News @ M-Media

Blog

  • နမ့်ဆန်မီးဘေးသင့်ပြည်သူများအတွက် ပြင်ဦးလွင်နှင့် ကျောက်မဲမှ မွတ်စလင်များက အကူအညီများ ပေးပို့ လှူဒါန်း

    နမ့်ဆန်မီးဘေးသင့်ပြည်သူများအတွက် ပြင်ဦးလွင်နှင့် ကျောက်မဲမှ မွတ်စလင်များက အကူအညီများ ပေးပို့ လှူဒါန်း

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media
    သတင်း – အောင်သူရ

    pyin 3

    – ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် ပြင်ဦးလွင်နှင့် ကျောက်မဲမြို့မှ အစ္စလာမ်ဘာသာဝင်များက စားသောက်ကုန်များ၊ အ၀တ်အစားများနှင့် လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

    ပြင်ဦးလွင်မြို့ အိုလမာ အစ္စလာမ်သာသနာ့ညာရှင်များအဖွဲ့ခွဲက အအေးဒဏ်ခံ အ၀တ်အထည်များ၊ စောင်၊ ခြင်ထောင်နှင့် အိပ်ယာများကို ၁၄ ပေ ကုန်တင်ကားအပြည့် တင်ဆောင်ကာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နမ့်ဆန်မြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

    pyin 2

    အိုလမာ၏ ပညာရေးနှင့် လူမှုရေးအကျိုးဆောင်ကော်မတီမှ ဦးစည်းကာ မွတ်စလင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် အဆိုပါ ထောက်ပံ့ကူညီမှုတွင် အ၀တ်အထည်အမျိုးမျိုး ဆာလာအိတ် ၅ ထုတ်၊ အသင့်စားခေါက်ဆွဲခြောက် ၁၀ ဖာနှင့် ငွေကျပ် ၁၅ သိန်းကျော်လည်း ပါဝင်ခဲ့သည်။

    “အတိဒုက္ခရောက်နေကြတဲ့ မီးဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပြင်ဦးလွင်က မွတ်စလင်တွေက တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာပါ။ သူတို့ လိုအပ်နေတာတွေကို အမြန်ဆုံးရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ကော်မတီမှ တွဲဘက်အတွင်းရေးမှူး ဟာဂျီ ဦးဝင်းကိုကိုမောင်က M-Media သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မီးဘေးသင့်ပြည်သူများ၏ ဆုံးရှုံးသွားသော အိမ်ယာများ ဆောက်လုပ်မှုအပါအ၀င် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပြင်ဦးလွင်မြို့ရှိ မွတ်စလင်များက ထပ်မံ ကူညီ ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    km 1

    ကျောက်မဲမြို့မှ မွတ်စလင်များကလည်း မီးဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများ လှူဒါန်းခဲ့သည်ဟု သိရသည်။ ကျောက်မဲမြို့ အစ္စလာမ်ဘာသာရေးအဖွဲ့ ဥက္ကဌ ဒေါက်တာမြတ်သူအောင် ဦးဆောင်သည့် အဖွဲ့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၅ သိန်း၊ ဆန် ၅ အိတ်၊ ပဲဆီ ၁၂၀ လီတာ၊ ခေါက်ဆွဲခြောက်နှင့် မုန့်ခြောက်များ၊ အ၀တ်အအထည် ဆာလာအိတ် ၂၀ တို့ကို ကျောက်မဲမြို့ပေါ်ရှိ နမ့်ဆန် မီးဘေးသင့်ပြည်သူများအား အကူအညီပေးရေးအဖွဲ့သို့ ပေးအပ်ခဲ့သည်။

    ကျောက်မဲမြို့မှ အစ္စလာမ်ဘာသာဝင်များမှာ မီးလောင်မှုဖြစ်ပွားသည့် ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း နမ့်ဆန်မြို့သို့ အစားအသောက်အများ အ၀တ်အထည်များကို သွားရောက်လှူဒါန်းခဲ့ကြသည်။

    Km 3

  • ဒုတိယနေရာ ရောက်သည့်အတွက် နှလုံးပီတိ ဂွမ်းဆီထိရသည်ဟု စပါးနည်းပြပြော

    ဒုတိယနေရာ ရောက်သည့်အတွက် နှလုံးပီတိ ဂွမ်းဆီထိရသည်ဟု စပါးနည်းပြပြော

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    spur

    – ၀က်ဖို့ဒ်အသင်းအား အနိုင်ယူကာ ပရီးမီးယားလိဂ်ဇယား၏ ဒုတိယနေရာကို မိမိတို့အသင်း တက်လှမ်းနိုင်ခဲ့သည့်အတွက် အလွန်အမင်း ကျေနပ်ပီတိဖြစ်ရသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ကစားပုံကောင်းခဲ့သည့် စပါးမှာ နောက်ခံလူ ထရစ်ပီယား၏ ဒုတိယပိုင်း တစ်လုံးတည်းသောဂိုးဖြင့် စပါးက အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး၊ အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးက ထိပ်ဆုံးမှ လက်စတာကို ရှုံးနိမ့်သွားသောကြောင့် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

