News @ M-Media

Blog

  • တန်ဇန်းနီးယားတွင် မုဆိုးများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူကို သတ်ဖြတ်

    တန်ဇန်းနီးယားတွင် မုဆိုးများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူကို သတ်ဖြတ်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    tanzania

    – တရားမ၀င်မုဆိုးများအား လိုက်လံ စောင့်ကြည့်စဉ် ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် လေယာမှူးဖြစ်သူ ဗြိတိန်နိုင်ငံသား သသဘာဝပတ်ဝန်းကျင် ထိမ်းသိန်းစောင့်ရှောက်သူ အသတ်ခံရမှုကို တန်ဇန်းနီးယားသမ္မတက ဂျွန် မာဂူဖူလီက ရှုတ်ချလိုက်ပြီး ထိုကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ယမန်နေ့က ပြောကြားလိုက်ပါတယ်။

    သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားဟာ အသက် ၃၇ နှစ်အရွယ် ရော်ဂျာ ဂိုဝါဖြစ်ပြီး ကမ္ဘာကျော် ဆီရန်ဂေတီ အမျိုးသားဥယျာဉ်နှင့်ကပ်လျက် တန်ဇန်နီးယားမြောက်ပိုင်းက မဆ်ဝါဘေးမဲ့တောမှာ ကင်းလှည့်နေစဉ်အတွင်း နယ်ကျော်မုဆိုးတွေက ၎င်းစီးနင်းလာတဲ့ ဟယ်လီကော်ပတာကို ပစ်ချကာ ၎င်းကို သတ်ပစ်ခဲ့တာဖြစ်ပါတယ်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်တဲ့ Friedkin Conservation Fund အဖွဲ့မှာ အလုပ်လုပ်တဲ့ဂိုဝါဟာ မကြာမီက သတ်ဖြတ်ခံထားရတဲ့ ဆင်အလောင်းများကို တွေ့ရှိပြီးနောက် နယ်ကျော်မုဆိုးတွေကို ခြေရာခံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

    “ဒီကိစ္စဟာ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချသင့်တဲ့ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်” လို့ မာဂူဖူလီက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပြီး ပါဝင်ကျူးလွန်ခဲ့သူအားလုံးကို တရားစွဲဆိုကာ ဥပဒေအတိုင်း လုပ်ဆောင်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မာဂူဖူလီက တောရိုင်းတိရစ္ဆာန်တွေကို ဒီထက်မက ပိုမိုစောင့်ရှောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ဘေးမဲ့တောနဲ့ အမျိုးသားဥယျာဉ်ထဲမှာ အမဲလိုက်ခြင်းကို ကာကွယ်တိုက်ဖျက်သွားပါမယ်၊ နယ်ကျော်အမဲလိုက်သူတွေကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ လက်တွေတွဲထားပါစို့”

    အာဖရိကတိုက်တစ်ဝှမ်းမှာ ဆင်စွယ်ရယူလိုမှုနဲ့ ဆင်များကို သတ်ဖြတ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်ပြီး တန်ဇန်းနီးယား တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် ဆင်အကောင်ရေ သိန်းနဲ့ချီ သတ်ဖြတ်ခံနေရပါတယ်။

    Ref: Al-jazeera

  • အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးဖြစ်မည့် စာကြည့်တိုက်ကို ယူအေအီးတွင် တည်ဆောက်မည်

    အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးဖြစ်မည့် စာကြည့်တိုက်ကို ယူအေအီးတွင် တည်ဆောက်မည်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    uae

    – အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးဖြစ်လာမယ့် စာကြည့်တိုက်စီမံကိန်း စတင်တဲ့အခမ်းအနားကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး ဒုသမ္မတနဲ့ ဒူဘိုင်းဝန်ကြီးချုပ်ဖြစ်သူ ရှိခ် မိုဟာမက် ဘင် ရာရှစ်ဒ် အလ်မခ်တွမ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    ‘မုဟမ္မဒ် ဘင် ရှာရှစ်ဒ်’ လို့အမည်ရတဲ့ အဲဒီ စာကြည့်တိုက်ဟာ အလ်-ဂျဒက်ဖ်ဒေသက စတုရန်းပေ တစ်သန်းလောက် နေရာအကျယ်အ၀န်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး ၇ ထပ် ရှိမှာဖြစ်ပါတယ်။ ယူအေအီး ဒီရ်ဟမ် ၁ ဘီလီယံလောက်ကုန်ကျမယ့် အဲဒီ စာကြည့်တိုက်ကို ၂၀၁၇ ခုနှစ်မှာ ဖွင့်လှစ်သွားဖို့ လျာထားပြီး စာအုပ်ပေါင်း ၄.၅ သန်းကျော်ကို ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

