News @ M-Media

Blog

  • အငတ်ဘေးဆိုက်မှုကို ရပ်တန့်ရန်အတွက် ဇင်ဘာဘွေက အကူအညီတောင်းခံ

    အငတ်ဘေးဆိုက်မှုကို ရပ်တန့်ရန်အတွက် ဇင်ဘာဘွေက အကူအညီတောင်းခံ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    zim

    – အာဖရိကမှာ မိုးခေါင်ရေရှားမှုတွေကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ လူဦးရေ လေးပုံတစ်ပုံကျော်လောက်ကို ကယ်တင်နိုင်ဖို့အတွက် ကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေထံကနေ ဇင်ဘာဘွေနိုင်ငံက တောင်းခံလိုက်ပါတယ်။

    “ဇင်ဘာဘွေအစိုးရအနေနဲ့ စုစုပေါင်း ဒေါ်လာ ၁.၅၇ ဘီလီယံလောက် လိုအပ်နေပါတယ်။ လူနေအိမ်တွေမှာ သုံးစွဲဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ထောက်ပံ့ဖို့အတွက် မိုးရွာတဲ့ပမာဏက မကာမိပါဘူး” လို့ ဇင်ဘာဘွေ ဒုသမ္မတ အီမာဆန် မာနန်ဂါဂ၀ါက မြို့တော် ဟာရာရီမှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး လူသုံးသန်းကျော်လောက်ဟာလည်း အစားအစာနဲ့ သောက်သုံးရေ လိုအပ်နေတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သမ္မတ ရောဘတ်မူဂါဘီက ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုကြောင့် ကျေးလက်ဒေသ အတော်များများကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် တစ်ပတ်အကြာမှာ ဒုသမ္မတ မာနန်ဂါဂ၀ါရဲ့ ဒီလို အကူအညီတောင်းခံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    တောင်အာဖရိက၊ မာလာဝီ၊ ဇမ်ဘီယာအပါအ၀င် အာဖရိကတောင်ပိုင်းနိုင်ငံတွေလည်း အလ်နီညိုရာသီဥတုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး ဇင်ဘာဘွေနိုင်ငံက ပိုမို ဆိုးဝါးခဲ့တာ ဖြစ်ပါတယ်။ ဒုသမ္မတက နိုင်ငံတောင်ပိုင်းဒေသတွေမှာ ကျွဲနွားထောင်သောင်းမက သေဆုံးကြပြီး ရေတွင်းတွေ ခမ်းခြောက်ကုန်ကာ ရေလှောင်တမံတွေလည်း ရေမျက်နှာပြင်နိမ့်ကျခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျန်းမာရေးနဲ့ညီညွတ်တဲ့ရေ၊ ဆည်မြောင်းတွေနဲ့ တိရစ္ဆာန်တွေအတွက် သောက်ရေရင်းမြစ်တွေ ခမ်းခြောက်မှု မြင့်မားလာတာကြောင့် လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ အသက်တွေဟာ ခြိမ်းခြောက်ခံနေရပါတယ်”

    Ref; Al-jazeera

  • အပြေးလေ့ကျင့်ခန်းက ဦးနှောက်စွမ်းရည်ကို မြင့်တက်စေနိုင်

    အပြေးလေ့ကျင့်ခန်းက ဦးနှောက်စွမ်းရည်ကို မြင့်တက်စေနိုင်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
    M-Media

    head

    – အပြေးလေ့ကျင့်တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမကဘဲ ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    အေရိုးဘစ်လေ့ကျင့်ခန်းတွေဟာ သင်ယူလေ့လာမှုနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ hippocampus ရဲ့ လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရတာပါ။ နောက်ပြီး အပြေးလေ့ကျင့်ခန်းတွေလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေဟာ hippocampus ထဲမှာရှိတဲ့ အရန်အာရုံကြောစွမ်းအားတွေကို အပြင်းအထန်လှုပ်ရှားမှုဖြစ်စေတယ်လို့ ဆိုထားပါတယ်။

    အဆိုပါလေ့လာစမ်းသပ်မှုကို ဖင်လန်နိုင်ငံ Jyvaskyla တက္ကသိုလ်က ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု ဇီဝဗေဒဌာနနဲ့ စိတ်ပညာဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    “အပြေးလို လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်၊ ဥပမာ – သင်ယူလေ့လာမှုအတွက် အရေးပါတဲ့ ဦးနှောက်ပစ္စည်း hippocampus ထဲမှာရှိတဲ့ အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်” လို့ သုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ပါမောက္ခ Heikki Kainulainen က ပြောကြားခဲ့ပါတယ်။