    “သိပ်ကို ကြီးကျယ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နှလုံးပီတိ ဂွမ်းဆီထိရပါတယ်ဗျာ။ ကစားပုံကလည်း ပြောစရာမရှိတော့ အချိုပေါ်သကာလောင်းလိုက်သလိုပေါ့။ ကစားသမားတွေအတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ အားထုတ်မှုကတော့ ပြောစရာကို မရှိဘူး။ ကျွန်တော်တို့ ဆက်သွားဖို့လိုတယ်။ ပိုပိုကောင်းနိုင်တယ်လို့ အမြဲတမ်း ယုံကြည်ရမယ်။ တိုးတက်ဖို့လည်း ကြိုးစားရပါမယ်။ နောက်တော့ ရာသီအဆုံးမှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပေါ။ အခု လက်ရှိတော့ ကျွန်တော်တို့ဟာ ဒုတိယနေရာရောက်နေတယ်။ ဒါပေမယ့် တကယ့် စမ်းသပ်မှုအစစ်မှန်ကတော့ (လာမယ့်တစ်ပတ်) မန်စီးတီးနဲ့ပွဲပါပဲ” ဟု ပိုချက်တီနိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာကိုအာခံကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    ကမ္ဘာကိုအာခံကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    North 1

    – မြောက်ကိုရီးယားနိုင်ငံမှာ ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တစ်ခုကို တားမြစ်ထားသည့် တာဝေးပစ်ဒုံးကျည်နှင့် ယနေ့မနက်ပိုင်းက လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်က ကုလ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကာ နိုင်ငံတကာ၏ သတိပေးတားမြစ်မှုများကိုလည်း အာခံခဲ့ခြင်းဖြစ်သည်။

    နိုင်ငံပိုင် သတင်းဌာနက ဂြိုဟ်တုအား အာကာသထဲသို့ လွှတ်တင်မှုမှာ အောင်မြင်ခဲ့ပြီး အနာဂတ်တွင်လည်း ထိုကဲ့သို့ ဆက်လက်လွှတ်တင်သွားမည်ဟု ယနေ့တွင် ကြေငြာခဲ့သည်။ မြောက်ကိုရီးယားအစိုးရကမူ အဆိုပါ လွှတ်တင်မှုမှာ သိပ္ပံဆိုင်ရာ အာကာသစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ချင်းပစ်ဒုံးကျည်ကို ပြသလိုခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဆိုပါဒုံးကျည်၏ လမ်းကြောင်းမှာ ပင်လယ်ဝါနှင့် တောင်ဘက်စွန်းစွန်း ဖိလစ်ပိုင်ပင်လယ်ပြင်အထိ ကန့်လန့်ဖြတ်ဖြစ်ပြီးး တောင်ကိုရီးယားနှင့် ဂျပန်တို့ကမူ မိမိတို့ပိုင်နက်ကို ထိုဒုံးကျည် ရောက်ရှိလာပါက ပစ်ချမည်ဟု ခြိမ်းခြောက်ထားသည်။

    ကုလသမဂ္ဂက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်များ ထုတ်လုပ်မှုကို တရားမ၀င်ဟု သတ်မှတ်ထားသော ဆုံးဖြတ်ချက်အများအပြားကို ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားက ထိုကဲ့သို့ ဒုံးကျည်ထုတ်လုပ်မှုမှာ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဟု ပြောဆိုထားသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ထိုနည်းပညာကို မြောက်ကိုရီးယားက အရပ်ဖက်နှင့် စစ်ဖက် နှစ်မျိုးစလုံးတွင် အသုံးပြုမည်ဟု ယူဆထားသည်။

    ယခုဂြိုဟ်တုလွှတ်တင်မှုနှင့်ပတ်သက်၍ ယနေ့နှောင်းပိုင်းတွင် ကုသမဂ္ဂ လုံခြုံရေးကောင်စီက အရေးအပေါ်အစည်းဝေးခေါ်ယူမည်ဖြစ်သည်။

