News @ M-Media

Blog

  • ဆီးရီးယားအရေး ရုရှားပါဝင်မှုကို အိုဘားမားချီးကျူး

    ဆီးရီးယားအရေး ရုရှားပါဝင်မှုကို အိုဘားမားချီးကျူး

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    – ဆီးရီးယားပြဿနာ အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုတွင် ပါဝင်သည့် ရုရှား၏အခန်းကဏ္ဍကို အမေရိကန်သမ္မတ ရက်အိုဘားမားက ချီးကျူးလိုက်ပြီး IS အဖွဲ့အား ရုရှားက စစ်ရေးတိုက်ခိုက်မှုတွင် ပိုမိုကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်ရေး အတွက်လည်း ကမ်းလှမ်းလိုက်သည်။

    ပြီးခဲ့သည့် ရက်ပိုင်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ပြုလုပ်ခဲ့သည့် ဆီးရီးယားအရေး ဆွေးနွေးပွဲတွင် ရုရှားနှင့် အမေရိကန် နှစ်နိုင်ငံစလုံး ပါဝင်ခဲ့ပြီး လာမည့်နှစ်အတွင်း အပစ်ရပ်ရေး လက်မှတ်ထိုးကာ ရွေးကောက်ပွဲ ပြုလုပ်ရန်အထိ သဘောတူညီခဲ့ကြသည်။

    သို့သော်လည်း အိုဘားမားကမူ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်၏ အနာဂတ်၊ ၎င်းအား ကာကွယ်ပေးရန် ရုရှားက ပြုလုပ်နေသော လေကြောင်းမှ တိုက်ခိုက်မှုတို့နှင့် ပတ်သက်၍ မိမိတို့တွင် ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Alarabiya

  • ကမ္ဘာ့လက်ဝှေ့ကျော်တစ်ဦး ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ

    ကမ္ဘာ့လက်ဝှေ့ကျော်တစ်ဦး ချန်ပီယံဘွဲ့ ရုပ်သိမ်းခံရ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    cotto

    – ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC ၏ မစ်ဒယ်ဝိတ်တန်းချိန်ပီယံ မီဂွဲလ်ကော့တိုမှာ WBC မှ သတ်မှတ်ခဲ့သည့် ဒဏ်ကြေးကို ပေးဆောင်ခြင်း မပြုသောကြောင့် ၎င်း၏ ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်ဟု သိရသည်။

    လာမည့်စနေနေ့တွင် စိန်ခေါ်သူ လူငယ်လက်ဝှေ့သမား အလ်ဗာရက်ဇ်နှင့် ထိုးသတ်ရန် ရှိနေသည့် ကော့တိုမှာ ကန်ဒေါ်လာ သန်း ၃၀ ခန့် ရရှိမည့် ထိုပွဲအတွက် WBC ၏ စည်မျဉ်းစည်ကမ်း သဘောတူညီချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့သည့်အတွက် ကန်ဒေါ်လာ ၃ သိန်း ဒဏ်ငွေ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းကမူ ထိုဒဏ်ကြေးကို ပေးဆောင်ခဲ့ခြင်းမရှိပေ။

    ထို့ကြောင့် WBC က ၎င်း၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စနေနေ့ပွဲတွင် အလ်ဗာရက်ဇ်က အနိုင်ရရှိပါက ထိုချန်ပီယံဘွဲ့ကို ရယူနိုင်မည်ဖြစ်သည်။

    WBC မှ ထုတ်ပြန်သော ကြောငြာချက်တွင် ကော့တိုနှင့် ၎င်း၏ အဖွဲ့မှာ မိမိတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ခြင်းမရှိဟု ဖော်ပြခဲ့ပြီး အဖွဲ့ဥက္ကဌ မူရီစီယို ဆူလေမန်ကမူ သဘောတူညီချက်ကို လက်မှတ်ထိုးရန် ကော့တို၏ ငြင်းဆိုမှုမှာ စိတ်ပျက်ဖွယ်ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • အစ္စလာမ့်ဘဏ္ဏာရေးလုပ်ငန်း ဘာသာရပ်ကို ကရာချီ စီးပွားရေးတက္ကသိုလ်တွင် သင်ကြားတော့မည်

