News @ M-Media

Blog

  • ဂျာမနီတွင် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကျင်းပရန် အစီအစဉ်ကို ပြည်သူများ ပယ်ချ

    ဂျာမနီတွင် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကျင်းပရန် အစီအစဉ်ကို ပြည်သူများ ပယ်ချ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    germany

    – ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် အစီအစဉ်အား ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘာ့ဂ်မြို့ရှိ ပြည်သူများက ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ကာ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒခံယူပွဲတွင် မဲပေးသူပေါင်း ၆၅၀၀၀၀ အနက်မှ ၅၂ ရာခိုင်နှုန်းခန့်က ထိုအစီအစဉ်ကို ကန့်ကွက်မဲ ပေးခဲ့ကြသောကြောင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် စီမံကိန်းတစ်ခု အဆုံးသတ်သွားပြီဖြစ်သည်။

    ဂျာမနီက ထိုကဲ့သို့ ပယ်ချခဲ့သောကြောင့် ၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေးအတွက် လော့စ်အိန်ဂျလိစ်၊ ဘူဒါပက်စ်၊ ရောမနှင့် ပဲရစ်မြို့တို့က ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

    အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရေး ကြိုးပမ်းသည့်အဖွဲ့မှ  စီအီးအိုဖြစ်သူ နီကိုလက်စ်ဟီးလ်က မိမိအနေဖြင့် မတူညီသော အဖြေကို မျှော်လင့်ခဲ့သော်လည်း ဖြစ်မလာခဲ့ဘဲ ပြည်သူများ၏ သဘောထားကို အလေးထားသွားမည်ဟု ပြောကြားခဲ့သည်။

    အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရန် ဟမ်းဘာ့ဂ်ပြည်သူများ၏ ယခု ပယ်ချမှုမှာ ဂျာမနီတွင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်က ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် အစီအစဉ်ကိုလည်း မြူးနစ်မြို့ ပြည်သူများက ပယ်ချခဲ့ဖူးသည်။

    Ref: Aljazeera

  • IS ၀ဘ်ဆိုက်များအား အမေရိကန်ရှိ နာမည်ကြီး အိုင်တီကုမ္ပဏီတစ်ခုက ကာကွယ်ပေးနေ

    IS ၀ဘ်ဆိုက်များအား အမေရိကန်ရှိ နာမည်ကြီး အိုင်တီကုမ္ပဏီတစ်ခုက ကာကွယ်ပေးနေ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    is

    – IS ၏ အွန်လိုင်း လုပ်ငန်းစဉ်များ လျင်မြန်ရေးနှင့် လုံခြုံရေးမြင့်မားစေရန်အတွက် အမေရိကန်ရှိ အိုင်တီကုမ္ပဏီတစ်ခုဖြစ်သော CloudFlare အဖွဲ့က ကူညီလုပ်ဆောင်ပေးနေသည်ဟု Anonymous ဟက်ကာအဖွဲ့က ပြောကြားလိုက်သည်။

    ပဲရစ်တိုက်ခိုက်မှုပြီးနောက် Anonymous အဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့၏ အွန်လိုင်းလှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး ဆီလီကွန်တောင်ကြားအခြေစိုက် CloudFlare ကုမ္ပဏီမှာ စစ်သွေးကြွထောက်ခံသော ၀ဘ်ဆိုက်များကို ကာကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။

    CloudFlare မှာ Denial of Service တိုက်ခိုက်မှုဟုခေါ်သည့် ၀ဘ်ဆိုက်များအား လိပ်စာအများအပြားဖြင့် စုပြုံဝင်ရောက်ကာ ကျသွားစေခြင်း နည်းလမ်းကို တာဆီးသည့် နည်းပညာဖြင့် အဆိုပါ ၀ဘ်ဆိုက်များကို ကာကွယ်ပေးထားသောကြောင့် Anonymous က ထိုဝဘ်ဆိုက်များကို တိုက်ခိုက်ပါက ထိုနည်းပညာက တားဆီးလိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

    မကြာသေးမီက ထွက်ရှိလာခဲ့သည့် အစီရင်ခံစာတစ်ခုတွင် CloudFare မှာ အကြမ်းဖက်ဝါဒနှင့် ချိတ်ဆက်ထားသည့် ၀ဘ်ဆိုက် ၄၀ ကို ကာကွယ်ပေးထားပြီး ၎င်းတို့အထဲမှာ ၃၇ ခု မှာ ၀ါဒဖြန့်သက်သက် ဆိုက်များဖြစ်သည်ဟု ဖော်ပြထားသည်။

