News @ M-Media

Blog

  • လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌသစ် မန်းဝင်းခိုင်သန်းပြော

    လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌသစ် မန်းဝင်းခိုင်သန်းပြော

    Man
    ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

    နေပြည်တော်(ဖေဖော်ဝါရီ ၃)။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ အမတ်ဖြစ်သူ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ မန်းဝင်းခိုင်သန်း အား ဖေဖော်ဝါရီ ၃ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်လိုက်သည်။

    ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူ၊ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးတော်စပ်သူလည်း ဖြစ်သူ မန်းဝင်းခိုင်သန်းက ဥက္ကဌဖြစ်ဖြစ်ချင်း နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ ၎င်း၏ ပြောကြားချက်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
    လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ကြွရောက်လာသော ဧည့်သည်တော်ကြီးများ၊ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
    လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ…။

    ကျွန်တော် ကတော့ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးမှာ အခုလို နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

    လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ ကရင်တိုင်းရင်းသားဖြစ်တဲ့ ကျွန်တော့ကို ကြီးလေးတဲ့တာဝန်ထမ်းဆောင်ဖို့ ယုံကြည်စိတ်ချစွာဖြင့် ဥက္ကဌအဖြစ် ရွေးချယ်ခွင့်ပေးတဲ့အတွက် ကိုယ်စားလှယ်တော်ကြီးများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့အပေါ်ယုံကြည်လို့ ပေးအပ်တဲ့တာဝန်ကို ကျွန်တော့အနေနဲ့ ဥပဒေများနဲ့အညီ သစ္စာရှိစွာ ကျေကျေပွန်ပွန်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်။

    လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံဟာ တည်နေရာအနေအထားနဲ့ သယံဇာတပေါများကြွယ်ဝမှုတို့မှာ ဘယ်နိုင်ငံမှ မှီမယ်မထင်ပါဘူး။ အဲ့ဒီအနေအထားအရ ကျွန်တော်တို့နိုင်ငံဟာ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်ရမယ့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဖြစ်ခဲ့ပါဘူး။ အဲ့ဒီအခြေအနေကနေ ချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ပြည်သူပြည်သားတွေကနေ ရွေးချယ်ခဲ့တဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီးတို့ရဲ့တာဝန်ဖြစ်လာပြီ ဖြစ်ပါတယ်။

    လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာအောင် ဆောင်ရွက် ဖို့ ရလာတဲ့အခွင့်အရေးဟာ ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးတို့အတွက် ကြီးမားတဲ့ မဟာအခွင့်အရေးကြီးတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီရလာတဲ့ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး မှန်မှန်ကန်ကန် သစ္စာရှိစွာ ဆောင်ရွက်ရင်း မိမိတို့ရဲ့ကောင်းမွန်တဲ့ သမိုင်းသစ်တစ်ရပ်ကို ရေးထိုးရမှာ ဖြစ်ပါတယ်။

    လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။ ကျွန်တော်တို့ရဲ့ နိုင်ငံကို ချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးရရှိဖို့ ၊ တရားဥပဒေစိုးမိုးရေးရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် တရားဥပဒေတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီးသုံးရပ်အနက် ဥပဒေပြုရေးအာဏာရရှိထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အားလျော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ဥပဒေများကို ရေးဆွဲပြဌာန်းဖို့၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

    ဒါကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးတို့အနေနဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲ ငါတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံ သားတွေဖြစ်တယ်။ တစ်မြေထဲနေ၊ တစ်ရေထဲသောက်တဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်တယ်လို့ ခံယူပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများကို ရေးဆွဲပြဌာန်းနိုင်ဖို့ တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည်၊ ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးနဲ့ ကြိုးစားဆောင်ရွက်ပေးကြ ပါလို့ မေတ္တာရပ်ခံပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

    http://mizzimaburmese.com/article/10706

  • နိုင်ငံပေါင်း ၄၆ နိုင်ငံရဲ့ ယဉ်ကျေးမှုများ တစ်နေရာတည်းမှာ မြင်တွေ့ရမယ့် နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်

