News @ M-Media

Blog

  • ပေါ့ဘာ၏ ဂျူဗင်တပ်စ်အနာဂတ် မသေချာ

    ပေါ့ဘာ၏ ဂျူဗင်တပ်စ်အနာဂတ် မသေချာ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    pogba

    – ဥရောပအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကွင်းလယ်လူပေါ့ဘာမှာ ယခုနှစ်ရာသီကုန်လျှင် ဂျူဗင်တပ်စ်မှ ထွက်ခွာတော့မည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပြောကြားလိုက်သည်။

    ရိုင်အိုလာမှာ နာမည်ကြီးကစားသမားဖြစ်သည့် ဇလာတန် အီဗရာဟီမိုဗစ်၊ မာရီယို ဘာလော့တယ်လီတို့၏ အေးဂျင့်လည်းဖြစ်ပြီး လက်ရှိအချိန်တွင် ပေါ့ဘာမှာ ဂျူဗင်တပ်စ်အသင်း၌ အာရုံစိုက်နေသော်လည်း ဇူလိုင်လကုန်ပိုင်းတွင် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။

    ပေါ့ဘာကို ဘာစီလိုနာ၊ ချယ်ဆီး၊ မန်စီးတီးတို့အပါအ၀င် ဥရောပအသင်းကြီး တော်တော်များများက စိတ်ဝင်စားနေကြသည်။

    “ပေါလ် (ပေါ့ဘာ) ဟာ သူ့ရဲ့စိတ်ထဲမှာရှိတာကို ဆုံးဖြတ်လေ့ရှိသူပါ။ ပြီးတော့ အခုအချိန်မှာ သူဟာ ဂျူဗင်တပ်စ်အတွက်ပဲ အာရုံစိုက်နေပါတယ်။ ဒီနှစ်ဇန်န၀ါရီ အသင်းကထွက်မယ်ဆိုတဲ့ သတင်းကိုတော့ ကျွန်တော် လုံးဝ ငြင်းဆိုပါတယ်။ အနာဂတ်မှာတော့ ကျွန်တော်တို့ စဉ်းစားရမှာပါ။ ဇူလိုင်လကုန်မှာ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက သူဟာ ဂျူဗင်တပ်စ်မှာနေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကတိအတိုင်းလည်း တည်ပါတယ်” ဟု ရိုင်အိုလာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ခြေစွမ်းမပြနိုင်လျှင် ရူနီကိုမရွေးဟု ဗန်ဂါးလ်ပြော

    ခြေစွမ်းမပြနိုင်လျှင် ရူနီကိုမရွေးဟု ဗန်ဂါးလ်ပြော

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    mu

    – အသင်းရှိ တိုက်စစ်မှူးရူနီ၏ ခြေစွမ်းမှာ လက်ခံနိုင်လောက်သည့် အဆင့်အတန်းတွင် မရှိပါက ၎င်းအား ရွေးချယ်မည်မဟုတ်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    အသင်းခေါင်းဆောင် ရူနီမှာ ယခုရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၂ ဂိုးသာ သွင်းယူထားနိုင်ပြီး ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိသောကြောင့် ဝေဖန်မှုများကို ခံနေရသည်။ ယနေ့တွင်ကစားမည့် လက်စတာစီးတီးနှင့်ပွဲတွင် ရူနီမှာ ပါဝင်မည်ဟု မျှော်လင့်ရပြီး ဗန်ဂါးလ်ကမူ ရူနီအား နေရာပေးမှုအတွက် ကာကွယ်ပြောကြားခဲ့သည်။

    “၀ိန်းဟာ တော်တော်လေး ကြိုးစားခဲ့ပါတယ်။ အသင်းကိုလည်း အများကြီး အကူအညီပေးခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်လေးကျေနပ်ပါတယ်” ဟု ပြောကြားခဲ့ပြီး၊ ရူနီမှာ နေရာပေးရန် တိုက်တန်လားဟု မေးမြန်းရာ ၎င်းက “တကယ် ထိုက်တန်တာပေါ့ဗျာ။ အဲဒီလိုမဟုတ်ရင် ချန်လှပ်ခံရမှာပေါ့။ အခုအချိန်မှာ သူဟာ အထောင်တိုက်စစ်မှူးနေရာမှာ မကစားပါဘူး။ မာရှယ်က အဲဒီနေရာမှာ ကစားနေတာပါ။ ဒါပေမယ့် နောက်ပွဲတွေမှာ သူအဲဒီနေရာမှာ ကစားရနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • အင်ဒိုနီးရှားက ခရီးသွားလုပ်ငန်းကို တိုးမြှင့်မည့်

