ဒီဇင်ဘာ ၁၊ ၂၀၁၅
M-Media
– မန်စီးတီးအသင်းအား ပိုင်ဆိုင်သော City Football Group (CFG) က မိမိတို့မှာ တရုတ်ကုမ္ပဏီအုပ်စုတစ်ခု၏ ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး ရင်းနှီးမြှုပ်နှံမှုကို သဘောတူညီခဲ့သည်ဟု ကြေငြာခဲ့သည်။
အဆိုပါ တရုတ်ကုမ္ပဏီမှာ မီဒီယာ၊ အင်တာတိန်းမန့်၊ အားကစားနှင့် အင်တာနက်လုပ်ငန်းများကို လုပ်ဆောင်နေသည့် CMC Holdings and CITIC Capital ကုမ္ပဏီဖြစ်ပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် CFG ၏ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်မည်ဖြစ်သည်။
မန်စီးတီးအသင်းကို ၂၀၀၈ ခုနှစ်တွင် ရှိခ်မန်ဆူရ် ဘင် ဇေအဒ် အလ် နဟ်ယန်က ပေါင်း သန်း ၂၁၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တရုတ်ကုမ္ပဏီမှ ပါဝင်လာခြင်းကြောင့် ၎င်းမှာ အဘူဒါဘီယူနိုက်တက် အုပ်စုမှတစ်ဆင့် တစ်ဦးတည်းသော ရှယ်ယာပိုင်ရှင် မဟုတ်တော့ပေ။
CMC ဥက္ကဌ ရူဂန်လီမှာ City Football Group ဘုတ်အဖွဲ့၏ အဖွဲ့ ၀င်တစ်ဦးဖြစ်လာခဲ့ပြီး ဘုတ်အဖွဲ့ဝင်မှာလည်း ၇ ဦးအထိ ရှိလာပြီဖြစ်သည်။ City Football Group မှာ မန်စီးတီးအသင်းနှင့်အတူ အမေရိကန်မေဂျာလိဂ်မှ နယူးယောက်စီးတီး၊ သြစတေးလျ အေ-လိဂ်မှ မဲလ်ဘုန်းစီးတီးအသင်းတို့ကိုလည်း ပူးတွဲပိုင်ဆိုင်ပြီး ဂျပန်လိဂ် ယိုကိုဟားမားအသင်းတွင်လည်း ရှယ်ယာ ပါဝင်ထားသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.