    ဆွေးနွေးပွဲတွေ၊ ပြပွဲတွေ၊ အခမ်းအနားတွေ၊ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေအတွက် ခန်းမအများအပြား ပါဝင်မှာဖြစ်ပြီး ဒီရ်ဟန် ၂.၄ သန်း ဆုကြေးငွေချီးမြှင့်မယ့် “အာရဗီဘာသာစကားဆိုင်ရာဆု” လို ယဉ်ကျေးမှုနဲ့ အသိပညာဆိုင်ရာ ပြိုင်ပွဲတွေကိုလည်း လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် အာရဗ်လူမျိုးတွေရဲ့ ရှေးဟောင်း သမိုင်းအမွေအနှစ်နဲ့ လူ့အဖွဲ့အစည်းတွေရဲ့ သမိုင်းဆိုင်ရာတွေကိုလည်း အဲဒီ စာကြည့်တိုက်မှာ ပြသသွားမှာဖြစ်ပြီး၊ အနုပညာနဲ့ စာပေဆိုင်ရာ ခင်းကျင်းပြသတဲ့ နေရာတစ်ခုအဖြစ်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

    ပညာရပ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများကို ဒေသတွင်းမှာရော ကမ္ဘာတစ်ဝှမ်းမှာပါ ပြုလုပ်နိုင်ရေးအတွက် သင်ခန်းစာများ ဟောပြောပို့ချနိုင်သည့် ထိုင်ခုံ ၅၀၀ ပါဝင်တဲ့ ခန်းမတစ်ခုလည်း အဲဒီစာကြည့်တိုက်မှာ ပါဝင်မှာဖြစ်ပါတယ်။

    Ref: IINA

  • ရီပက်ဘလစ်ကန် သမ္မတလောင်းအတွက် အိုင်အိုဝါ မဲပေးမှုအတွင်း် လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့် ရှုံးနိမ့်

    ရီပက်ဘလစ်ကန် သမ္မတလောင်းအတွက် အိုင်အိုဝါ မဲပေးမှုအတွင်း် လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့် ရှုံးနိမ့်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    cruz
    အိုင်အိုဝါတွင် ထရမ့်အား အနိုင်ရခဲ့သည့် တဒ် ခရုဇ်

    – အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ရီပက်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ပွဲတွင် မက္ကဆီကိုများ၊ လူမည်းများ၊ မွတ်စလင်များနှင့် မသန်စွမ်းသူများအား နှိမ့်ချစော်ကားပြောဆိုခဲ့သည့် သန်းကြွယ်သူဌေး ဒေါ်နယ်ထရမ့်မှာ တက်ဒ် ခရုဇ်အား ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။

    တက္ကဆက်ပြည်နယ်မှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမားဖြစ်သူ ခရုဇ်မှာ မဲအရေအတွက် ၂၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ထရမ့်မှာ ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    “ဒီညဟာ အိုင်အိုဝါနဲ့ ကြီးကျယ်တဲ့ ဒီနိုင်ငံတစ်ဝှမ်းက ရဲရင့်တဲ့ ကွန်ဆာဗေးတစ်တွေရဲ့ အောင်ပွဲပါပဲ။ ရီပက်ဘလစ်ကန်ရဲ့ သမ္မတလောင်းကို မီဒီယာ၊ အစိုးရ၊ လော်ဘီသမားတွေက ရွေးချယ်တာမဟုတ်ဘဲ စိတ်ချရဆုံး၊ ပါဝါအာဏာအရှိဆုံး အမေရိကန်ပြည်သူတွေက ရွေးချယ်တယ်ဆိုတာကို အိုင်အိုဝါက သတိပေးခေါင်းလောင်း ထိုးလိုက်တာပါပဲ” ဟု ခရုဇ်က အနိုင်ရပြီးနောက် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

    ဖလော်ရီဒါမှ အထက်လွှတ်တော် အမတ်ဖြစ်သူ မာကို ရူဘီယိုက မဲအရေအတွက် ၂၃ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိခဲ့သည်။

    ဒီမိုကရက်တစ်ပါတီအတွက် ယှဉ်ပြိုင်မှုအတွင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဗားမောင့်ပြည်နယ်မှ ဆန်းဒါးစ်ကို နှာတစ်ဖျားအသာဖြင့် အနိုင်ရရှိခဲ့သည်။ ဟီလာရီက မဲအရေအတွက် ၄၉.၈ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးစ်က ၄၉.၆ ရာခိုင်နှုန်း ရရှိခဲ့ခြင်းဖြစ်သည်။