    အင်ဒိုနီးရှားက ခရီးသွားလုပ်ငန်းကို တိုးမြှင့်မည့်

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    – ကုန်စည်များ၏ ဈေးနှုန်းထိုးကျမှုကိုခံစားနေရပြီး ပို့ကုန်များအပေါ်အဓိကမှီခိုနေရသော စီးပွားရေးလမ်းကြောင်းမှ ဖယ်ခွာကာ ခရီးသွားလာရေးလုပ်ငန်း တိုးတက်စေရန် လာမည့်နှစ်တွင် အဓိကထားလုပ်ဆောင်မည်ဟု အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

    “ဘာလီကျွန်းနဲ့ နူဆာတန်ဂါရာကျွန်းတွေ ပို့ကုန်တန်ဖိုးဈေးနှုန်းထိုးကျမှုဒဏ်ကို မခံစားရတာက ခရီးသွားလာမှုလုပ်ငန်း အားကောင်းတာကြောင့် ဖြစ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီး ဘန်ဘမ်းဘရွတ်ဂျိုနီဂိုရိုက ဂျာကာတာတွင်ကျင်းပသည့် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားသည် ကမ္ဘာ့ကျောက်မီးသွေးဈေးနှုန်း ထိုးကျမှုဒဏ်ကို အများဆုံး ခံစားနေရသည်။ အင်ဒိုနီးရှားမှာ လောင်စာတင်ပို့သည့်နိုင်ငံများအနက်မှ အကြီးဆုံးတင်ပို့သူဖြစ်ပြီး လောင်စာဈေးနှုန်းမှာ လွန်ခဲ့သော ၄ နှစ်အတွင်း ၅၀
    ရာခိုင်နှုန်း ထိုးကျခဲ့သည်။

    အင်ဒိုနီးရှားဗဟိုဘဏ် အကြီးအကဲ အဂတ်စ်မာတိုဝါဒိုဂျိုက ကြာသပတေးနေ့ဖိုရမ်တွင်၂၀၁၆ ၌ ပို့ကုန်တန်ဖိုးများမှာ ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

    သမ္မတဂျိုကိုဝီဒိုဒိုက “ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသား ၉ သန်း ၀င်ရောက်ခဲ့ပြီး မလေးရှားမှာတော့ နိုင်ငံခြားသား ၂၄ သန်း ၀င်ရောက်ခဲ့ပါတယ်။ ဒါတောင် ကျွန်တော်တို့ဆီမှာ မလေးရှားထက် ကမ္ဘာ့လှည့်ခရီးသည်တွေ လည်ပတ်နိုင်တဲ့ လမ်းကြောင်း ၁၀ ဆ ပိုများပါတယ်” ဟု ဆိုသည်။

    “ကျွန်တော် ၀န်ကြီးဌာနကို လာမယ့်လေးနှစ်အတွင်း နိုင်ငံခြားသာ သန်း ၂၀ ၀င်ရောက်နိုင်အောင် လုပ်ဆောင်ဖို့ စီမံထားပြီးပါပြီ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    Ref :IINA News

  • မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချီကာဂိုရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ ရှုတ်ချ

    မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ချီကာဂိုရှိ ဘာသာပေါင်းစုံခေါင်းဆောင်များ ရှုတ်ချ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    us

    – ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် မြင့်တက်လာသည့် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ချီကာဂိုတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များက ကန့်ကွက် ရှုတ်ချလိုက်သည်ဟု သိရသည်။

    “ဘာသာရေးလူ့အဖွဲ့အစည်းအားလုံးက အဖွဲ့ဝင်တွေအပေါ်မှာ ပြုလုပ်တဲ့ လူမျိုးရေးခွဲခြားမှုလုပ်ရပ်၊ အပြုအမူတွေကို ဆန့်ကျင်ကြဖို့ ချီကာဂိုဒေသက လူတိုင်းကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အထူးသဖြင့် ကျွန်တော်တို့သမိုင်းရဲ့ အခုအချိန်မှာ မွတ်စလင်တွေအပေါ် ဖြစ်ပျက်နေတာတွေပါ” ဟု ချီကာဂိုမြို့ ဘာသာရေးခေါင်းဆောင်များ ကောင်စီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်တွင် နိုင်ငံအတွင်းရှိ မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် ဆန့်ကျင်မှုများ၊ ခွဲခြားမှုများ မကြုံစဖူး မြင့်တက်လာမှုများနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင်ကိုလည်း လူ့အခွင့်အရေးအဖွဲ့ဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