    Ref: Aljazeera

  • လက်စတာမှာ တစ်နိုင်ငံလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဟု ၀င်းဂါးပြော

    လက်စတာမှာ တစ်နိုင်ငံလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    leis 2

    – အံ့သြဖွယ် ခြေစွမ်းကောင်းများ ပြသကာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာအသင်းမှာ အင်္ဂလန်ပြည်သူများ၏ နှလုံးသား ကို ဖမ်းစားနိုင်ခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က မန်စီးတီးအသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် လက်စတာမှာ ဒုတိယနေရာမှ စပါးကို ၅ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်သည်။ ၀င်းဂါးကမူ လက်စတာ၏ အနေအထား၊ ကစားပုံများက အင်္ဂလိပ်ဘောလုံးပရိတ်သတ်များ၏ နှလုံးသားနှင့် မျှော်လင့်ချက်များကို ဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။

    “ရာသီကုန်အထိ လက်စတာရရှိမယ့် အရာတစ်ခုကတော့ ကျွန်တော်တို့ ပရိတ်သတ်၊ မန်စီးတီးပရိတ်သတ်နဲ့ စပါး ပရိတ်သတ်တို့ကလွဲလို့ တစ်နိုင်ငံလုံး သူတို့အနောက်မှာ ရှိနေမယ်ဆိုတာပါပဲ။ နာမည်ကြီးကစားသမားတွေ မ၀ယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဝေဖန်တယ်။ ဒါပေမယ့် နာမည်ကြီးကစားသမားတစ်ယောက်မှမရှိတဲ့ အသင်းကို ခင်ဗျားတို့ အားပေးရပါလိမ့်မယ်။ လက်စတာဟာ လက်ဖျားခါလောက်အောင်ကောင်းတာကိုမြင်ရတာ ကျေနပ်စရာလို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • နယူးယောက်မြို့ရှိ နျူဓာတ်အားပေးစက်ရုံ ယိုစိမ့်မှုကြောင့် မြေအောက်ရေကို ထိခိုက်

    နယူးယောက်မြို့ရှိ နျူဓာတ်အားပေးစက်ရုံ ယိုစိမ့်မှုကြောင့် မြေအောက်ရေကို ထိခိုက်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ Indian Point နျူကလီးယားဓာတ်အားပေးစက်ရုံမှ ယိုစိမ့်မှုကြောင့်ပတ်ဝန်းကျင်တစ်ဝိုက်ရှိ မြေအောက်ရေအား ရေဒီယိုသတ္တုကြွကာ ထိခိုက်စေခဲ့သည်ဟု မြို့တော် အုပ်ချုပ်ရေးမှူး အန်ဒရူး ကျူအိုမိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ ဓာတ်အားပေးစက်ရုံအောက်ရှိ မြေအောက်ရေမှာ နယူးယောက်မြို့မြောက်ပိုင်း ၂၅ မိုင်မှ ဟဒ်ဆန်မြစ်အတွင်း စီးဝင်သည့် ရေလမ်းကြောင်းဖြစ်ပြီး ရေဒီယိုသတ္ထုကြွမှု ရာခိုင်နှုန်း ၆၅၀၀၀ ခန့်ရှိနေသည်။ သို့သော်လည်း ထိုရေမှာ သောက်ရေ ဖြန့်ဖြူးပေးသည့် ရေအရင်းအမြစ်မဟုတ်ပေ။

    ဓာတ်အားပေးစက်ရုံအား တာဝန်ယူလည်ပတ်နေသော Entergy ကုမ္ပဏီကမူ အဆိုပါ ရေဒီယိုသတ္တုကြွမှုကို အတည်ပြုခဲ့သော်လည်း ပြည်သူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး နောက်ဆက်တွဲပြဿနာများ ရှိမည်မဟုတ်ဟု ဆိုသည်။

    ထို့ပြင် ရေသို့ပျော်ဝင်ပါက ရေဒီယိုသတ္တုကြွမှုကို အားပျော့စေမည်ဖြစ်သောကြောင့် ဟူစတန်မြစ်ကိုလည်း ထိခိုက်ပျက်စီးစေမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အုပ်ချုပ်ရေးမှူး ကျူအိုမိုကမူ ထိုကဲ့သို့ ယိုစိမ့်မှုအတွက် အလွန်အမင်း စိုးရိမ်မိပြီး၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနသို့ ညွှန်ကြားထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ၁၀ မိုင်ပတ်ဝန်းကျင်ကို ကယ်ဆယ်ရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ထိုနေရာတွင် လူဦးရေ ၃၁၇၀၀၀ ခန့် ရှိနေသည်။

    Ref: CNN