    အစ္စလာမ့်ဘဏ္ဏာရေးလုပ်ငန်း ဘာသာရပ်ကို ကရာချီ စီးပွားရေးတက္ကသိုလ်တွင် သင်ကြားတော့မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    paki

    – အစ္စလာမ့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဏာရေးလုပ်ငန်းများဆိုင်ရာ အသိပညာများ ရရှိရန်အတွက် ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ကရာချီစီးပွားရေးကတ္ကသိုလ် KUBS က လာမည့် ပညာသင်နှစ်မှစ၍ အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရပ်ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဘွဲ့နှင့် ဒီပလိုမာများ ပေးအပ်သွားမည်ဟု တက္ကသိုလ်ဥက္ကဌ ဒေါက်တာ ဒန်းနစ်ရှ် အဟ်မဒ် ဆစ်ဒီကီက ပြောကြားခဲ့သည်ဟု The Express Tribune တွင် ဖော်ပြခဲ့သည်။

    “ဇန်န၀ါရီကနေစပြီး MBA ဘွဲ့ ပေးနိုင်ဖို့နဲ့ နောက်လာမယ့်နှစ်မှာ အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ သီးခြားသင်ကြားဖို့ကို ကျွန်တော်တို့ အထူးအလေးထား လုပ်ဆောင်နေပါတယ်” ဟု ဆစ်ဒီကီက ဆိုပြီး ရိုးရာ အသိပညာနှင့် ခေတ်ပေါ်အသိပညာတို့အကြား ကွာဟမှုကို ပေါင်းကူးပေးရန်အတွက် ဘာသာရေးကျောင်းများနှင့် မဒ်ရာဆာများမှ ကျောင်းသားများကိုလည်း ၎င်းတို့တက္ကသိုလ်တွင် လက်ခံသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စလာမ့်ဘဏ်လုပ်ငန်း၊ ဘဏ္ဏာရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာတွေကို လေ့လာတာဟာ ကိုယ်ပိုင်အသိပညာနဲ့ လူနေမှုအဆင့်အတန်းကို တိုးတက်စေသလို၊ အခြားသူတွေရဲ့ ဘ၀တွေကိုလည်း တိုးတက်မှုတွေ ဖြစ်စေပါတယ်”

    တက္ကသိုလ်၏ သိပ္ပံရေးရာ စီမံခန့်ခွဲရေးဌာနမှ ပါမောက္ခ ဒေါက်တာ ခါလစ် အီရာကီကလည်း အစ္စလာမ့်ဘဏ္ဏာရေးလုပ်ငန်းဆိုင်ရာ သင်ကြားမှုများအတွက် လေ့လာရေးဘုတ်အဖွဲ့၊ သိပ္ပံဆိုင်ရာ စီမံခန့်ခွဲရေးဌာနှင့် ပညာရေးကောင်စီတို့ကလည်း ခွင့်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: IINA News

  • အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ

    အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယား ဒုက္ခသည်များကို မိမိတို့ပြည်နယ်များတွင် လက်မခံဟု အမေရိကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့က ကြေငြာပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းများ တိုက်ခိုက် ဖျက်ဆီးခံရမှုနှင့် မွတ်စလင်များကို ပစ်မှတ်ထားသည့် အမုန်းအခြေခံ ရာဇ၀တ်မှုများဟု သံသယဖြစ်စရာ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကာင်စီ CAIR ကမူ မိမိတို့မှာ မကြာသေးမီက မက်ဆာချူးဆက်၊ ဖလော်ရီဒါ၊ တက္ကဆက်၊ ကန်တာကီ၊ ဗာဂျီးနီးယား၊ နီဘရာဆာကာ၊ တန်နက်ဆီ၊ အိုဟိုင်းယိုး၊ နယူးယောက်နှင့် အခြားသော ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော “ဗလီဝတ်ကျောင်းတော်များ ဖျက်ဆီးခံရမှု၊ ခြိမ်းခြောက်ခံရမှုနှင့် အမုန်းအခြေခံ ဖြစ်ရပ်များ” ၏ မှတ်တမ်းများကို ရရှိထားသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

    လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ ၂၆ ဦးပါအ၀င် အမေရိကန်ရှိ ပြည်နယ် ၂၇ ခုမှ အုပ်ချုပ်ရေးမှူးများက သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုကို ထောက်ပြ၍ ၎င်းတို့မှာ ဆီးရီးယားဒုက္ခသည်များကို လက်ခံတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    အိုမာဟာနှင့် နီဘရာဆာကာ အစ္စလာမ့်စင်တာများမှ တာဝန်ရှိသူများကမူ တနင်္လာနေ့ညက အမည်မသိသူအချို့မှာ ဒေသတွင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၏ နံရံတွင် အီဖယ်မျှော်စင်ပုံကို စပရေးဖြင့် ရေးချယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တက္ကဆက်ပြည်နယ် ပက်ဖ်လူဂျာဗီလ်းမြို့ရှိ ဗလီဝတ်ကျောင်းတော်တွင်မူ ဒေသခံများ တနင်္လာနေ့မနက်ပိုင်း ၀တ်ပြုရန် ရောက်ရှိလာချိန်တွင် ဗလီတံခါးပေါက်နားတွင် ကုရ်အာန်စာအုပ်အား ဖြဲဆုပ်လွှတ်ပစ်ထားမှုကို တွေ့ရှိခဲ့ရသည်။

    ဖလော်ရီဒါပြည်နယ် စိန့်ပီတာစဘတ်မြို့တွင်မူ ပြင်သစ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို လူတစ်ဦးက ဖုန်းဆက်၍ ခြိမ်းခြောက်ခဲ့သည်။ ၎င်း၏ ခြိမ်းခြောက်မှု၌ မိမိတို့တွင် ပြည်သူ့စစ်များရှိပြီး အစ္စလာမ်ဘာသာဝင်များ ရှိသည့်နေရာသို့ လာရောက်ကာ ဗုံးခွဲ၍ တွေ့သမျှသူများ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်မည်ဟု ပြောကြားခဲ့သည်။

    CAIR ၏ အဆိုအရ ဖလော်ရီဒါရှိ နောက်ထပ် ဗလီဝတ်ကျောင်းတော်တစ်လုံးမှာလည်း ထိုကဲ့သို့ ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

    အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်တွင်လည်း ဆန္ဒပြသူများမှာ ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် စုရုံးကာ ၀တ်ပြုရန်လာရောက်သူများကို နှောက်ရှက်ခဲ့ပြီး စော်ကားပြောဆိုမှုများကိုလည်း ပြုလုပ်ခဲ့သည်။

    ယမန်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာလော့တီရှိ အငှားယဉ်မောင်းတစ်ဦးက ခရီသည်တစ်ဦးမှာ ၎င်းတို့ မွတ်စလင်ဟု ထင်မှတ်၍ ထိုးကြိတ်ကန်ကျောက်ခဲ့ပြီး သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • အများပျော်လို့ လိုက်မပျော် နိုင်ကြသေးသူများ

    အများပျော်လို့ လိုက်မပျော် နိုင်ကြသေးသူများ

    ဆောင်းပါးရှင် -ဖိုးစမ်းချောင်း (GG)
    ဧရာဝတီမှာ ကူးယူဖော်ပြသည်။

    IMG_01191
    ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပွားသည့် မန္တလေး အဓိကရုဏ်း ကာလတွင် လက်နက် ကိုင်ဆောင်ထားသော ဆူပူအုံကြွသူတချို့ (ဓာတ်ပုံ – ဧရာဝတီ)

    ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင်  NLD ပါတီ အောင်ပွဲခံနိုင်သည့်အတွက် ပြည်သူအများ ပျော်ရွှင်နေကြသော်လည်း လွတ်လွတ်လပ်လပ် မပျော်ရွှင်နိုင်သူများ ရှိနေပါသည်။ ၎င်းတို့ကတော့ အစ္စလမ်ဘာသာဝင်များ ဖြစ်ကြသည်။

    အကြောင်းမဲ့ စိုးရိမ်မှုတော့ မဟုတ်ပါ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLDပါတီမှ နေရာအားလုံး အနိုင်ရပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သော အဓိကရုဏ်းများနှင့် အမျိုးဘာသာ သာသနာဆိုသည့် အဖွဲ့အစည်းများ အားကောင်းလာကာ မွတ်စလင် မုန်းတီးစိတ်များ ပေါ်ပေါက်လာလာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများစသည့် အကြောင်းခြင်းရာများကို အခြေခံကာ စိုးရိမ်နေကြခြင်း ဖြစ်သည်။

    “ရွေးကောက်ပွဲ မတိုင်ခင်မှာ ကောလာဟလတွေကလည်း အများကြီးကြားရတော့ အရမ်းစိုးရိမ်မိတယ်” ဟု ချမ်းမြသာစည် မြို့နယ်၊ ချမ်းရှေ့ရပ်နေ အစ္စလမ် ဘာသာဝင်တဦးဖြစ်သူ ဦးခင်မောင်ထွေးက ပြောသည်။ “ရွေးကောက်ပွဲမတိုင်ခင် တရက် အလိုလောက်မှာ လူတွေ အမြဲစည်ကားနေတဲ့ လမ်းမကြီးတွေကို ခြောက်ကပ်ကုန်တယ်” ဟု သူကဆိုသည်။

    ဘာသာရေးကို ဇောင်းပေးသည့် ပါတီများ ၂၀၁၅ ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာသကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ထိုးနှက်ချက်များဖြင့် မဲဆွယ်စည်းရုံးမှုများ ရှိခဲ့သည့်အတွက် အစ္စလမ် ဘာသာဝင်များ အနေဖြင့် ရွေးကောက်ပွဲ ကာလတွင် အဓိကရုဏ်းများ ဖြစ်လာလေဦးမလားဆိုသည့် ပူပန်မှုများရှိခဲ့ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ဦးညီညီကျော်က ပြောသည်။

    “အခုမှပဲ စိတ်တော်တော် အေးသွားတယ်။ ရွေးကောက်ပွဲမှာ မဲသွားပေးဖို့ကို စိုးရိမ်ကြပေမယ့် သီးခြားခွဲထွက်နေခြင်းမရှိဘဲ တာဝန်သိ နိုင်ငံသား တယောက်အနေနဲ့  မဲရုံကို တန်းစီပြီး မဲသွားပေးခဲ့တဲ့ မွတ်စလင်တွေကိုလည်း ဂုဏ်ယူမိပါတယ်” ဟု ဦးညီညီကျော်က ရွေးကောက်ပွဲ ကျင်းပပြီးနောက် ငါးရက်အကြာတွင် ဧရာဝတီသို့ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲကာလတွင်  ရွေးကောက်ပွဲ ခုံရုံးအနေဖြင့် နေပြည်တော်တခုတွင်သာ ရှိသော်လည်း ၂၀၁၅ ရွေး ကောက်ပွဲတွင် တိုင်းနှင့်ပြည်နယ် ၁၄ခုစလုံး၌ ရွေးကောက်ပွဲခုံရုံးများ ထားရှိသောကြောင့် ရွေးကောက်ပွဲလွန်ကာလတွင် အငြင်းပွားမှုများ ပိုမိုကြုံတွေ့ရနိုင်သည်ဆိုသော ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။ ထို့အတူပင် ရွေးကောက်ပွဲနောက်ပိုင်း မဲရလဒ် အငြင်းပွားမှုများမှ မြစ်ဖျားခံကာ တခြားသောပြဿနာများ တက်လာလေမလားဆိုသည့် စိုးရိမ်မှုများလည်း အစ္စလမ် ဘာသာဝင်များတွင် ရှိနေပေသေးသည်။

