွင်းနေခြင်းကို အလေးအနက် သုံးသပ်ရပါမယ်။ လူထုရေးရာ၊ ဋ္ဌာနဆိုင်ရာတွေမှာ မွတ်စ်လင်မ်တွေအားလုံးကို တားမြစ်ပိတ်ပင်တာ မြင်တွေ့ချင်တယ်” ဟု ဗြိတိသျှ PEGIDA ခေါင်းဆောင် Weston က ဒေါ်နယ်ထရမ့်၏စကားအား သံယောင်လိုက်ပြောကြားခဲ့သည်။

    ဤကာလအတွင်းမှာပင် ရော်ဘင်ဆင်က ဗြိတိန်အမျိုးသားအကျဉ်းထောင်တွင် မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ်မဟုတ်သူ အကျဉ်းသားများ သီးခြားထားရှိစေရေးအတွက် အားသန်လျက်ရှိ၏။ သူထောင်ကျခဲ့စဉ် မွတ်စ်လင်မ်အကျဉ်းသားများသည် သူ့ကို ခြိမ်းခြောက်ခြင်း၊ ကာယကံမြောက်စော်ကားခြင်း ပြုမူခဲ့သည်ဟု သူက စွပ်စွဲပြောကြားထားသည်။ ၎င်းအပြင် ဗြိတိန်ရှိ အစ္စလာမ့်တရားရုံးများကို ပိတ်ပင်လိုက်ရန်ကိုလည်း သူက လိုလားနေသည်။ (စင်စစ်၌ ဗြိတိန်တွင် တရားဝင်ရှရီအဟ်တရားရုံး ဟူသည် မရှိပါ။ သို့သော် British think tank Civitas အဖွဲ့၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ရှရီအဟ်တရားတော်အားဖြင့် ဘာသာရေး၊ မိသားစုတွင်း ဖျန်ဖြေရေးနှင့် အခြားအရေးအရာလမ်းညွှန်ချက်တို့ကို ၀န်ဆောင်ပေးသော အစုအဖွဲ့များ အနည်းဆုံး ၈၅ ခုရှိသည်ဟု ဆိုသည်)။ ဗြိတိသျှ ဂျိဟာ့ဒ်ဝါဒီများကို ဆီးရီးယားနှင့် အီရတ်သို့ မထွက်ခွာစေအောင် တားမြစ်ခြင်းအစား ရော်ဘင်ဆင်က “မိတ်ဆွေတို့ခင်ဗျား။ သူတို့အားလုံး အဲ့ဒီကိုပို့ပေးလိုက်ပါ။ သူတို့အတွက် ကျွန်တော် ဂျက်လေယာဉ်စင်းလုံးငှားပေးလိုက်ပါမယ်” ဟူ၍ပင် လူမိုက်အားပေးလုပ်လိုက်သေး၏။

    ချက်သမ္မတနိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ကြေညာစာတမ်းအရ အထက်တန်းလွာတို့အပေါ် မယုံသင်္ကာမှုနက်ရှိုင်းလှကြောင်း PEGIDA အဖွဲ့၏အတွေးအမြင်များ၌ တွေ့ရ၏။ အထက်တန်းလွှာတို့၏ စည်းမျဉ်းဥပဒေသများမှာ ဆင်းရဲမွဲတေခြင်း၊ အလုပ်လက်မဲ့ပြဿနာ၊ ခြစားမှု၊ အရှုပ်အထွေးနှင့် စာရိတ္တယိုယွင်းခြင်းကိုသာ ဖြစ်ပေါ်လာစေသည်ဟု ၎င်း၌ ဖော်ပြထား၏။ ရော်ဘင်ဆင်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္ထိစာအုပ်သစ် နိုင်ငံ့ရန်သူတော် – Enemy of the State ထဲတွင် အာဏာပိုင်တို့၏မတရားမှု ကိုယ်တွေ့ဖြစ်စဉ်များကို နောက်ကြောင်းပြန်ရေးသားထားသည်။ သူ၏နိုင်ငံရေးယုံကြည်ချက်များကြောင့် သူ့အပေါ် ဥပဒေစံနစ်မှာ ပို၍ ပြင်းထန်စွာ ဆက်ဆံမှုဖြစ်စေကြောင်း၊ သူ၏အစွန်းရောက်ပြစ်မှုများမှာ ဗြိတိသျှတို့၏အမြင်ဝယ် မျိုးချစ်ပုဂ္ဂိုလ်အဖြစ်သဘောထားခံရကြောင်း စသဖြင့် ရေးသားထားသည်။ သူသည် ထိခိုက်စော်ကားခြင်းဆိုင်ရာ အမှုတစ်ခုကို ရင်ဆိုင်နေရပြီး သူက ငြင်းဆိုထားသည်။ ၎င်းကို ဧပြီ ၁၄ ရက်တွင် စတင် စစ်ဆေးမည်ဖြစ်သည်။

