News @ M-Media

Blog

  • ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် အမေရိကန်မှ ဒေါ်လာ ၅ သန်းကူညီမည်။

    ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် အမေရိကန်မှ ဒေါ်လာ ၅ သန်းကူညီမည်။

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media
    မိုးစက်

    US for Rakhine

    ရန်ကုန်။    ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဘေးသင့် လူမှုအသိုက်အဝန်းများ၊ နေရပ်ရွေ့ပြောင်း ဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ငါးသန်းကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်ရန်အတွက် ထားရှိထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)  မှ ရခိုင်ပြည်နယ်အတွင်း အစီအစဉ်တစ်ခုကို စတင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

    ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများသည် ၎င်းတို့ကိုယ်တိုင် မိမိတို့လိုအပ်ချက်များနှင့် ဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများကို ဦးစားပေးလုပ်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။

    အဆိုပါ အကူညီမှာ  အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ် လူဦးရေ ၄၅,၀၀၀ ခန့်အတွက် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူမှု့အသိုက်အဝန်းများနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်စေရေးအတွက်လည်း အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျှက် ရှိနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။

    မြန်မာနိုင်ငံသားများအတွက် အလားလာကောင်းများစွာကို အကောင်ထည်ဖော်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် အခြားသော ပြည်တွင်းနှင့် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရပါတယ်။

    ကိုးကား- U.S. Embassy Rangoon

  • ဗင်နီဇွဲလားက ရေနံဈေး အဆ ၆၀ တက်ခဲ့ပြီး တိုယိုတာက ကား ၃ သန်းနီးပါး ပြန်သိမ်းမည်

    ဗင်နီဇွဲလားက ရေနံဈေး အဆ ၆၀ တက်ခဲ့ပြီး တိုယိုတာက ကား ၃ သန်းနီးပါး ပြန်သိမ်းမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    venizuala

    – ရေနံမှီခိုသော တိုင်းပြည်၏စီးပွားရေး ပြိုလဲမှုမှ ကာကွယ်ရန်အတွက် ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံ၏ ငွေကြေးတန်ဖိုးကို ချခဲ့ပြီး ရေနံဈေးနှုန်းကို အဆ ၆၀ တိုးလိုက်သည်ဟု သိရသည်။

    သမ္မတ နီကိုလက်စ်မာဒူရိုက ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့် ရေနံတစ်လီတာကို ၀.၁ ဘိုလီဗာမှ ၆ ဘိုလီဗာအထိ မြင့်တက်လာခဲ့သည်။ ထို့ပြင် ငွေလဲနှုန်းကိုလည်း အမေရိကန်တစ်ဒေါ်လာကို ၆.၃ ဘိုလီဗာမှ ၁၀ ဘိုလီဗာအထိ မြှင့်တင်လိုက်သည်။

    ဗင်နီဇွဲလားမှာ ကမ္ဘာ့ရေနံထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ဓာတ်ဆီဈေးကွက်ကိုလည်း ဖြည့်ဆည်းပေးနေသည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် အလယ်ပိုင်းမှစ၍ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် စီးပွားရေးမှာ ယိုင်နဲ့လာခြင်းဖြစ်သည်။

    ယခုကဲ့သို့ ရေနံဈေးတက်မှုနှင့် ငွေကြေးတန်ဖိုးချမှုမှာ ဟင်းချက်ဆီနှင့် အိမ်သာသုံးစက္ကူများကဲ့သို့ အခြေခံကုန်ပစ္စည်း ပြတ်လတ်မှုများကို ကြုံတွေ့နေရသည့် ဗင်နီဇွဲလားပြည်သူများ၏ ဆန့်ကျင်မှုကို ကြုံတွေ့ရဖွယ်ရှိနေသည်။

