နိုဝင်ဘာ ၃၀၊ ၂၀၁၅
M-Media
– ဆီးရီးယားနယ်စပ်တွင် ရုရှားတိုက်လေယာဉ်အား တူရကီက ပစ်ချပြီးနောက်ပိုင်း ၂ နိုင်ငံ ဆက်ရေး တင်းမာနေချိန်တွင် နိုင်ငံအတွင်းရှိ ဘောလုံးကလပ်များအနေဖြင့် လာမည့်ဇန်န၀ါရီတွင် တူရကီ ကစားသမားများကို ခေါ်ယူခြင်းမပြုရန် ရုရှားက ပိတ်ပင်လိုက်သည်ဟု သိရသည်။
ထိုကိစ္စကြောင့် တူရကီအပေါ် ရုရှားက စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ခဲ့ပြီး ယခုတွင် အားကစားနယ်ပယ်၌ပါ ကူးစက်လာခဲ့သည်။
“တကယ်လို့များ တစ်သင်းသင်းက ဆောင်းရာသီအပြောင်းအရွှေ့မှာ (တူရကီကစားသမား တစ်ဦးဦးကို) ခေါ်ယူချင်တယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး” ဟု ရုရှား အားကစားဝန်ကြီး ဗီတလေ မတ်ကိုက ပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိ ရုရှားကလပ်များတွင် ကစားနေသူများကိုမူ အတင်းအဓမ္မ ပြန်ခိုင်းမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“လက်ရှိစာချုပ်ရှိနေတဲ့ မည်သူမဆို ဆက်ပြီး ကစားနိုင်မှာပါ။ အနာဂတ်မှာတော့ ဒီမှာ ရှိလို့မရပေမယ့် လက်ရှိမှာ သူတို့ဟာ စာချုပ်ရှိနေပြီး ပိတ်ပင်တဲ့အထဲမှာ ဒါတော့ မပါပါဘူး”
Ref: Goal


Leave a Reply
You must be logged in to post a comment.