News @ M-Media

ဂျူဗင်တပ်စ်နည်းပြကို ချယ်ဆီးက စာချုပ်ချုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်

ဖေဖော်ဝါရီ ၅၊ ၂၀၁၆
M-Media

chelsea

– ဂျူဗင်တပ်စ်အသင်း၏ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီအား ချယ်ဆီးအသင်းက ၄ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီး ယခုနှစ်ကုန်တွင် ဂူဟစ်ဒင့်နေရာကို အစားထိုးတော့မည်ဟု အီတလီဝဘ်ဆိုက်တစ်ခုဖြစ်သော Calciomercato.com က ဖော်ပြခဲ့သည်။

ချယ်ဆီးမှာ မော်ရင်ဟိုအား ဒီဇင်ဘာတွင် ထုတ်ပယ်ပြီးနောက် ဂူစ် ဟစ်ဒင့်ကို ခန့်အပ်ခဲ့သော်လည်း ရာသီကုန်အထိသာဖြစ်ပြီး ရေရှည်ခန့်အပ်ထားရန် ဆန္ဒမရှိဘဲ နည်းပြသစ်တစ်ဦးကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းမှ ရည်မှန်ထားသည့် နည်းပြများတွင် ဘိုင်ယန်မှ လာမည့်ရာသီတွင် ထွက်ခွာတော့မည့် ဂွါဒီယိုလာလည်း ပါဝင်ပြီး ၎င်းကမူ မိမိမှာ မန်စီးတီးသို့ ပြောင်းရွှေ့မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုပြောဆိုခဲ့သည်။

အသက် ၄၈ နှစ်အရွယ်ရှိ အယ်လီဂရီမှာ ဂျူဗင်တပ်စ်နှင့် ၂၀၁၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ချယ်ဆီးနှင့် ပေါင် ၅.၃ သန်းတန် ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်လာခဲ့သည်။ မန်ယူအသင်းကလည်း မော်ရင်ဟိုအား ခေါ်ယူရန် နီးစပ်နေပြီဟု ပြီးခဲ့သည့်ရက်များက သတင်းထွက်ပေါ်ခဲ့သည်။

Ref: Goal

Comments

Leave a Reply