News @ M-Media

Blog

  • ” ‘Yes we can!’ လို့ ပြောချင်ပေမယ့် ကျွန်တော် အိုဘားမား မဟုတ်ပါဘူး” (လက်စတာနည်းပြ)

    ” ‘Yes we can!’ လို့ ပြောချင်ပေမယ့် ကျွန်တော် အိုဘားမား မဟုတ်ပါဘူး” (လက်စတာနည်းပြ)

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    leis

    – မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ဖလားအား ရနိုင်ချေရှိသော်လည်း မမျှော်လင့်ရဲဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    ယခုတစ်ပတ်တွင် ဗာဒီ၏ဂိုး ၂ ဂိုးဖြင့် လီဗာပူးလ်အား အနိုင်ရရှိခဲ့ပြီးနောက် လက်စတာမှာ ဒုတိယနေရာမှ အဓိကပြိုင်ဖက် မန်စီးတီးကို ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားအား ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း လာမည့် နှစ်ပတ်အတွင်း မန်စီးတီး၊ အာဆင်နယ်တို့နှင့် ရင်ဆိုင်ရန် ရှိနေသည်။

    ရာနီယေးရီကမူ ပြီးခဲ့သည့်နှစ်က တန်းဆင်းဇုန်နားတွင် တစ်ဝဲလည်လည်ဖြစ်ခဲ့သည့် အသင်းအတွက် ဖလားကို မမျှော်လင့်ရဲဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ မဲဆွယ်ပွဲ လက်သုံးစကား Yes we can (ဟုတ်တယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်) ကို အသုံးပြု၍ ပြောကြားခဲ့သည်။

    “Yes we can! လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အိုဘားမားမဟုတ်ပါဘူး။ ဒီမျှော်လင့်ချက်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ပိုကောင်းမှာပါ။ တကယ်တော့ ကျွန်တော်တို့က အောက်အသင်းပါ။ သူမျာအသင်းတွေက နည်းနည်းလေးအားထုတ်တာနဲ့ အဝေးကြီးပြေးပါတယ်။ ကျွန်တော်တို့ကတော့ တော်တော်လေး ပြေးရပါတယ်။ စိတ်ငြိမ်ငြိမ်ထားကြပါ။ ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေဟာ အိပ်မက်တွေမက်နေကြပါတယ်။ ကျွန်တော်တို့ မြဲမြံရပါမယ်။ တကယ်လို့ အဆင့်လေးနေရာ ကျွန်တော်တို့ ရရင်လည်း ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရမှာပါ။ မယုံကြည်နိုင်လောက်စရာပါပဲ” ဟု ရာနီယေးရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • “ရှင်တို့ပေါ့ Deash (IS) ကို ဖန်တီးခဲ့တာ”

    “ရှင်တို့ပေါ့ Deash (IS) ကို ဖန်တီးခဲ့တာ”

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    kerry

    – “ရှင်တို့ပေါ့ Deash (IS) ကို ဖန်တီးခဲ့တာ”

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလို ဂျန်တီလိုနီတို့ ဒီတစ်ပတ်အတွင်း ရောမမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပရိတ်သတ်ထဲက အီတလီအမျိုးသမီးတစ်ဦး ဟစ်အော် ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ်တွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ပြုလုပ်ခဲ့တာပါ။

    သတင်းစာရှင်းလင်းပွဲ ပြီးဆုံးကာနီးအချိန်မှာ ပရိတ်သတ်ထဲက မျက်နှာကို အ၀တ်နက်နဲ့ စည်းထားတဲ့ အမျိုးသမီးတစ်ဦးက ဒီလို ထအော်ခဲ့တာဖြစ်ပြီး၊ လုံခြုံရေးတွေကတော့ သူ့ကို ဆွဲထုတ်သွားခဲ့ပါတယ်။

    ဂျန်တီလိုနီနဲ့ ဆွေးနွေးပွဲအပြီးမှာ ဂျွန်ကယ်ရီက အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့တွေဟာ IS အဖွဲ့ကို ချေမှုန်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီးကလည်း ပိုမိုသတိ ထားရမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ပြီး IS ကို ချေမှုန်းရာမှာ အရေးပါတဲ့ တိုးတက်မှုတွေ လုပ်နိုင်နေပေမယ့် မိမိတို့ဟာ အင်မတန် ခုခံနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းကို ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် လျှော့တွက်လို့မရဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    IS ဟာ အမေရိကန်ရဲ့စနက်နဲ့ မကင်းဘူးလို့ အီတလီမှာ ဒီလိုပြောဆိုတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အမေရိကန် မရိန်းတပ်သားဟောင်းတစ်ဦးကလည်း IS ပေါ်ထွက်လာမှုဟာ အမေရိကန်ရဲ့ အီရတ်ကို ၂၀၀၃ ခုနှစ် ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ဒီဇင်ဘာလမှာ ပြစ်တင်ပြောဆိုခဲ့ဖူးပါတယ်။

    IS ထွက်ပေါ်လာမှုကို အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အီရတ် ကျူးကျော်တိုက်ခိုက်မှုနဲ့ ချိတ်ဆက်ပြောဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

    အီရတ်စစ်ပွဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အမေရိကန်ရဲ့ လက်ရုံးမဟာမိတ် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက မိမိတို့ အီရတ်ကို ကျူးကျော်တိုက်ခိုက်တာဟာ ထောက်လှမ်းရေးသတင်းမှားကြောင့်ဖြစ်ပြီး IS ပေါ်ထွက်လာမှုကလည်း ဒီစစ်ပွဲနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ၀န်ခံပြောကြားခဲ့ပါတယ်။

    Ref: RT

  • ဂျူဗင်တပ်စ်နည်းပြကို ချယ်ဆီးက စာချုပ်ချုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

    ဂျူဗင်တပ်စ်နည်းပြကို ချယ်ဆီးက စာချုပ်ချုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    chelsea

    – ဂျူဗင်တပ်စ်အသင်း၏ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီအား ချယ်ဆီးအသင်းက ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီး ယခုနှစ်ကုန်တွင် ဂူဟစ်ဒင့်နေရာကို အစားထိုးတော့မည်ဟု အီတလီဝဘ်ဆိုက်တစ်ခုဖြစ်သော Calciomercato.com က ဖော်ပြခဲ့သည်။

    ချယ်ဆီးမှာ မော်ရင်ဟိုအား ဒီဇင်ဘာတွင် ထုတ်ပယ်ပြီးနောက် ဂူစ် ဟစ်ဒင့်ကို ခန့်အပ်ခဲ့သော်လည်း ရာသီကုန်အထိသာဖြစ်ပြီး ရေရှည်ခန့်အပ်ထားရန် ဆန္ဒမရှိဘဲ နည်းပြသစ်တစ်ဦးကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းမှ ရည်မှန်ထားသည့် နည်းပြများတွင် ဘိုင်ယန်မှ လာမည့်ရာသီတွင် ထွက်ခွာတော့မည့် ဂွါဒီယိုလာလည်း ပါဝင်ပြီး ၎င်းကမူ မိမိမှာ မန်စီးတီးသို့ ပြောင်းရွှေ့မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုပြောဆိုခဲ့သည်။

    အသက် ၄၈ နှစ်အရွယ်ရှိ အယ်လီဂရီမှာ ဂျူဗင်တပ်စ်နှင့် ၂၀၁၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ချယ်ဆီးနှင့် ပေါင် ၅.၃ သန်းတန် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်လာခဲ့သည်။ မန်ယူအသင်းကလည်း မော်ရင်ဟိုအား ခေါ်ယူရန် နီးစပ်နေပြီဟု ပြီးခဲ့သည့်ရက်များက သတင်းထွက်ပေါ်ခဲ့သည်။

    Ref: Goal

  • AIDS ရောဂါအဆုံးသတ်ရေး အာဖရိက သမ္မတကတော်များအသင်း ကြိုးပမ်းမည်

    AIDS ရောဂါအဆုံးသတ်ရေး အာဖရိက သမ္မတကတော်များအသင်း ကြိုးပမ်းမည်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    africa 3

    – HIV/AIDS တိုက်ဖျက်ရေး အာဖရိက သမ္မတကတော်များအသင်း (OAFLA) က အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှု ပိုမိုဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

    အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အက်ဒစ် အဘာဘားမှာ တနင်္လာနေ့က တွေ့ဆုံဆွေနွေးခဲ့စဉ် အာဖရိကသမ္မတကတော်များအသင်းက ကလေးငယ်တွေမှာ HIV ပိုးကူးစက်မှုအသစ်တွေ ကာကွယ်တားဆီးဖို့ ရင်းမြစ်များများ လိုအပ်တဲ့အကြောင်းနဲ့ ရောဂါစမ်းသပ်ပေးမယ့် ၀န်ဆောင်မှုမျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိသင့်တဲ့အကြောင်း အလေးပေးတိုက်တွန်းခဲ့ပါတယ်။

    HIV/AIDS ရောဂါဆိုင်ရာ ကုလသမဂ္ဂ ပူးတွဲအစီအစဉ်ရဲ့ အုပ်ချုပ်ရေးဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ယခုအချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မယ်ဆိုရင် ၂၀၃၀ ခုနှစ်မှာ AIDS ရောဂါပြန့်ပွားမှု အဆုံးသတ်သွားဖို့ ဖြစ်နိုင်ချေရှိတယ်လို့ အဲဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    “ကလေးငယ်တွေမှာ AIDS ရောဂါဆိုးကြီး အဆုံးသတ်နိုင်ဖို့ ကျွန်မတို့ ၀ိုင်းဝန်းပြောဆိုကြပါစို့။ ပြီးတော့ အရွယ်ရောက်သူတွေကို လိင်မှုဆိုင်ရာ အခွင့်အရေးနဲ့ ကျန်းမာရေးအသိပညာပေးတွေ လုပ်ဆောင်ကြပါစို့” လို့ ဂါနာနိုင်ငံ သမ္မတကတော်ဖြစ်ပြီး OAFLA ရဲ့ ဥက္ကဌဖြစ်သူ လော်ဒီနာ မာဟာမာက ပြောကြားခဲ့ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေကို လက်တွဲ ဆောင်ရွက်သွားကြဖို့လည်း သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

    အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနိုင်နဲ့ HIV ပိုးဟာ သေစေလောက်တဲ့ပိုးမျိုး မဟုတ်တော့ဘဲ စတင်ကူးစက်တဲ့အချိန်က ကောင်းမွန်တဲ့ ကုသမှု ခံယူမယ်ဆိုရင် ကျန်းမာတဲ့ သာမန်ဘ၀ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ထုတ်ပြန်မှုအရ တစ်ကမ္ဘာလုံးမှာ HIV ပိုးကူးစက်ခံရသူ ၃၇ သန်းရှိနေပြီး အဲ့ဒီထဲကမှ ၂၆ သန်းလောက်ဟာ အာဖရိကမှာ ဖြစ်တယ်လို့ သိရပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကလည်း ဒီရောဂါအကြောင်းနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေပါတယ်။ OAFLA ရဲ့ အဲဒီတွေ့ဆုံးဆွေးနွေးမှုမှာ အမေရိကန်စီးပွားရေးပညာရှင်အမျိုးသမီး အီမီလီ ဖဲရ် အော်စတာက အာဖရိကရဲ့ လူနေမှုအခြေအနေ တိုးတက်မယ်ဆိုရင် ပြည်သူတွေဟာ AIDS ကို ရှောင်ရှားဖို့ အခွင့်အလမ်းတွေရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူတွေကိုယ်တိုင်က AIDS ရောဂါမဖြစ်အောင် ရှောင်ကျဉ်ဖို့ အခွင့်အလမ်းမရှိရင် ရောဂါအကြောင်း အားလုံးသိထားရင်လည်း သူတို့ရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”

    Ref: Presstv

  • ဆော်ဒီ၏ လူဦးရေ သန်း ၃၀ ကျော်တွင် နိုင်ငံခြားသား ၁၀ သန်းကျော်ရှိ

    ဆော်ဒီ၏ လူဦးရေ သန်း ၃၀ ကျော်တွင် နိုင်ငံခြားသား ၁၀ သန်းကျော်ရှိ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    saudi 1

    – ဆော်ဒီအာရေဗျနိုင်ငံက လူဦးရေဟာ ၂၀၁၄ ခုနှစ်မှာ ၃၀.၇၇ သန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ ၃၁.၅၂ သန်းထိ ၂.၄ ရာခိုင်နှုန်းလောက်တိုးတက်လာတယ်လို့ ဆော်ဒီအာရေဗျ စာရင်းအင်းနှင့် သတင်းအချက်အလက်ဌာနက ယမန်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ဆော်ဒီနိုင်ငံသားများဖြစ်ပြီး ၂၀၁၅ မှာ ၂၁.၁ သန်းအထိ မြင့်တက်လာခဲ့ကာ နိုင်ငံခြားသားအရေအတွက်ကတော့ ၁၀.၄ သန်း ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း ဆော်ဒီနိုင်ငံရဲ့ လူဦးရေတိုးတက်မှုနှုန်းဟာ ၂၀၀၄ ခုနှစ်မှာ ၂၂.၆ သန်း၊ ၂၀၀၅ ခုနှစ်မှာ ၂၃.၃ သန်း၊ ၂၀၀၆ ခုနှစ်မှာ ၂၄.၁ သန်း၊ ၂၀၀၇ ခုနှစ်မှာ ၂၄.၂ သန်း၊ ၂၀၀၈ ခုနှစ်မှာ ၂၄.၈ သန်း၊ ၂၀၀၉ ခုနှစ်မှာ ၂၅.၄ သန်း စသဖြင့် ရှိခဲ့ပါတယ်။

    ဆော်ဒီရဲ့ တစ်ဦးချင်း ဂျီဒီပီကတော့ ပြီးခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း ပျှမ်းမျှ ၆ ရာခိုင်နှုန်း သို့မဟုတ် နှစ်စဉ် ရီယဲလ် ၃၂၀၀ ခန့် တိုးတက်ခဲ့ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်အတွင်း ရီယဲလ် ၇၁,၁၀၀ မှ ၈၇,၉၀၀ အထိ တိုးတက်ခဲ့ပြီး ၂၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးတိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    အဆိုးဆုံးနှစ်ကတော့ ၂၀၀၉ ခုနှစ်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ရီယဲလ် ၇၈,၆၀၀ ရရှိခဲ့ရာကနေ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် ၂၀၀၉ မှာ ၁၉ ရာခိုင်နှုန်းလောက် ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရီယဲလ် ၉၁၉၀၀ ကနေ ပြီးခဲ့တဲ့နှစ်က ရီယဲလ် ၇၇၇၀၀ ထိ ကျဆင်းသွားခဲ့ပါတယ်။

    Ref: Arab News