    ဂျပန်ကားထုတ်လုပ်ရေးဖြစ်သော တိုယိုတာကုမ္ပဏီမှာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှ ၂၀၁၄ ခုနှစ် သြဂုတ်လအကြား ထုတ်လုပ်ခဲ့သော RAV4 4×4 ကား ၂.၈၇ သန်းကို ထိုင်ခုံခါးပတ် ပြဿနာကြောင့် ကမ္ဘာတစ်ဝှမ်းမှ ပြန်လည်သိမ်းယူမည်ဟု ယနေ့တွင် ကြေငြာခဲ့သည်။

    ထို့ကဲ့သို့ ပြန်လည်သိမ်းယူမှုတွင် မြောက်အမေရိကမှ အရေအတွက် ၁.၃၃ သန်း၊ ဥရောပမှ ၆၂၅၀၀၀ စီး၊ တရုတ်ပြည်မှ ၄၃၄၀၀၀ စီးနှင့် ဂျပန်နိုင်ငံမှ ၁၇၇၀၀၀ စီးတို့ ပါဝင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင်မူ အဆိုပါကား အရေအတွက် ၁၀၉၀၀၀ စီးကို ဆီတိုင်ကီပြဿနာကြောင့် ထပ်မံသိမ်းယူရန် စီစဉ်နေသည်။

    Ref: Aljazeera

  • တောင်တရုတ်ပင်လယ်တွင် လက်နက်ချထားကြောင်း တရုတ်အတည်ပြု၊ တင်းမာမှုမြင့်တက်လာနိုင်

    တောင်တရုတ်ပင်လယ်တွင် လက်နက်ချထားကြောင်း တရုတ်အတည်ပြု၊ တင်းမာမှုမြင့်တက်လာနိုင်

    ဖဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    china 6

    – တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းတွင် လက်နက်များချထားသည်ဆိုသည့် သတင်းအား တရုတ်နိုင်ငံက ယနေ့တွင် အတည်ပြုခဲ့ပြီး၊ မဟာဗျူဟာကျသည့်ဒေသတွင် ထိုသို့ စစ်ရေးပြင်ဆင်မှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်သည်။

    ပါရာဆဲလ်ကျွန်းစုရှိ ကျွန်းတစ်ကျွန်းတွင် တရုတ်က ၈ လုံးပစ်ခတ်နိုင်သည့် ဒုံးကျည်ပစ်စင် ၂ ခုနှင့် ရေဒါစနစ်တစ်ခုတို့ကို ချထားသည်ဟု အမေရိကန်နှင့် ထိုင်ဝမ်တို့က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ပြီးနောက် တရုတ်က ယနေ့တွင် ထိုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ပါရာဆဲလ်ကျွန်းစုကို ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ကြေငြာထားသည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ မိမိတို့မှာ ထိုကျွန်း၌ လက်နက်များကို တပ်ဆင်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟု ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့် Global Times သတင်းစာသို့ ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့် လက်နက်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

    ထို့ပြင် အနောက်တိုင်းမီဒီယာများမှာ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုဆိုသည့် ဓာတ်ပြားဟောင်းကို ပြန်ဖွင့်ခြင်းသာဖြစ်သည်ဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တောင်အမေရိကဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူဟောင်းများ၏ ခြစားမှုအပုပ်နံ့ထွက်လာ

    တောင်အမေရိကဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူဟောင်းများ၏ ခြစားမှုအပုပ်နံ့ထွက်လာ

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    jadue

    – တောင်အမေရိကဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၂ ဦး၏ လုပ်ရပ်များတွင်လိမ်လည်မှုများ၊ မရိုသားသည့် လုပ်ရပ်များကို တွေ့ခဲ့ရခြင်းကြောင့် ၎င်းတို့အား ဘောလုံးလောကမှ ရာသက်ပန်ပိတ်ပင်ရန် ဖီဖာကျင့်ဝတ်ကော်မတီက အကြံပြုလိုက်သည်ဟု သိရသည်။