    Twitter တွင် ဟက်ကာအဖွဲ့မှ တင်ထားသောမှတ်ချက်၌ “Cloud Flare က IS အားပေးတဲ့ ၀ဘ်ဆိုက်တွေကို ၀န်ဆောင်မှုတွေ ပေးနေတယ်တယ်ဆိုတာ ထပ်တွေ့ရပြန်ပါပြီ။ ရှက်စရာပါပဲ” ဟု ရေးသားဖော်ပြခဲ့သည်။

    Cloud Flare ကို ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ မက်သယူး ပရင့်စ်က Anonymous အဖွဲ့၏ ပြောကြားမှုမှာ အခြေအမြစ်မရှိဘဲ အကြမ်းဖက်အုပ်စုအား ထောက်ပံ့ခြင်းအားဖြင့် မိမိတို့မှာ မည်သည့် အကျိုးအမြတ်မှ ရရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်ဖက်ဒရယ်အာဏာပိုင်များက ဆန်ဖရန်စစ္စကိုရှိ ၎င်းတို့၏ ရုံးခန်းသို့ လာရောက်ပါက ၎င်းတို့မှာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့ပြီး Anonymous အဖွဲ့ဝင်များနှင့်ပတ်သက်၍ အမေရိကန်အစိုးရထံမှ အကြံဥာဏ်များ ရယူသွားမည်ဟု ဆိုသည်။

    Ref: Dailymail

  • IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    bang

    – အစ္စလာမ့်မစ်ဖွံ့ဖြိုးရေးဘဏ် (IDB) ၏ နိုင်ငံလုံးဆိုင်ရာ ရုံးခန်းကို မြို့တော်ဒါကာတွင် ဖွင့်လှစ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံနှင့် IDB တို့မှာ သဘောတူညီချက်တစ်ခုကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    စာချုပ်ကို ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အဗ္ဗဒူလ်မာ အေ-မူဟစ်နှင့် IDB အုပ်စု၏ ဥက္ကဌ အဟ်မဒ်မုဟမ္မဒ်အလီတို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ဂျစ်ဒါတွင်ကျင်းပသော လက်မှတ်ရေးထိုးပွဲတွင် ဒေါက်တာအလီက ဘင်္ဂလားဒေ့ရှ်နှင့် ၎င်းတို့ ဘဏ်အုပ်စုအကြား တည်ထောင်ရာတွင် ပါဝင်သူနှင့် အားကိုးရသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ခိုင်မာသည့် ဆက်ဆံရေးမှာ ၄၁ နှစ် ရှိပြီဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

    “ယခုလက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ငွေကြေးပက်သက်မှုဟာ ဒေါ်လာ ၁၈.၆ ဘီလီယံ ပမာဏ ရှိပါတယ်။ဒီပမာဏဟာ IDB အဖွဲ့ဝင် ၅၆ နိုင်ငံထဲမှာ အများဆုံးပမာဏလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာအလီက ပြောသည်။

    သဘောတူညီမှု ယူထားသော လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းဖောက်လုပ်ရေး၊ ရေပေးဝေရေး၊ တွင်းထွက်လုပ်ငန်း၊ လမ်းဖောက်လုပ်ရေး၊ ပညာရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ အပါအ၀င် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ ရာနှင့်ချီ၍ ပါဝင်သည်။

    IDB ဥက္ကဌက ဒါကာတွင် ရုံးခန်းဖွင့်လှစ်မှုမှာ ဘင်္ဂလားဒေ့ရှ်နှင့် IDB အုပ်စုကြား ပူးပေါင်းဆက်သွယ်ရေးကို မြှင့်တင်ရာတွင် ကောင်းမွန်သော အကျိုးသက်ရောက်များ ရှိမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယား၊ အီဂျစ် စသော အဖွဲ့ဝင်ငါးနိုင်ငံတွင် ထိုကဲ့သို့ ရုံးခန်းများ ဖွင့်လှစ်ရန်လည်း IDB က စီစဉ်နေသည်။

    Ref: IINA News

  • ပြည်တွင်းလုပ် ဒုံးကျည်များကို အီရန်က ရေတပ်သို့ လွှဲပြောင်းပေးအပ်

    ပြည်တွင်းလုပ် ဒုံးကျည်များကို အီရန်က ရေတပ်သို့ လွှဲပြောင်းပေးအပ်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    cruze

    – အီရန်ရေတပ်သည် ပြည်တွင်း၌ပင် တီထွင်ပြုလုပ်ထားသော “ကာဒရ်” ဟုခေါ်သည့် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များကို တရားဝင်လက်ခံရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါ ကာဒရ် ဒုံးကျည်များအား ယမန်နေ့က အီရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုအခမ်းအနားသို့ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန်ဒေကန်နှင့် ရေတပ်ဗိုလ်ချုပ် ဟဘီဘွလ္လာဟ် ဆေယာရီ တို့ တက်ရောက်ခဲ့ကြသည်။

