ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
M-Media
– အာဖရိကမှာ မိုးခေါင်ရေရှားမှုတွေကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ လူဦးရေ လေးပုံတစ်ပုံကျော်လောက်ကို ကယ်တင်နိုင်ဖို့အတွက် ကန်ဒေါ်လာ ၁.၅ ဘီလီယံကျော်ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေထံကနေ ဇင်ဘာဘွေနိုင်ငံက တောင်းခံလိုက်ပါတယ်။
“ဇင်ဘာဘွေအစိုးရအနေနဲ့ စုစုပေါင်း ဒေါ်လာ ၁.၅၇ ဘီလီယံလောက် လိုအပ်နေပါတယ်။ လူနေအိမ်တွေမှာ သုံးစွဲဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ထောက်ပံ့ဖို့အတွက် မိုးရွာတဲ့ပမာဏက မကာမိပါဘူး” လို့ ဇင်ဘာဘွေ ဒုသမ္မတ အီမာဆန် မာနန်ဂါဂ၀ါက မြို့တော် ဟာရာရီမှာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး လူသုံးသန်းကျော်လောက်ဟာလည်း အစားအစာနဲ့ သောက်သုံးရေ လိုအပ်နေတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
သမ္မတ ရောဘတ်မူဂါဘီက ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုကြောင့် ကျေးလက်ဒေသ အတော်များများကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် တစ်ပတ်အကြာမှာ ဒုသမ္မတ မာနန်ဂါဂ၀ါရဲ့ ဒီလို အကူအညီတောင်းခံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တောင်အာဖရိက၊ မာလာဝီ၊ ဇမ်ဘီယာအပါအ၀င် အာဖရိကတောင်ပိုင်းနိုင်ငံတွေလည်း အလ်နီညိုရာသီဥတုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး ဇင်ဘာဘွေနိုင်ငံက ပိုမို ဆိုးဝါးခဲ့တာ ဖြစ်ပါတယ်။ ဒုသမ္မတက နိုင်ငံတောင်ပိုင်းဒေသတွေမှာ ကျွဲနွားထောင်သောင်းမက သေဆုံးကြပြီး ရေတွင်းတွေ ခမ်းခြောက်ကုန်ကာ ရေလှောင်တမံတွေလည်း ရေမျက်နှာပြင်နိမ့်ကျခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျန်းမာရေးနဲ့ညီညွတ်တဲ့ရေ၊ ဆည်မြောင်းတွေနဲ့ တိရစ္ဆာန်တွေအတွက် သောက်ရေရင်းမြစ်တွေ ခမ်းခြောက်မှု မြင့်မားလာတာကြောင့် လူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ အသက်တွေဟာ ခြိမ်းခြောက်ခံနေရပါတယ်”
Ref; Al-jazeera


Leave a Reply
You must be logged in to post a comment.