ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆
M-Media
– အပြေးလေ့ကျင့်တာဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမကဘဲ ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အေရိုးဘစ်လေ့ကျင့်ခန်းတွေဟာ သင်ယူလေ့လာမှုနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ hippocampus ရဲ့ လုပ်ဆောင်မှုကို ပိုမိုတိုးတက်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရတာပါ။ နောက်ပြီး အပြေးလေ့ကျင့်ခန်းတွေလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေဟာ hippocampus ထဲမှာရှိတဲ့ အရန်အာရုံကြောစွမ်းအားတွေကို အပြင်းအထန်လှုပ်ရှားမှုဖြစ်စေတယ်လို့ ဆိုထားပါတယ်။
အဆိုပါလေ့လာစမ်းသပ်မှုကို ဖင်လန်နိုင်ငံ Jyvaskyla တက္ကသိုလ်က ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု ဇီဝဗေဒဌာနနဲ့ စိတ်ပညာဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
“အပြေးလို လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်၊ ဥပမာ – သင်ယူလေ့လာမှုအတွက် အရေးပါတဲ့ ဦးနှောက်ပစ္စည်း hippocampus ထဲမှာရှိတဲ့ အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်” လို့ သုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ပါမောက္ခ Heikki Kainulainen က ပြောကြားခဲ့ပါတယ်။
အဲဒီ သုတေသီအဖွဲ့ဟာ ပြေးလွှားသွားလာနေတဲ့ ကြွက်တွေမှာ စမ်းသပ်စောင့်ကြည့်ခဲ့တာပါ။ ပါမောက္ခ Heikki Kainulainen က “အကွာအဝေးများများပြေးတဲ့ ကြွက်တွေမှာ hippocampus နဲ့ဆိုင်တဲ့ အာရုံကြောအသစ် အမြောက်အများ ဖြစ်ပေါ်လာတယ်လို့ ရလဒ်တွေက ဖော်ပြနေပါတယ်” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
စမ်းသပ်ခဲ့တဲ့ ကြွက်တွေထဲမှာ အေရိုးဘစ်လေ့ကျင့်ခန်းအပေါ် မျိုးရိုးဗီဇအရ တုံ့ပြန်မှုအားကောင်းတဲ့ ကြွက်တွေရော၊ အားနည်းတဲ့ကြွက်တွေပါ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
“ရလဒ်တွေက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ သုတေသနပြုချက်တွေအရ အသစ်ထွက်လာတဲ့ hippocampus ဆိုင်တဲ့ အာရုံကြောတွေဟာ သင်ယူလေ့လာမှုတွေနဲ့ ရှုပ်ထွေးတဲ့တာဝန်တွေ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ် လိုအပ်လို့ပါပဲ။ အေရိုးဘစ်လေ့ကျင့်ခန်း များများလုပ်ခြင်းဖြင့် အာရုံကြောအသစ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်နိုင်ပါတယ်၊ hippocampus မှာရှိတဲ့ အရံအာရုံကြောတွေဟာ တိုးလာနိုင်တဲ့အပြင် လူသားတွေရဲ့ သင်ယူလေ့လာနိုင်စွမ်းကို ကောင်းလာစေပါတယ်” လို့ ပါမောက္ခ Heikki Kainulainen က ပြောကြားခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.