    ဆိတ်ငြိမ်စွာဆန္ဒပြမှုတစ်ရပ်အားဖြင့် တော်လှန်ရေးတစ်ရပ် သို့မဟုတ် အထက်စီးရနိုင်ငံရေးလှုပ်ရှားမှုတစ်ခုကို ပေါ်ထွန်းလာစေသည်မဟုတ်။ သို့သော် PEGIDA ကမူ အစ္စလာမ်ဆန့်ကျင်ရေးဆိုင်ရာ မတူကွဲပြားသော လှိုင်းဂယက်သစ်တစ်ခုသည် နိုင်ငံရေးစကားဝိုင်းကို ပ,ထုတ်နိုင်လိမ့်မည်ဟုလည်းကောင်း၊ ရှေးရိုစွဲ လက်ျာစွန်းအုပ်စုအနေနှင့် နောက်တစ်ကြိမ် နာလန်မထူနိုင်စေမည့် အစွန်းမရောက်ထောက်ခံအားပေးသူများကို စွဲဆောင်နိုင်လိမ့်မည်ဟုလည်းကောင်း မျှော်လင့်နေသည်။ လာမည့်ဧပြီလတွင် လစဉ်လှုပ်ရှားမှုအဖြစ် ဘာမင်ဟန်အရပ်ကို ရွေးချယ်စီစဉ်ထားကြသည်။

    ဆယ်နှစ်အတွင်း မိမိနှင့်မိမိကဲ့သို့သောသူများ၏ အတွေးအမြင်များအတိုင်း ပင်တိုင်နိုင်ငံရေးသမားတို့မှ လက်တွေ့အကောင်အထည်ဖော်လာလိမ့်မည်ဟု ရော်ဘင်ဆင်က ဆိုသည်။ ဤ ၂၀၁၆ ခုနှစ်အတွင်းမှာပင် ယာယီနေထိုင်ခွင့်အဖိုးအခအဖြစ် ဒုက္ခသည်များ၏ပိုင်ဆိုင်မှုများကို ချုပ်ကိုင်သိမ်းယူစေမည့် အဆိုပြုချက်များအား ဒိန်းမတ်လွှတ်တော်က လက်ခံလိုက်ပြီး၊ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာကေးလ်ကလည်း ပြစ်မှုကျူးလွန်သော ခိုလှုံခွင့်လျှောက်ထားသူများအား ပြည်နှင်ဒဏ်ပေးခြင်းဖြင့် ဖြေလျော့ရေးနည်းလမ်း ရှာဖွေလျက်ရှိသည်။ မည်သို့ဆိုစေ ရော်ဘင်ဆင်နှင့် PEGIDA ကဲ့သို့ လူနှင့်အဖွဲ့တို့သည် ကြိုကြားကွက်ကွက် လူကြိုက်များဆဲဖြစ်သော်လည်း ၎င်းတို့၏အသံများကို ကျယ်လောင်လာစေခြင်းမှတစ်ပါး ဟုတ်တိပတ်တိ လူရာဝင်မည် မဟုတ်ပါလေ။