    ရွေးကောက်ပွဲဆိုင်ရာ မဲရလဒ် အငြင်းပွားမှုများမှတဆင့် ပထမအနိုင်ရရှိသူ ကိုယ်စားလှယ်လောင်းအား အကြောင်း တစုံတခုရှာကာ ပယ်ချလိုက်ပြီး ဒုတိယလူကို တင်မြှောက်လိုက်သည့် ဖြစ်စဉ်မျိုး ဖြစ်လာခဲ့ပါက လူထုအနေဖြင့် လမ်းပေါ်ကို တက်လာနိုင်ကြောင်း၊ ထိုအချိန်တွင် မိမိတို့အစ္စလမ် ဘာသာဝင်များမှာ အဖွဲ့အစည်း တစုံတခု၏ နိုင်ငံရေးကစားကွက်ထဲ ကျရောက်သွားလေမလားဆိုသည့် စိုးရိမ်မှုများတော့ ကျန်ရှိနေဆဲဖြစ်ကြောင်း ဦးညီညီကျော်က ပြောသည်။

    ရွေးကောက်ပွဲ မကျင်းပခင်ကလည်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ပေါ်ပေါက်လာမည်ကို  လွန်စွာစိုးရိမ်ခဲ့ပြီး ရွေးကောက်ပွဲလွန် ကာလကိုလည်း ပိုမို၍ စိတ်ပူမိကြောင်း မန္တလေးမြို့ စကြာနွယ်စင် ရပ်ကွက်နေ  အစ္စလမ်ဘာသာဝင်တဦးက ပြောသည်။

    စကြာနွယ်စင်ရပ်ကွက်မှာ အစ္စလမ်ဘာသာဝင် အများစုနေထိုင်သော ရပ်ကွက်ကြီးတခုဖြစ်ပြီး လွန်ခဲ့သော တနှစ်ကျော်က စကြာနွယ်စင်ရပ်ကွက်၊ ၇၅လမ်း၊ ၃၅လမ်းထောင့်၌ ယာဉ်မတော်တဆမှု အသေးစားတခုဖြစ်ပေါ်ပြီး ထိုမှတဆင့် လူစုလူဝေး ဖြစ်လာကာ ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်သူများ ပေါ်ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုစဉ်အချိန်က သံဃာတော်များ၊ မြို့မိမြို့ဖများ၊ လုံခြုံရေးတာဝန်ရှိသူများမှ အချိန်မီ ဝိုင်းဝန်း ထိန်းသိမ်းနိုင်လိုက်သောကြောင့် ပြဿနာ ကြီးကြီးကျယ်ကျယ် မတက်ခဲ့ခြင်းဖြစ်သည်။

    ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုအနေဖြင့် အမှုအသေးအဖွဲ အနည်းငယ်သာ ရှိသေးပြီး မဲရလဒ်နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်း အချင်းချင်း ကန့်ကွက်သည့်အမှုမျိုး ယနေ့အထိ လုံးဝမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုညွှန်မှူး ဦးကျော်ကျော်စိုးက နိုဝင်ဘာ ၁၂ ရက်နေ့က ဧရာဝတီသို့ ပြောသည်။ ခရိုင်အစီရင်ခံစာ မိမိတို့ ထံတက်လာမှ အမှုအရေအတွက်ကို အတိအကျ ပြောနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

    အမှန်တကယ်အားဖြင့်် မန္တလေးမြို့ခံ အစ္စလမ်ဘာသာဝင်များ စိုးရိမ်စိတ်ပေါ်လာသည်မှာ ရွေးကောက်ပွဲနီးမှ မဟုတ်ပါ။ မိထ္တီလာ အဓိကရုဏ်း နောက်ပိုင်းကတည်းက အစ္စလမ်ဘာသာဝင် အများစုနေထိုင်ရာ စကြာနွယ်စင်၊ ကုလားပျို၊ ဂျွန်းတန်း၊ ၄၁ ပန်းဆတ်၊ သိုးခြံအစရှိသည့် မန္တလေး ရပ်ကွက်ကြီးများတွင် ညစဉ်ညတိုင်း အစ္စလမ်လူငယ်များမှာ အလှည့်ကျ ကင်းစောင့် တာဝန်ယူခဲ့ရသည်ကို တွေ့မြင်နေရသည်။