    နိုင်ငံပေါင်း ၄၆ နိုင်ငံရဲ့ ယဉ်ကျေးမှုများ တစ်နေရာတည်းမှာ မြင်တွေ့ရမယ့် နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media
    မိုးစက်
    23
    ရန်ကုန်။    ။  နိုင်ငံပေါင်းများစွာရဲ့ ယဉ်ကျေးမှုကို တစ်နေရာတည်းမှာ မြင်တွေ့ရမယ့် တတိယ အကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွေမှာ ပြုလုပ်ကျင်းပနေတာ ဖြစ်ပါတယ်။

    “မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရော ကျွန်မတို့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံတစ်ကာရဲ့ ယဉ်ကျေးမှုကို တစ်နေရာတည်းမှာ လေ့လာစေလိုတာကြောင့် ဒီပွဲကို ကျင်းပရတာ ဖြစ်ပါတယ်။ အခု ဒီမှာ နိုင်ငံပေါင်းများစွာရဲ့ ယဉ်ကျေးမှု၊လက်မှုပညာ အစားအသောက်တွေကို တစ်နေရာတည်းမှာ စုစည်းတွေ့ရှိနေရတာ ဖြစ်ပါတယ်” လို့ ပွဲတော်ပြုလုပ်ရခြင်းနှင့် ပတ်သတ်ပြီး Horizon International School မှ Management Security ဖြစ်တဲ့ မချိုဇင်ထွန်းက ဆိုပါတယ်။

    အဆိုပါ နိုင်ငံတကာယဉ်ကျေးမှုပွဲတော်တွင် နိုင်ငံပေါင်း ၄၆ နိုင်ငံက ခင်းကျင်းပြသထားပါတယ်။ ပြခန်းများတွင် နိုင်ငံတစ်နိုင်ငံ၏  အထင်ကရနေရာများ၊ ဝတ်စားဆင်ယင်မှုများ၊ အစားအသောက်များ၊ ယဉ်ကျေးမှုများကို ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတစ်နိုင်ငံစီရဲ့ ယဉ်ကျေးမှု အကအလှများကို အလှည့်ကျ တင်ဆက်ပေးလျှက် ရှိနေပါတယ်။

    ထိုပွဲတွင် သံရုံးများမှ ပူးပေါင်းပါဝင်ပေးထားကြပြီး နိုင်ငံခြားသား ဧည့်သည်များလည်း အများအပြား လာရောက် လေ့လာကြတာကို တွေ့ရှိရပါတယ်။ ယခုပြုလုပ်သော နိုင်ငံတကာယဉ်ကျေးမှုပွဲတော်သည်  တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး Horizon International School နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပူးပေါင်း ကျင်းပကြောင်း သိရှိရပါတယ်။3 6 12 14 15 16 26 27 28 30 32 35

     

  • အီရန်၏ စတော့ဈေးကွက် အမြင့်ဆုံးရောက်၊ ရေနံနှင့် ရှယ်ယာဈေးကွက်များ ပြန်ကျ

    အီရန်၏ စတော့ဈေးကွက် အမြင့်ဆုံးရောက်၊ ရေနံနှင့် ရှယ်ယာဈေးကွက်များ ပြန်ကျ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    stock 2

    – တရုတ်နိုင်ငံက အခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုကို ၆.၅ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းခဲ့ပြီး ကမ္ဘာ့ဈေးကွက် ကမောက်ကမဖြစ်မည့်အခြေအနေ ရိုက်ခတ်နိုင်သော်လည်း မိမိတို့မှာ ထိုအဖြစ်အပျက်ကို ကျော်လွှားနိုင်မည်ဟု တရုတ်စီးပွားရေးစီမံကိန်းဌာနမှ ထိပ်တန်းတာဝန်ရှိသူ ဇူရှောင်ရှီက ယနေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၅ ခုနှစ်တွင်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ၆.၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရှယ်ယာဈေးကွက်များကျဆင်းမှုကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြီးခဲ့သည့်နှစ်တွင် အလွန်အမင်း ထိခိုက်ခဲ့သည်။