    Ref : Newsweek ၏ သတင်းဆောင်းပါး ANTI-ISLAM ORGANIZATION PEGIDA IS EXPORTING HATE ACROSS EUROPE (ရေးသားသူ – JOSH LOWE)

    မြန်မာပြန် – မင်းထွဋ်ခေါင်

  • ယီမင်ပြည်သူ သန်း ၂၀ ကျော်မှာ အရေးပေါ်အကူအညီများ လိုအပ်နေ

    ယီမင်ပြည်သူ သန်း ၂၀ ကျော်မှာ အရေးပေါ်အကူအညီများ လိုအပ်နေ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media

    yemen

    – ယီမင်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး ကျရောက်နေပြီး ယီမင်ပြည်သူ ၂၁ သန်းကျော်မှာ အကူအညီတစ်ခုမဟုတ်တစ်ခု လိုအပ်နေသည်ဟု ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ စတီဖင် အို ဘရိုင်ယန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကြောင့် ကုလ၏ အကူအညီပေးရေးသင်္ဘော ပြန်လှည့်ရခြင်း အပါအ၀င် အကူအညီပေးရေး ကြိုးပမ်းမှုများကို ကန့်သတ်မှုများ တိုးမြင့်လာခြင်းမှာလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဘရိုင်ယန်က ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် မတ်လက မဟာမိတ်အဖွဲ့များ ဟူသီသူပုန်များကို လေကြောင်းမှ စတင်တိုက်ခိုက်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ထက်ဝက်ခန့်မှာ အရပ်သားများဖြစ်သည်။ သေဆုံးသူများတွင် ကလေးငယ် ၇၀၀ ကျော် ပါဝင်ခဲ့ပြီး ကလေး ၁၀၀၀ ခန့်မှာ ဒဏ်ရာရရှိခဲ့သည်ဟု ကုလ၏ မှတ်တမ်များအရ သိရသည်။

    ယီမင်ပြည်သူ ၇.၆ သန်းမှာ အစားအစာမလုံလောက်မှုကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပြီး၊ ၃.၄ သန်းမှာ ကျောင်းမနေရပေ။

    Ref: Aljazeera

  • အဝေးဂိုးက ချန်ပီယံလိဂ်နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ဟု ဟစ်ဒင့်ပြော

    အဝေးဂိုးက ချန်ပီယံလိဂ်နောက်တစ်ဆင့်အတွက် မျှော်လင့်ချက်ဟု ဟစ်ဒင့်ပြော

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media

    chealsea

    – ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ရှုံးထွက် ပထမကျော့တွင် အဝေးဂိုး ၁ ဂိုး ရရှိခြင်းက မိမိတို့အတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဖြစ်စေခဲ့ပြီး ဒုတိယအကျော့ကို ပိုမိုအာရုံစိုက်သွားမည်ဟု ချယ်ဆီးနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ပဲရစ်တွင် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဇလာတန် အီဗရာဟီမိုဗစ်၏ဂိုးဖြင့် ပီအက်စ်ဂျီအသင်းက ဦးဆောင်ခဲ့ပြီး မီခေးလ်က ပြန်လည် ချေပနိုင်ခဲ့သည်။ သို့သော်လည်း ကာဗာနီက နောက်ကျဂိုးဖြင့် အိမ်ရှင်အား နောက်တစ်ဆင့်တက်ရေး အားကောင်းစေခဲ့သည်။