    ထို့အတူပင် သင်္ကြန်၊ သီတင်းကျွတ် စသည့် မြန်မာ့ရိုးရာ ပွဲတော်ကြီးများတွင် ယခင်တုန်းက မန္တလေးမြို့ခံ မွတ်စလင် လူငယ်များ ဝင်ရောက် ဆင်နွှဲလေ့ရှိသော်လည်း ၂၀၁၂ နောက်ပိုင်းတွင်မူ မြင်တွေ့ရခြင်း မရှိတော့ပါ။

    မိမိတို့ဘက်မှလည်း မွတ်စလင် လူငယ်များအား လူအများအပြား ဆင်နွှဲသော ပွဲတော်များတွင် ဝင်ရောက် ဆင်နွှဲခြင်းမပြုရန် ပြောဆို ထိန်းသိမ်းထားကြောင်း အမျိုးသားညီညွှတ်ရေး ကွန်ဂရက်ပါတီမှ ဒုဥက္ကဌ (၄) ဦးခင်မောင်သိန်းက ပြောသည်။ ဦးခင်မောင်သိန်းသည် ချမ်းအေးသာစံ မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အထက်မြန်မာပြည်၏ တဦးတည်းသော မွတ်စလင် ကိုယ်စားလှယ်လောင်း ဖြစ်သည်။

    “မြန်မာရိုးရာ ပွဲတော်တွေထဲမှာ ဆင်နွှဲရင်း လူငယ်သဘာဝ ရန်တွေဘာတွေဖြစ်ခဲ့ရင် မုတ်ဆိတ်တွေနဲ့ဆိုပြီး ပြဿနာက ပိုကြီးသွားနိုင်လို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရတာပါ” ဟု ၎င်းက ရှင်းပြသည်။

    နိုင်ငံတော်သည်လည်း အသွင်ကူးပြောင်းကာလကို အေးအေးဆေးဆေးနှင့် သွားနေသည်ဟု ယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည်လည်း လွန်စွာ အမျှော်အမြင်ကြီးသော ခေါင်းဆောင် တဦး ဖြစ်သကဲ့သို့ နိုင်ငံတကာမှလည်း စောင့်ကြည့်နေခြင်းကြောင့် ပြဿနာ အသေးအမွှားမှတပါး တခြားကိစ္စများ ဖြစ်လာနိုင်စရာမရှိဟု ဦးခင်မောင်သိန်းက ယူဆသည်။

    မိမိတို့ ရွေးကောက်ပွဲ ကော်မရှင်တွင် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိသော်လည်း တတ်နိုင်သမျှ  အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်ကို ရှုံးတဲ့လူကလည်း ကျေနပ်ပါ။ နိုင်တဲ့သူကလည်း အေးအေးဆေးဆေး နေပါဟု အကြံပြုလိုကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဒုညွှန်မှူး ဦးကျော်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။

    ရွေးကောက်ပွဲလွန် ကာလတွင် စိုးရိမ်စိတ်များ လျှော့နည်းလာပြီ ဖြစ်သော်လည်း အစိုးရသစ် မဖွဲ့နိုင်မချင်း စိုးရိမ်မှုများတော့ ကျန်ရှိနေဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ခံမွတ်စလင် တဦးဖြစ်သူ ဦးနေဝင်းက ပြောသည်။

    “အသိစိတ်ထဲမှာတော့ သိပ်မစိုးရိမ်တော့ဘူး။ မသိစိတ်ထဲတော့ စိုးရိမ်နေတုန်းပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။

    (ဖိုးစမ်းချောင်း (GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

    http://burma.irrawaddy.org/article/2015/11/17/101717.html