    ရေနံဈေးနှုန်းများ ၃ ရက်ဆက်တိုက်ကျဆင်းမှုကြောင့် အာရှရှိ စတော့ရှယ်ယာဈေးကွက်များမှာလည်း ယနေ့တွင် ကျဆင်းသွားခဲ့သည်။ ရေနံဈေးကျမှုမှာ ပြီးခဲ့သည့် ၁၈ လအတွင်း ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ဈေးကွက်အတွင်း ရောင်းလိုအား အလွန်အမင်းများပြားမှုကြောင့် ဖြစ်သည်။ ရေနံဈေးကျမှုကြောင့် အာမခံချက်ရှိသည့် အခြားသော ကုန်စည်ဈေးကွက်များမှာ ဦးမော့လာခဲ့သည်။

    နိုင်ငံတကာက ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားနေသည့် အီရန်နိုင်ငံ၏ စတော့ဈေးကွက်များမှာ တစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယခင်က တစ်နေ့လျှင် ရောင်းဝယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၄၀ ဖိုးသာ ရှိရာမှ ယခုတွင် ၁၃၃ သန်းအထိ ရောက်ရှိနေပြီဖြစ်သည်။

    Ref: Press TV, Channelnewsasia

  • ဘာကာတိုက်စစ်မှူးနေးမာ အပြောင်းအရွှေ့ကိစ္စအတွက် ဘရာဇီးလ်တွင် ထပ်မံတရားစွဲခံရ

    ဘာကာတိုက်စစ်မှူးနေးမာ အပြောင်းအရွှေ့ကိစ္စအတွက် ဘရာဇီးလ်တွင် ထပ်မံတရားစွဲခံရ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    neymar 1

    – ဘာစီလိုနာသို့ ပြောင်းရွှေ့မှုအတွင်း အခွန်ရှောင်မှုနှင့် စာရွက်စာတမ်းများ မမှန်မကန်လုပ်မှုတို့အတွက် နေးမာ၊ ၎င်း၏ဖခင်၊ ဘာစီလိုနာ ဥက္ကဌဟောင်း ဆန်ဒရို ရိုဆဲလ်နှင့် လက်ရှိ ဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူတို့အား ဘရာဇီးလ်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့ ၄ ဦးမှာ ထိုအမှုဖြင့်ပင် စပိန်တွင် တရားရင်ဆိုင်နေရသည်။ နေးမာ ယခင်ကစားခဲ့ရာ ဆန်းတို့စ်ကလပ်အသင်း အခြေစိုက်သည့် ဆန်းတို့စ်မြို့မှ တရားရုံးက အခွန်ရှောင်မှုနှင့် လိမ်လည်ဖော်ပြမှုစွဲချက် ၄ ခုအတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု နေးမာ၏ ဖခင်ဖြစ်သူ နေးမာ စီနီယာက ပြောကြားခဲ့သည်။

    ထိုစွဲချက်၏ အဓိကိစ္စမှာ နေးမာ၏ ပုံရိပ်သုံးပြုခွင့်ဖြစ်ပြီး ကစားသမားနှင့် ဖခင်ဖြစ်သူတို့မှာ Neymar Sport e Marketing ဟုအမည်ပေးထားသည့် ကြားခံကုမ္ပဏီဖြင့် ထိုရပိုင်ခွင့်ကို ဘာစီလိုနာနှင့် ဆန်းတို့စ် ၂ သင်းစလုံးထံမှ ရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    စွဲချက်တွင် ဘရာဇီးလ်အစိုးရမှာ နေးမာထံမှ ရရှိမည့် အခွန်ငွေစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းကို လိမ်လည်ခံခဲ့ရသည်ဟု ဖြော်ပထားသည်။ ဘာစီလိုနာအသင်း ဥက္ကဌဟောင်း ရိုဆဲလ်နှင့် လက်ရှိဥက္ကဌ ဘာတိုမြူတို့မှာ နေးမားနှင့် အသင်းတို့ကြား တရားဝင်သဘောတူညီချက် ရရှိမှုအတွက် အသုံးပြုသော စာရွက်စာတမ်းများတွင် လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။