    “ဟုတ်ပါတယ်။ တကယ်တော့ ရလဒ်က အပြုသဘောမဆောင်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ဖက်မှာတော့ အဝေးဂိုး ၁ ဂိုး ရခဲ့တာကတော့ အရေးပါခဲ့ပါတယ်။ အဆုံးသတ်မှာ နည်းနည်းနာကျင်ပေမယ့် အသင်းက ပြေးလမ်းမှာ ဆက်ရှိနေပါသေးတယ်။ တန်ပြန်တိုက်စစ် ၄ လုံး ၅ လုံးလောက်မှာ နောက်ဆုံးကန်ချက်က အဆုံးအဖြတ် ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည် နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်ပါတယ်။ စတမ်းဖို့ဘရစ်ခ်ျမှာ ကျွန်တော့် ဒီလို ထပ်လုပ်နိုင်ပြီး ပဲရစ်ကို အနိုင်ရမယ်ဆိုရင်လည်း သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • အစ္စလာမ့်ဖက်ရှင်များ အရှေ့တောင်အာရှတွင် ခေတ်စားလာ

    အစ္စလာမ့်ဖက်ရှင်များ အရှေ့တောင်အာရှတွင် ခေတ်စားလာ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media

    southeast

    – အရှေ့တောင်အာရှမှာ အစ္စလာမ်သာသနာဟာ အကြီးဆုံး ဘာသာတရား ဖြစ်တာနဲ့အညီ အစ္စလာမ်နဲ့နွယ်တဲ့ ဖက်ရှင်တွေဟာလည်း ဒူဘိုင်း၊ ဂျကာတာနဲ့ ကွာလာလမ်ပူတို့မှာ အခြေချကျလာခဲ့ကာ ဒေသတွင်းက မွတ်စလင်အမျိုးသမီးတွေ သူတို့ရဲ့ နေ့စဉ်ဘ၀မှာ ခန့်ခန့်ညားညား၊ ဂုဏ်ရှိရှိနဲ့ ၀တ်ဆင်နိုင်လာကြပါတယ်။

    အရှေ့တောင်အာရှက အွန်လိုင်းလက်လီအရောင်းဆိုင်ဖြစ်တဲ့ Zalora ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိနြေ္ဒသိက္ခာရှိကာ စတိုင်ကျလှပတဲ့ Zalia ဖက်ရှင်စုစည်းမှုကို ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီ Zalia မှာ လစဉ် ဒီဇိုင်းအသစ် ၅၀ ကနေ ၆၀ အထိ ပါဝင်ပါတယ်။

    “မွတ်စလင်အသိုင်းအ၀ိုင်းအတွက် ရွေးချယ်စရာများများ ထုတ်လုပ်ပေးခြင်းအားဖြင့် မွတ်စလင်ဖက်ရှင်လုပ်ငန်းကို တိုးတက်အောင် ကျွန်မတို့က ကူညီပေးနေတာပါ။ နောက်ပြီး ဒီလိုလုပ်ခြင်းက အရှေ့တောင်အာရှမှာ မွတ်စလင်ဝတ်စုံတွေကို စိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။” လို့ Zalora ကုမ္ပဏီက ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

    အရှေ့တောင်အာရှဈေးကွက်မှာ ဟီဂျဘ်တွေကို ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့ နောက်ထပ် ကုမ္ပဏီကြီးတစ်ခုကတော့ Uniqlo လို့ခေါ်ပါတယ်။ ၂၀၁၅ ဂျူလိုင်မှာ စတင်ခဲ့တဲ့ သူတို့ရဲ့ ဟီဂျဘ်ဖက်ရှင်ဟာ အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဇန်န၀ါရီလမှာ ဒုတိယမြောက် အစ္စလာမ့်ဖက်ရှင် စုစည်းမှုကို ထပ်မံ မိတ်ဆက်ပေးခဲ့ကာ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့မှာ နာမည်ရခဲ့ပါတယ်။