    “ပြောင်းရွှေ့အခြေချသူတွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှု၊ ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအကို၊ မောင်နှမတွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ လူမည်းလူ့အဖွဲ့အစည်းက ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေ – ဒါတွေအားလုံဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် လက်မခံနိုင်စရာ ပုံစံတွေပါပဲ” ဟု ခရစ်ယာန် သိက္ခာတော်ရ ဆရာတော် ပေါလ် ရတ်ဂါက ပြောကြားခဲ့သည်။ ထို့ပြင် ကြောက်ရွံ့မှုနှင့် အမုန်းတို့မှ ပေါ်ထွက်လာခဲ့သည့် အဆိုပါကိစ္စများတွင် ကြံရာပါ ဖြစ်ခြင်းမှာလည်း ကံဆိုးသည့် နောက်ဆက်တွဲများဆီသို့ ဦးတည်သွားနိုင်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဘာသာရေးခေါင်းဆောင်များ ကောင်စီကလည်း အဆိုပါ အခမ်အနားတွင် အစ္စလာမ်ကြောက်ရောဂါနှင့်ပတ်သက်၍ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မွတ်စလင်များကို လေးစားသောအားဖြင့် အမုန်းမီးတောက်စေမည့် ပြောကြားမှုများကို ရပ်တန့်ကြရန် တစ်ဦးတစ်ယောက်ချင်းနှင့် နိုင်ငံရေးခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းများဖြစ်မည်ဟု ရေပန်းစားနေသည့် ဒေါ်နယ်ထရမ့်နှင့် ဘင်ကာဆန်တို့မှာ ၎င်းတို့၏ မိန့်ခွန်းများတွင် မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များကို ပေးခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    ပဲရစ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတစ်ဦးမှာ ဆီးရီးယားမှ ၀င်လာသည့် ဒုက္ခသည်ဟု အမေရိကန်သတင်းမီဒီယာများက မှားယွင်းထုတ်လွှင့်ခဲ့ပြီးနောက် အမေရိကန်ရှိ ပြည်နယ်အချို့မှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို လက်မခံတော့ဟု ကြေငြာခဲ့သည်။

    ဘာသာရေးခေါင်းဆောင်များကောင်စီ ဥက္ကဌ မိုက်ကယ် ဘလင့်စကီကမူ ဆီးရီးယားဒုက္ခသည်များအတွက် ဗဟိုအစိုးရ၏ စီစစ်မှုလုပ်ငန်းစဉ်ကို လက်ခံရန် တိုက်တွန်းခဲ့သည်။

    Ref: IINA News

  • ဒရော့ဘာ၏ ချယ်ဆီးအား ဝေဖန်မှုကို မော်ရင်ဟို ပြန်လည်တုန့်ပြန်

    ဒရော့ဘာ၏ ချယ်ဆီးအား ဝေဖန်မှုကို မော်ရင်ဟို ပြန်လည်တုန့်ပြန်

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    drogba
    – ချယ်ဆီးအသင်းတွင် ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်ကောင်းများ ပျောက်နေသည်ဟု ဒီဒီယာ ဒရော့ဘာ၏ ဝေဖန်မှုများ နည်းပြမော်ရင်ဟိုက ပယ်ချလိုက်ပြီး ဒရော့ဘာမှာ ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို ရောင်းကောင်းအောင် ဆောင်ရွက်နေခြင်ဟု တုန့်ပြန် ပြောဆိုလိုက်သည်။

    အဆိုပါ အထုပ္ပတ္တိစာအုပ်အား အရောင်းမြှင့်တင်ရေးအခမ်းအနား၌ မီဒီယာ၏ အင်တာဗျူးမှုတွင် ဒရော့ဘာက မိမိကစားသည့်ကာလတွင် ချယ်ဆီးအသင်း၏ အ၀တ်လဲခန်း၌ နာမည်ကြီးကစားသမားများနှင့် စိတ်ထားကောင်းများ ရှိခဲ့ပြီး ယခုအချိန်တွင် ထိုအုပ်စုထဲမှ ဂျွန်တယ်ရီတစ်ဦးတည်းသာ ကျန်ရှိတော့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ချယ်ဆီးကစားသမားများအနေဖြင့် ထိုကဲ့သို့ စိတ်ထားမျိုး ပြန်လည်ထားရှိရန်လည်း တိုက်တွန်းခဲ့သည်။

    “စာအုပ်ရောင်းကောင်းအောင် ဒီလိုပြောတာပါ။ ကျွန်တော်ကတော့ ဒီစာအုပ်ကို မဖတ်ပါဘူး။ ကောင်းမွန်တဲ့ အင်တာဗျူးတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဒီဒီယာလို နာမည်ကြီးကစားသမားတွေက ဂျာနယ်လစ်ကောင်းတွေ၊ သတင်းစာတွေ ဒါမှမဟုတ် ရုပ်သံတွေနဲ့ အင်တာဗျူးတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် ဒီအင်တာဗျူးမျိုးတော့ မဟုတ်ပါဘူး။ အဲဒါက စာအုပ်ရောင်းရဖို့ပါပဲ။ (အဲဒီမှတ်ချက်က) ကျွန်တော့်ကို စိတ်မပျက်စေပါဘူး။ အဲဒါဟာ စာအုပ်ရောင်းဖို့ပါပဲ” ဟု မော်ရင်ဟိုက ယမန်နေ့တွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal