News @ M-Media

IS ၀ဘ်ဆိုက်များအား အမေရိကန်ရှိ နာမည်ကြီး အိုင်တီကုမ္ပဏီတစ်ခုက ကာကွယ်ပေးနေ

နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media

is

– IS ၏ အွန်လိုင်း လုပ်ငန်းစဉ်များ လျင်မြန်ရေးနှင့် လုံခြုံရေးမြင့်မားစေရန်အတွက် အမေရိကန်ရှိ အိုင်တီကုမ္ပဏီတစ်ခုဖြစ်သော CloudFlare အဖွဲ့က ကူညီလုပ်ဆောင်ပေးနေသည်ဟု Anonymous ဟက်ကာအဖွဲ့က ပြောကြားလိုက်သည်။

ပဲရစ်တိုက်ခိုက်မှုပြီးနောက် Anonymous အဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့၏ အွန်လိုင်းလှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး ဆီလီကွန်တောင်ကြားအခြေစိုက် CloudFlare ကုမ္ပဏီမှာ စစ်သွေးကြွထောက်ခံသော ၀ဘ်ဆိုက်များကို ကာကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။

CloudFlare မှာ Denial of Service တိုက်ခိုက်မှုဟုခေါ်သည့် ၀ဘ်ဆိုက်များအား လိပ်စာအများအပြားဖြင့် စုပြုံဝင်ရောက်ကာ ကျသွားစေခြင်း နည်းလမ်းကို တာဆီးသည့် နည်းပညာဖြင့် အဆိုပါ ၀ဘ်ဆိုက်များကို ကာကွယ်ပေးထားသောကြောင့် Anonymous က ထိုဝဘ်ဆိုက်များကို တိုက်ခိုက်ပါက ထိုနည်းပညာက တားဆီးလိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီက ထွက်ရှိလာခဲ့သည့် အစီရင်ခံစာတစ်ခုတွင် CloudFare မှာ အကြမ်းဖက်ဝါဒနှင့် ချိတ်ဆက်ထားသည့် ၀ဘ်ဆိုက် ၄၀ ကို ကာကွယ်ပေးထားပြီး ၎င်းတို့အထဲမှာ ၃၇ ခု မှာ ၀ါဒဖြန့်သက်သက် ဆိုက်များဖြစ်သည်ဟု ဖော်ပြထားသည်။

Twitter တွင် ဟက်ကာအဖွဲ့မှ တင်ထားသောမှတ်ချက်၌ “Cloud Flare က IS အားပေးတဲ့ ၀ဘ်ဆိုက်တွေကို ၀န်ဆောင်မှုတွေ ပေးနေတယ်တယ်ဆိုတာ ထပ်တွေ့ရပြန်ပါပြီ။ ရှက်စရာပါပဲ” ဟု ရေးသားဖော်ပြခဲ့သည်။

Cloud Flare ကို ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ မက်သယူး ပရင့်စ်က Anonymous အဖွဲ့၏ ပြောကြားမှုမှာ အခြေအမြစ်မရှိဘဲ အကြမ်းဖက်အုပ်စုအား ထောက်ပံ့ခြင်းအားဖြင့် မိမိတို့မှာ မည်သည့် အကျိုးအမြတ်မှ ရရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်ဖက်ဒရယ်အာဏာပိုင်များက ဆန်ဖရန်စစ္စကိုရှိ ၎င်းတို့၏ ရုံးခန်းသို့ လာရောက်ပါက ၎င်းတို့မှာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့ပြီး Anonymous အဖွဲ့ဝင်များနှင့်ပတ်သက်၍ အမေရိကန်အစိုးရထံမှ အကြံဥာဏ်များ ရယူသွားမည်ဟု ဆိုသည်။

Ref: Dailymail

Comments

Leave a Reply