    Indonesia Islamic Fashion Consortium ကတော့ ၂၀၂၀ခုနှစ်မှာ အင်ဒိုနီးရှားကို ကမ္ဘာ့ အစ္စလာမ့်ဖက်ရှင်မြို့တော် ဖြစ်လာစေရေးအတွက် အစီအစဉ်ဆွဲနေပါတယ်။ အစ္စလာမ်သာသနာဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးသာသနာဖြစ်သလိုပဲ အင်ဒိုနီးရှားနိုင်ငံဟာလည်း ဒေသအတွင်းမှာ အစ္စလာမ်ဘာသာဝင် အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

    လေ့လာမှုတစ်ရပ်အရ ၂၀၁၃ ခုနှစ်အတွင်းမှာ မွတ်ဆလင်တွေဟာ အ၀တ်အစားအပေါ် ဒေါ်လာ ၂၆၆ ဘီလီယံ သုံးစွဲခဲ့တာကို တွေ့ရှိရပါတယ်။ ဒီပမာဏဟာ ဂျပန်နဲ့ အီတလီမှာနှစ်နိုင်ငံပေါင်းရဲ့ ဖက်ရှင်အပေါ်သုံးစွဲမှုထက် များပြားနေတာ ဖြစ်ပါတယ်။ အဆိုပါကိန်းဂဏန်းဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၄၈၄ ဘီလီယံအထိ နှစ်ဆမြင့်တက်သွားနိုင်တယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • တောင်ဒဂုံမှာ ပြဿနာဖြစ်နေသည့်သတင်း ကောလဟာလ လှုံ့ဆော်မှုသာဖြစ်

    တောင်ဒဂုံမှာ ပြဿနာဖြစ်နေသည့်သတင်း ကောလဟာလ လှုံ့ဆော်မှုသာဖြစ်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
    M-Media
    သီဟ
    south Dagon
    တောင်ဒဂုံမြို့နယ်အတွင်း အုပ်စုဖွဲ့ကလဲ့စားချေ ခိုက်ရန်ဖြစ်ပွားနေကြောင်း ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှုများ မဟုတ်မမှန်ဘဲ ကောလဟာလသာဖြစ်ကြောင်းသိရပါတယ်။

    တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတခုအား ဆိုရှယ်မီဒီယာတွင် လူမျိုးရေး၊ဘာသာရေး မုန်းတီးပြဿနာဖြစ်ပွားစေမည့် ဓါတ်ပုံနှင့် ရေးသားမှုများကို အမျိုးသားရေး အမည်ခံ FB အကောင့်များမှ အုပ်စုလိုက် လှုံ့ဆော်ပြီးရေးသားပြီးနောက်ပိုင်း ဒီနေ့ မနက်မှာ ယခုကဲ့သို့ သတင်းတွေ ပြန့်နှံလာတာပဲဖြစ်ပါတယ်။

    အုပ်စုဖွဲ့ကလဲ့စားချေခိုက်ရန်ဖြစ်ပွားမှာ ကောလဟာလသာဖြစ်ကြောင်း၊ လူသတ်မှုကိုတော့ ရဲတပ်ဖွဲ့ကသူလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးကြောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဋ္ဌေး၏ ပြောကြားချက်ကို မဇ္ဈိမ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    “လက်စားချေ တိုက်ပွဲဝင်နေတဲ့ တောင်ဒဂုံကမျိုးချစ်တို့ရဲ့လက်တွေ့စစ်ပွဲဆော်ကုန်ပြီ” ဆိုသည့် ရေးချက်နှင့် ယခင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ပဋိပက္ခမှ ဓါတ်ပုံတခုတွဲဖက်ပြီး “Mc Kohtet” အမည်ဖြင့် Facebook စာမျက်နှာမှာ ဖြန့်ဝေခဲ့ပြီး အချိန် နာရီပိုင်းတွင်း ထပ်ဆင့် ဖြန့်ဝေသူ ၇၀၀ ကျော်သွားပြီဖြစ်ပါတယ်။

    ဓါတ်ပုံအညွှန်း -Mc Kohtet ၏ FB စာမျက်နှာတွင် ရေးသားထားမှု