    အိုင်အိုဝါတွင် ယခုပြုလုပ်ခဲ့သည့် ပါတီကြီးနှစ်ခု၏ သမ္မတလောင်းရွေးချယ်ပွဲမှာ နောက်ဆုံး ရွေးချယ်မှုမဟုတ်သော်လည်း လာမည့် မဲဆွယ်မှုများအတွက် အရေးပါသည့် အင်အားတစ်ခု ဖြစ်စေခဲ့ခြင်းလည်း ဖြစ်သည်။ သမ္မတလောင်းရွေးချယ်ရန် ဆန္ဒပြုမှုကို အခြားသောပြည်နယ်များတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ နယူးဟမ့်ရှိုင်းယားပြည်နယ်တွင် ပြုလုပ်မည့် မဲပေးမှုမှာ အရေးပါသည့် အလှည့်အပြောင်း ဖြစ်မည်ဖြစ်သည်။

    Ref: Aljazeera

  • ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖလား ၃ လုံးအောင်ပွဲအတွက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်ဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    winger 3

    – ဖလား ၃ လုံးအောင်ပွဲ ရရှိချင်ပါက အသင်းမှာ တည်ငြိမ်ရမည်ဖြစ်ပြီး၊ ရာသီကုန်အထိ ယခုခြေစွမ်းမျိုး ဆက်ရှိနေရမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်တွင် တတိယနေရာ၌ ရှိနေပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၃ မှတ်သာ ကွာဟသည်။ FA ဖလားတွင်လည်း ပဉ္စမအဆင့်သို့ တက်ရောက်သွားခဲ့ပြီး ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ ရောက်ရှိနေသည်။ ၀င်းဂါးကမူ အသင်းမှာ ယခုနှစ်အတွင်း ဖလား ၃ လုံးအား စိန်ခေါ်နိုင်ရန် လုံးလောက်သည့် အခြေအနေမျိုး ရှိနေပြီး ထိပ်ဆုံးခြေစွမ်းတွင် တည်ငြိမ်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ပြိုင်ပွဲ ၃ ခုမှာ ကစားနေရတာဟာ သိပ်တော့ မလွယ်ပါဘူး။ ဖလား ၃ လုံးစလုံးရနိုင်လားလို့ ခင်ဗျားမေးလာရင်တော့ နည်းနည်း မတူဘူးပေါ့လေ။ လွန်လွန်ကျွံကျွံပြောရရင်တော့ ဖလား ၃ လုံး ရနိုင်ပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာမျိုး မရှိဖို့နဲ့ ခြေစွမ်းကောင်းတွေကို အဆက်မပြတ် ပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်လိုမျိုး၊ ဘာစီလိုနာလိုမျိုး အသင်းတိုင်းရဲ့အထက်မှာ ရှိရမှာပေါ့လေ။ ခက်တော့ခက်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၆
    M-Media

    OIC

    – သြစတေးလျ အစ္စလာမ့်ရေးရာပြတိုက် (IMA) နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မဲလ်ဘုန်းက Deakin တက္ကသိုလ်မှာ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အိုအိုင်စီအတွင်းရေးမှူးချုပ် အီယဒ် အာမီန်း မဒနီလည်း တက်ရောက်ခဲ့ပါတယ်။

    IMA ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းနေတဲ့ မွတ်စ်တာဖာ ဖာဟိုရ်က ပြတိုက်ရဲ့ အရေးပါတဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အကျဉ်းချုံး ဖော်ပြခဲ့ပြီး သြစလေးလျမှာရှိတဲ့ ဘာသာစုံလူမျိုးစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ပေးတဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ပြတိုက်ရဲ့ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။

    အဲဒီ အစ္စလာမ့်ရေးရာပြတိုက်ကို ၂၀၁၂ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မဒနီဟာ သြစတေးလျဝန်ကြီးချုပ် မဲကွမ်တန်ဘူလ်၊ ၀န်ကြီးတွေ၊ မြို့တော်ဝန်တွေ၊ အိုအိုင်စီဆိုင်ရာ သြစတေးလျအထူးသံတမန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး မဲလ်ဘုန်းတက္ကသိုလ်မှာရှိတဲ့ အာရဗ်နှင့် အစ္စလာမ့်ရေးရာလေ့လာရေးဌာနမှာလည်း စကားပြောခဲ့ပါတယ်။

    ယခုလည်ပတ်မှုအတွင်း အိုအိုင်စီခေါင်းဆောင်နဲ့အတူ နိုင်ငံတကာအစ္စလာမ့်ဓမ္မသတ်ပညာရှင်များ အတွင်းရေးမှူး ဒေါက်တာ အဗ္ဗဒူဆလမ်အဘာဒီနှင့် အိုအိုင်စီအကြီးတန်းအရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။

    Ref: IINA