    Ref : Goal

  • ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

    ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year အဖြစ် မွတ်စလင်အမျိုးသမီးတစ်ဦး ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၃၊ ၂၀၁၆
    M-Media

    sg
    နော်ရီဇာနှင့် သူမစောင့်ရှောက်ပေးနေသည့် အဖိုးအို

    – စင်ကာပူရှိ နာမည်ကြီးသတင်းစာThe Straits Times က ရွေးချယ်သည့် ၂၀၁၅ ခုနှစ်အတွက် Singaporean of the Year ဆုကို စင်ကာပူ မွတ်စလင်အမျိုးသမီး နော်ရီဇာ အေ မန်ဆူရ်က ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုမှာ သာမန် စင်ကာပူပြည်သူများထဲမှ တစ်မူထူးခြားသည့် လုပ်ရပ်များကို ဆောင်ရွက်သောသူများ၊ အခြားသူများ၏ လူမှုဘ၀နှင့် လူ့အဖွဲ့အစည်း ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးသောသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

    စင်ကာပူနိုင်ငံသားများသာ မဲပေးရွေးချယ်ရသည့် အဆိုပါဆုအတွက် ဇကာတင် ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး ထိုအထဲမှ နော်ရီဇာ အေ မန်ဆူရ်က မဲအများဆုံးဖြင့် Singaporean of the Year ဆုကို ရရှိခဲ့သည်။ နော်ရီဇာမှာ အိုမင်းမစွမ်းဖြစ်နေသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ပြုစုပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဆိုပါ လူသားချင်းစာနာထောက်ထားသောလုပ်ရပ်ကြောင့် ယခုကဲ့သို့ အသိအမှတ်ပြု ခံခဲ့ရခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် ဈေးဝယ်ထွက်လာသော အဆိုပါ ဇနီးမောင်နှံမှ အဖိုးအိုမှာ ၎င်း၏ ဘောင်းဘီတွင် ရွှံ့များပေကျံမှုကို ရှင်းလင်းရန် ကြိုးစားစဉ် နော်ရီဇာနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အခြားသူများက နွမ်းပါးသော ထိုအဖိုးအိုအား မကူညီကြသော်လည်း နော်ရီဇာမှာ အဖိုးအို၏ ဘောင်းဘီကို သန့်ရှင်းပေးခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးအား အိမ်သို့ ပြန်လည် လိုက်ပို့ခဲ့သည်။

    ထို့နောက် နော်ရီဇာမှာ ပြုစုစောင့်ရှောက်မည့်သူမရှိသည့် အဆိုပါ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးအား အပတ်စဉ် သွားရောက်ပြုစုစောင့်ရှောက်ပေးခဲ့ကာ ညစ်ပတ်ပေရေနေသည့် ၎င်းတို့၏ အခန်းကိုလည်း သန့်ရှင်းပေးခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ အဖိုး၊ အဖွား ဇနီးမောင်နှံနှစ်ဦးမှာ ဘိုးဘွားရိပ်သာတွင် နေထိုင်နေပြီး နောရီဇာကမူ တစ်ပတ်တစ်ခါ သွားရောက်၍ ကြည့် ရှုအားပေးမှုများ ပြုလုပ်ပေးနေသည်။

    စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ၂၀၁၅ ခုနှစ် Singaporean of the Year ဆုကို ရရှိသည့် နော်ရီဇာအား Facebook စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။

    Ref: Straitstimes

    sg 2
    စင်ကာပူဝန်ကြီးချုပ်နှင့် နော်ရီဇာ