    အဲဒီ သုတေသီအဖွဲ့ဟာ ပြေးလွှားသွားလာနေတဲ့ ကြွက်တွေမှာ စမ်းသပ်စောင့်ကြည့်ခဲ့တာပါ။ ပါမောက္ခ Heikki Kainulainen က “အကွာအဝေးများများပြေးတဲ့ ကြွက်တွေမှာ hippocampus နဲ့ဆိုင်တဲ့ အာရုံကြောအသစ် အမြောက်အများ ဖြစ်ပေါ်လာတယ်လို့ ရလဒ်တွေက ဖော်ပြနေပါတယ်” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    စမ်းသပ်ခဲ့တဲ့ ကြွက်တွေထဲမှာ အေရိုးဘစ်လေ့ကျင့်ခန်းအပေါ် မျိုးရိုးဗီဇအရ တုံ့ပြန်မှုအားကောင်းတဲ့ ကြွက်တွေရော၊ အားနည်းတဲ့ကြွက်တွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    “ရလဒ်တွေက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ သုတေသနပြုချက်တွေအရ အသစ်ထွက်လာတဲ့ hippocampus ဆိုင်တဲ့ အာရုံကြောတွေဟာ သင်ယူလေ့လာမှုတွေနဲ့ ရှုပ်ထွေးတဲ့တာဝန်တွေ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ် လိုအပ်လို့ပါပဲ။ အေရိုးဘစ်လေ့ကျင့်ခန်း များများလုပ်ခြင်းဖြင့် အာရုံကြောအသစ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်နိုင်ပါတယ်၊ hippocampus မှာရှိတဲ့ အရံအာရုံကြောတွေဟာ တိုးလာနိုင်တဲ့အပြင် လူသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ကောင်းလာစေပါတယ်” လို့ ပါမောက္ခ Heikki Kainulainen က ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • Great Bustard ငှက်တို့၏ ကျန်းမာရေးဆိုင်ရာ အသိတရား

    Great Bustard ငှက်တို့၏ ကျန်းမာရေးဆိုင်ရာ အသိတရား

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်
    Great Bustard
    Great Bustard (Otis tarda) ငှက်ဖိုတွေ၊  သူတို့မှာ ကြင်ဖော်တွေ အရမ်းများတယ်။ ဆိုတော့ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ခံစားရဖို့ အခွင့်အလမ်း များနေသယောင် ။

    ဒါပေမဲ့ သူတို့ဟာ ဒီအခြေအနေကို ရှောင်ရှားနိုင်စွမ်းရှိတယ်။

    မိတ်လိုက်ရာသီရောက်ပြီဆို ဒီငှက်ဖိုတွေဟာ Blister beetles (Meloidae) ပိုးကောင်တွေကို အဆမတန်စားပစ်တယ်။

    ထူးခြားတာက အဲဒီပိုးကောင်တွေမှာ Cantharidin ဆိုတဲ့ အဆိပ်ဓာတုဗေဒ ဒြပ်ပေါင်းပါဝင်နေတယ်။

    ဒီဒြပ်ပေါင်းဟာ ငှက်ဖိုတွေရဲ့ အူအတွင်းမှာ ကပ်ခိုနေတဲ့ တုတ်ကောင်၊ သန်ကောင်တွေကို သေစေ နိုင်စွမ်းရှိရုံမက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို ဖြစ်ပွါးစေတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းက  ဘက်တီးရီးယားတွေကိုပါ သတ်ပစ်နိုင်စွမ်းရှိနေတယ်။

    ငှက်မတွေကလဲ မိတ်မလိုက်ခင် အရင် ငှက်ဖိုရဲ့ စအို/လိင်ပေါက်/ဆီးပေါက် (Cloaca) ကို သေချာစစ်ဆေးတယ်။ သန့်စင်ဖြူဖွေးမူဟာ ရောဂါကင်းစင်မူ လက္ခဏာဖြစ်ပြီး ၊ ဒီလိုမှသာ ငှက်မတွေဟာ လက်ခံတယ်။

    (Polygamous male bustards eat poisonous beetles to rid themselves of STDs. By Seriously Science | November 3, 2014)

    ဒီငှက်ဖိုတွေ အနေနဲ့ သူတို့ မိတ်မလိုက်ခင်မှာ အင်းဆက်တွေထဲကမှ Cantharidin အဆိပ်ဓာတုဗေဒ ဒြပ်ပေါင်းပါဝင်နေတဲ့ Blister beetle ပိုးကောင်တွေကို စားပြီး လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို ရှောင်ရှားပစ်ဖို့ ဘယ်လိုများသိပါသလဲ၊

    ငှက်မတွေကကော မိတ်မလိုက်ခင်အရင် ငှက်ဖိုတွေမှာ ရောဂါကင်း/မကင်း စစ်ဆေးရမယ်ဆိုတာတဲ့ အသိ ဘယ်လိုများ ရှိနေကြပါလိမ့်။