    “အီရန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လေကြောင်းနှင့် အာကာသအဖွဲ့က သိပ္ပံပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့တဲ့ ကာဒရ် ဒုံးကျည်တွေကို အီရန်အစ္စလာမ့်သမ္မတနိုင်ငံရဲ့ ရေတပ်ကို ပထမဆုံးအကြိမ် လွှဲပြောင်းခဲ့ခြင်းဖြစ်ပါတယ်’ ဟု ဒေကန်က ပြောကြားခဲ့သည်။

    အဆိုပါ တာဝေးပစ်ဒုံးကျည်များမှာ အလွန်လျင်မြန်သော တုံ့ပြန်နိုင်စွမ်းရှိခြင်း၊ အနိမ့်ပိုင်းတွင် ပျံသန်းနိုင်ခြင်း၊ ပစ်မှတ်တိကျခြင်း၊ ဖျက်စီးမှုစွမ်းအား ကြီးမားခြင်းနှင့် လျှပ်စစ်မရှိသောစစ်ပွဲတွင်ပါ တပ်ဆင်အသုံးပြုနိုင်သည့် စွမ်းရည်များရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    ဒေကန်က ထပ်မံ၍ အီရန်နိုင်ငံရဲ့ရန်သူများမှာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို သတိပြုနေရပြီး မိမိတို့နိုင်ငံ အကျိုးစီးပွားထိခိုက်စေရန် မည်သည့်အချိန်တွင်မှ လုပ်ရဲမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    မကြားသေးမီနှစ်များက အီရန်နိုင်ငံသည် ကာကွယ်ရေးပိုင်းတွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိခဲ့ပြီး အဓိက စစ်ဘက်သုံး လက်နက်ကိရိယာများကို ကိုယ်ပိုင်ထုတ်လုပ်နိုင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။

    အီရန်သည် ၎င်း၏စစ်တပ်မှာ အခြားတိုင်းပြည်များကို ခြိမ်းခြောက်စေလို၍မဟုတ်ဘဲ အီရန်၏ကာကွယ်ရေးမူဝါဒမှာ နှောက်ယှက်ဟန့်တားသူများကိုသာ လုံးဝအခြေခံထားကြောင်း အခိုင်အမာပြောဆိုထားသည်။

    Ref: Press TV

  • တူရကီဘောလုံးသမားများခေါ်ယူခွင့်ကို ရုရှားပိတ်ပင်

    တူရကီဘောလုံးသမားများခေါ်ယူခွင့်ကို ရုရှားပိတ်ပင်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    putin

    – ဆီးရီးယားနယ်စပ်တွင် ရုရှားတိုက်လေယာဉ်အား တူရကီက ပစ်ချပြီးနောက်ပိုင်း ၂ နိုင်ငံ ဆက်ရေး တင်းမာနေချိန်တွင် နိုင်ငံအတွင်းရှိ ဘောလုံးကလပ်များအနေဖြင့် လာမည့်ဇန်န၀ါရီတွင် တူရကီ ကစားသမားများကို ခေါ်ယူခြင်းမပြုရန် ရုရှားက ပိတ်ပင်လိုက်သည်ဟု သိရသည်။

    ထိုကိစ္စကြောင့် တူရကီအပေါ် ရုရှားက စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ခဲ့ပြီး ယခုတွင် အားကစားနယ်ပယ်၌ပါ ကူးစက်လာခဲ့သည်။

    “တကယ်လို့များ တစ်သင်းသင်းက ဆောင်းရာသီအပြောင်းအရွှေ့မှာ (တူရကီကစားသမား တစ်ဦးဦးကို) ခေါ်ယူချင်တယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ရုရှား အားကစားဝန်ကြီး ဗီတလေ မတ်ကိုက ပြောကြားခဲ့သည်။

    သို့သော်လည်း လက်ရှိ ရုရှားကလပ်များတွင် ကစားနေသူများကိုမူ အတင်းအဓမ္မ ပြန်ခိုင်းမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “လက်ရှိစာချုပ်ရှိနေတဲ့ မည်သူမဆို ဆက်ပြီး ကစားနိုင်မှာပါ။ အနာဂတ်မှာတော့ ဒီမှာ ရှိလို့မရပေမယ့် လက်ရှိမှာ သူတို့ဟာ စာချုပ်ရှိနေပြီး ပိတ်ပင်တဲ့အထဲမှာ ဒါတော့ မပါပါဘူး”

    Ref: Goal