    လူအစ် ဘီဒိုယာနှင့် ဆာဂျီယို ဂျာဒူအီတို့ဖြစ်ကြပြီး ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အမေရိကန်၏ တရားစွဲဆိုခံခဲ့ရကာ တရားမ၀င်ငွေကြေးရယူရန်အတွက် ပူးပေါင်းကြံစည်မှုနှင့် လိမ်လည်မှု စွဲချက် ၂ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ဖီဖာကျင့်ဝတ်ကော်မတီမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ၎င်းတို့နှစ်ဦးအား ရာသက်ပန်ပိတ်ပင်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။ ကိုဘံဘီယာ ဘောလုံးအဖွဲ့ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လူအစ် ဘီဒိုယာမှာ ဖီဖာ၏ အမှုဆောင်ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ဂျာဒူအီမှာ ချီလီဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်းဟောင်းဖြစ်သည်။

    “ကျင့်ဝတ်ကော်မတီ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဌက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျင့်ဝတ်ကျင့်ထုံးဥပဒေတွေ၊ သစ္စာရှိမှု၊ တာဝန်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ သတင်းပေးပို့ခြင်း၊ အကျိုးစီးပွား ထိပ်တိုက်တွေ့ခြင်း၊ ခြစားမှုနဲ့ လာဘ်ပေးလာလ်ယူခြင်း စတာတွေကို ချိုးဖောက်တယ်လို့ တွေ့မြင်ရမှုအတွက် ဘီဒိုယာနဲ့ ဂျာဒူအီ ၂ ဦးစလုံးအပေါ် ဘောလုံးနဲ့ဆက်စပ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ခြင်းကို ရာသက်ပန်ပိတ်ပင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု ဖီဖာမှထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    Ref: Goal

  • မလေးရှား ဟာလာလ်ထုတ်ကုန်တင်ပို့မှု ဒေါ်လာ ၁၀ ဘီလီယံကျော်ရန် ရည်မှန်း

    မလေးရှား ဟာလာလ်ထုတ်ကုန်တင်ပို့မှု ဒေါ်လာ ၁၀ ဘီလီယံကျော်ရန် ရည်မှန်း

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media

    halal

    – မလေးရှား ဟာလာလ်လုပ်ငန်း ဖွံ့ဖြိုးရေး ကော်ပိုရေးရှင် (HDC) အမှုဆောင်ချုပ် ဂျမီးလ် ဘီဒင်က မလေးရှားရဲ့ ဟလာလ်လုပ်ငန်းဟာ ဒီနှစ်မှာ ၂၀၁၅ ခုနှစ် စုစုပေါင်း တင်ပို့မှုထက် ကျော်လွန်ကာ ရင်းဂစ် ၄၂ ဘီလီယံ (ကန်ဒေါ်လာ ၁၀.၁ ဘီလီယံ) တန်ဖိုးလောက် ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

    ၂၀၁၄ ခုနှစ်အတွင်းက မလေးရှားရဲ့ ဟာလာလ်လုပ်ငန်း စုစုပေါင်းတင်ပို့မှုဟာ ရင်းဂစ် ၃၈ ဘီလီယံ ရှိခဲ့ပါတယ်။ ဘီဒင်က ကိုးရီးယားနဲ့ ဂျပန်တို့က ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို မလေးရှားမှာ အခြေချပြီး မလေးရှားကို ဟာလာလ်ဈေးကွက်ရဲ့ ထွက်ပေါက်အဖြစ် အသုံးချနိုင်ရေး စိတ်ဝင်စားလာဖို့အတွက် မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

    အင်္ဂါနေ့က မလေးရှားမှာပြုလုပ်ခဲ့တဲ့ ဟာလာလ်အလှကုန်နဲ့ တစ်ကိုရေသန့်ရှင်းရေးပစ္စည်း ဖိုရမ်မှာ မလေးရှား နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး လီရှီလွန်က ၂၀၁၅ ခုနှစ်မှာ ဟလာလ်အလှကုန်နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတင်ပို့မှုတစ်ခုတည်းမှာတင် စုစုပေါင်း ရင်းဂစ် ၂.၄ ဘီလီယံထိ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    Ref: IINA