News @ M-Media

ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်၏ ဖရိုဖရဲဖြစ်မှုများကို ယူကေ ထောက်လှမ်းရေးအကြီးအကဲ ဖွင့်ချ

မတ် ၃၁၊ ၂၀၂၂

M-Media


-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ဟာ အလွန်အကျွံ မှားယွင်းသုံးသပ်မှုတွေ ရှိခဲ့ပြီး၊ အောက်ခြေစစ်တပ်ကလည်း ဖရိုဖရဲ ဖြစ်နေတယ်လို့ ယူကေ ထောက်လှမ်းရေးအကြီးအကဲ ဂျယ်ရီမီ ဖလီမင်က ပြောပါတယ်။ 

ရုရှားစစ်သားတွေဟာ အမိန့်မနာခံတာတွေ၊ ကိုယ့်လေယာဥ်ကိုယ် မှားယွင်းပစ်ချတာတွေ ရှိပြီး၊ ပူတင်အကြံပေးတွေကလည်း အမှန်တရားကို ပူတင်ဆီ မတင်ပြရဲဘူးလို့ ဖလီမင်က ဆိုပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ တစ်လကျော်လာပြီး နိုင်ငံရှေ့ပိုင်းက နယ်မြေတစ်ချို့ကို သိမ်းထားနိုင်ပေမယ့် အဓိက မြို့ကြီးတွေမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ခုခံမှုတွေကို ခံနေရတာပါ။ 

စစ်တပ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို ပူတင်ကာ ပိုတွက်ခဲ့ပြီး အချိန်တိုတိုနဲ့ သိမ်းပိုက်နိုင်မယ်လို့ ထင်ခဲ့ကြောင်း ဖလီမင်က ပြောပါတယ်။ 

“ပူတင်ဟာ သူ့အစီအစဥ်အတိုင်း လိုက်လုပ်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်ပါဘူး။ ဒုတိယအစီအစဥ်အဖြစ် အရပ်သားတွေနဲ့ မြို့ကြီးတွေအပေါ် ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာပါတယ်။ ပူတင်က သူ့ပြည်သူတွေကို လိမ်ထားပြီး၊ စစ်တပ်က မစွမ်းဆောင်နိုင်ဘူးဆိုတာ ဖုံးကွယ်ထားတာကို ကျွန်တော်တို့ တွေ့ရပါတယ်”

လက်နက်ခဲယမ်း ပြတ်လပ်တာ၊ စိတ်ဓာတ်ကျတာတွေကြောင့် ရုရှားစစ်သားတွေ အမိန့်မနာခံတာ၊ ကိုယ့်လက်နက်ခဲယမ်းကို ကိုယ်တိုင် ပြန်ဖျက်ဆီးတာတွေရှိနေကာ ပူတင်ဟာ အခြေအနေကို အလွန်အမင်း မှားယွင်းသုံးသပ်ခဲ့တယ်လို့လည်း ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

“ယူကရိန်းပြည်သူတွေရဲ့ ခုခံကာကွယ်မှုကို မှားယွင်းသုံးသပ်ခဲ့တာ ထင်ရှားပါတယ်။ သူ့ရဲ့လုပ်ရပ်ကြောင့် မဟာမိတ်နိုင်ငံတွေက တုန့်ပြန်မယ့်အင်အားကို သူလျှော့တွက်ခဲ့တယ်။ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ဖြစ်လာမယ့် စီးပွားရေးဆိုးကျိုးတွေ သိပ်မဆိုးနိုင်ဘူးလို့လည်း သူက ထင်ခဲ့ပါတယ်”

အမေရိကန် အာဏာပိုင်တွေကလည်း ပူတင်ရဲ့ အကြံပေးတွေဟာ သတင်းအချက်အလက်တွေကို ထိန်ချန်ထားပြီး မြေပြင်မှာ တပ်တွေ မစွမ်းဆောင်နိုင်တာ၊ ပိတ်ဆို့မှုကြောင့် စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်တာတွေကို ပူတင်ထံ တင်ပြမှု မရှိဘူးလို့ သုံသပ်ပါတယ်။ 

Ref: Financial Times