    M-Media Knowledge ကဏ္ဍမှ အပတ်စဉ် ဗုဒ်ဓဟူးနေ့ တိုင်း တင်ဆက်ပါမည်။

  • ရေနံဈေးကျဆင်းမှုအတွက် အိုပက်နိုင်ငံများနှင့် ဆွေးနွေးရန် အသင့်ဟု အီရန်ပြော

    ရေနံဈေးကျဆင်းမှုအတွက် အိုပက်နိုင်ငံများနှင့် ဆွေးနွေးရန် အသင့်ဟု အီရန်ပြော

    ဖဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    iran 2

    – နိုင်ငံတကာ ရေနံဈေးကွက်များတွင် ဆိုးရွားသော အခြေအနေများနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျ အပါအ၀င် အခြားသော အိုပက်နိုင်ငံများနှင့် ဆွေးနွေးရန် အီရန်က အသင့်ဖြစ်နေသည်ဟု အီရန်ရေနံဝန်ကြီး ဘီဂျန် ဇန်ဂျီနာဟ်က ပြောကြားလိုက်သည်။

    နျူအရေးနှင့်ပတ်သက်၍ သဘောတူညီချက်ကို အကောင်အထည်ဖော်ခဲ့သည့်အတွက် အနောက်နိုင်ငံများက စီးပွားပိတ်ဆို့မှုများ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အီရန်နိုင်ငံမှာ ရေနံတင်ပို့မှုကို မကြာသေးမီက ပြန်လည်စတင်ခဲ့ပြီး၊ တစ်နေ့လျှင် ရေနံစည် ၅ သိန်း ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ကြေငြာခဲ့သည်။

    ထိုကဲ့သို့ အီရန်က ဈေးကွက်အတွင်း ၀င်ရောက်လာမှုကြောင့် ရောင်းလိုအား ပိုလျှံမှုမှာ မြင့်တက်လာခဲ့ပြီး ကျဆင်းနေသော ရေနံဈေးအပေါ် ဖိအားဖြစ်စေခဲ့သည်။ အိုပက်အဖွဲ့ကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချရန် ငြင်းဆိုထားသည်။

    “ဆော်ဒီအာရေဗျအပါအ၀င် အိုပက်နိုင်ငံတွေနဲ့ ဘယ်လို ဆွေးနွေးမှုမျိုး၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးကိုမဆို ကျွန်တော်တို့က အားပေးထောက်ခံပါတယ်” ဟု ဇန်ဂျီနာဟ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အီရန်မှာ ယခင်ကလည်း ရေနံဈေးနှုန်းကျဆင်းမှုနှင့် ပတ်သက်၍ စိတ်မချမ်းမြေ့ကြောင်း၊ ထိုသို့ ကျဆင်းမှုများကြောင့် ရေနံထုတ်လုပ်သည့်နိုင်ငံများမှာ ရေရှည်တွင် ထိခိုက်မည်ဖြစ်ကြောင်း ပြောထားထားဖူးသည်။

    Ref: Aljazeera

  • ရာသီကုန်တွင် မိမိမှာ မန်ယူနည်းပြဖြစ်မည်ဟု မော်ရင်ဟိုက မိတ်ဆွေများကို ပြောကြားထား

    ရာသီကုန်တွင် မိမိမှာ မန်ယူနည်းပြဖြစ်မည်ဟု မော်ရင်ဟိုက မိတ်ဆွေများကို ပြောကြားထား

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    vangal 3

    – မိမိမှာ ရာသီကုန်တွင် မန်ယူနည်းပြ ဗန်ဂါးလ်၏ နေရာကို အစားဝင်မည်ဖြစ်ကြောင်း မော်ရင်ဟိုက ၎င်း၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအား ပြောကြားခဲ့သည်ဟု ဗြိတိန်သတင်းစာများ ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    အိုးထရက်ဖို့ဒ်တွင် မိမိဝင်ရောက်လုပ်ကိုင်ရမည်မှာ သဘောတူညီပြီးသား ကိစ္စဖြစ်သည်ဟု အသက် ၅၃ နှစ်အရွယ်ရှိ မော်ရင်ဟိုက ပြောကြားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အမည်မဖော်လိုသော ရင်းမြစ်တစ်ခု၏ ပြောကြားမှုကို ကိုးကား၍ Daily Mail၊ Daily Star၊ Daily Mirror နှင့် Daily Telegraph စသည့် အင်္ဂလိပ်သတင်းစာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

    ဒီဇင်ဘာလက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ မန်ယူနည်းပြဖြစ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ပြီးခဲ့သည့်တစ်ပတ်က အင်တာဗျူးတွင်လည်း မော်ရင်ဟိုက မကြာမီ အင်္ဂလန်တွင် နည်းပြအဖြစ် ပြန်လည် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ မန်ယူနှင့် မော်ရင်ဟိုတို့အကြား ဆွေးနွေးနေသည်ဆိုသော သတင်းများမှာ မီဒီယာများ၏ ဖန်တီးမှုဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    Ref: Channelnewsasia