News @ M-Media

Blog

  • မိမိဂုဏ်သိက္ခာ မကျသေးဟု မိုယက်စ်ပြော

    မိမိဂုဏ်သိက္ခာ မကျသေးဟု မိုယက်စ်ပြော

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    moyes

    – လာလီဂါလပ် ဆိုစီဒက်အသင်းမှ ထုတ်ပယ်ခံရသော်လည်း မိမိ၏ ဂုဏ်သိက္ခာမှာ ကျဆင်းသွားမည်မဟုတ်ဘဲ ဘောလုံးလောက၏ မြင့်မားသည့် အဆင့်အတန်းတွင် ဆက်လက်နည်းပြနိုင်မည်ဟု မန်ယူနည်းပြဟောင်း မိုယက်စ်က ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်သွားပြီးနောက် မန်ယူနည်းပြဖြစ်ခဲ့ပြီး ရာသီမကုန်ခင် ထုတ်ပယ်ခံလိုက်ရသည့် မိုယက်စ်မှာ ဆိုဆီဒက်တွင်လည်း ၁၁ လသာ ခံခဲ့ပြီး ပြီးခဲ့သည်လက ထုတ်ပယ်ခံခဲ့ရသည်။ ထို့ကြောင့် မိုယက်စ်မှာ အဆင့်မြင့် ဘောလုံးလောကတွင် နည်းပြလုပ်ရန် မလွယ်တော့ဟု ဝေဖန်မှုများ ရှိလာခဲ့သည်။

    “ကျွန်တော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားပြီလားဆိုရင်တော့ မကျပါဘူး။ ကျွန်တော့်မှာ စပိန်ကစားသမားတွေ၊ စပိန်လိဂ်၊ မတူညီတဲ့ကစားပုံ အတွေးသစ်အမြင်သစ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိလာတာကြောင့် ကျွန်တော်က ပိုလို့တောင် တိုးတက်လာရမှာပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံးနှစ်တွေဟာ လာတော့မှာပါ။ အဲဗာတန်မှာ နည်းပြတုန်းက ကျွန်တော် ငယ်ပါသေးတယ်”

    “ပြီးတော့ အဲဒီမှာ ၁၁ နှစ်တာ ကုန်ဆုံးခဲ့တယ်။ ဆာအဲလက်စ်ရဲ့ မန်ယူကို ကျွန်တော် ရောက်ခဲ့တယ်။ ပြီးတော့ မတူညီတဲ့ ယဉ်ကျေးမှုအသစ်ကို တွေ့ကြုံခံစားဖို့အတွက် ကျွန်တော် စပိန်ကို အရဲစွန့် သွားခဲ့ပါတယ်။ ဒါ့ကြောင့် ခဏလောက်တော့စောင့်ပါ” ဟု မိုယက်စ်က The Sun သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်ကို ထောက်လှမ်းသည့် အစ္စရေးသူလျှို အခွင့်အရေးများဖြင့် ထောင်မှလွတ်

    အမေရိကန်ကို ထောက်လှမ်းသည့် အစ္စရေးသူလျှို အခွင့်အရေးများဖြင့် ထောင်မှလွတ်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်အား လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည့် အစ္စရေးသူလျှို ဂျိုနသန် ပိုလာ့ဒ်မှာ ထောင်ဒဏ် နှစ် ၃၀ ကျခံရပြီးနောက် ယနေ့တွင် မြောက်ကယ်ရိုလိုင်းနားရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသည်ဟု သိရသည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပိုလာ့ဒ် လွတ်မြောက်လာမှုအတွက် ကြိုဆိုခဲ့သည်။ အသက် ၆၀ အရွယ် ရှိပြီဖြစ်သည့် ပိုလာ့ဒ်မှာ အမေရိကန် ရေတပ်ထောက်လှမ်းရေး အရာရှိဟောင်းဖြစ်ပြီး အမရိကန်စစ်တပ်နှင့် ထောက်လှမ်းရေး၏ လျှို့ဝှက် စာရွက်စာတမ်းများကို အစ္စရေးသို့ လွှဲပြောင်းပေးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူဖြစ်သည်။

    ၎င်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အလုပ်တစ်ခုနှင့် နယူးယောက်ဧရိယာတွင် အိမ်တစ်လုံး ရရှိသည်ဟု ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    လွတ်ငြိမ်းချမ်းသာခွင့်အရ ၎င်းမှာ အမေရိကန်တွင် ၅ နှစ်ဆက်တိုက် နေထိုင်ရမည်ဖြစ်သော်လည်း နေတန်ယာဟုနှင့် အမေရိကန်ကွန်ဂရက်မှ အမတ်တစ်ချို့အပါအ၀င် ပိုလာ့ဒ်အား ထောက်ခံသူများမှာ အစ္စရေးသို့ ချက်ခြင်းပြောင်းရွှေ့ခွင့်ရရေး ခွင့်ပြုချက် တောင်းခံနေကြသည်။

    အစ္စရေးကလည်း ပိုလာ့ဒ်မှာ ၎င်းတို့အတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု ၁၉၉၀ ပြည့်နှစ်များတွင် ၀န်ခံခဲ့ပြီး နိုင်ငံသားပေးမည်ဟုလည်း အာမခံထားသည်။

    အမေရိကန် တာဝန်ရှိသူများကမူ ပိုလာ့ဒ်မှာ မိမိတို့၏ ထောက်လှမ်းရေး မှတ်စုများ၊ အကျိုးသက်ရောက်မှု ကြီးမားသည့် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်း အမြောက်အများ၊ အစ္စရေးက ရန်သူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အလုပ်ဆောင်ချက်များကို အစ္စရေးအစိုးရသို့ ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပိုလာ့ဒ်ကလည်း သူလျှိုလုပ်ခဲ့သည်ဟု ၁၉၈၆ ခုနှစ်တွင် ၀န်ခံခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ အိမ်ဖြူတော်ကမူ ပိုလာ့ဒ်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖော်ပြထားသည့် မည်သည့်အခြေအနေကိုမှ ပြောင်းလဲရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အစ္စရေးက ပြန်လည်လုပ်ဆောင်ပါက ပိုလာ့ဒ်အား ပြန်လွှတ်ပေးမည်ဟု ပြီးခဲ့သည့်နှစ်က အမေရိကန်မှ မက်လုံးပေးခဲ့သော်လည်း ထိုဆွေးနွေးပွဲမှာ အထမမြောက်သောကြောင့် ပိုလာ့ဒ်မှာ ယခုမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • မာလီဟိုတယ်တစ်ခုကို သေနတ်သမားများ ၀င်ရောက်စီးနင်း

    မာလီဟိုတယ်တစ်ခုကို သေနတ်သမားများ ၀င်ရောက်စီးနင်း

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    mali

    – မာလီနိုင်ငံ မြို့တော်ဘာမာကိုရှိ ကြယ် ၅ ပွင့် ဟိုတယ်တစ်ခုအတွင်း သေနတ်သမားများက ယနေ့မနက်ပိုင်းတွင် ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ဓားစားခံ ၁၇၀ ကို ဖမ်းဆီးထားသည်ဟု သိရသည်။

    မျက်မြင်သက်သေများကမူ သေနတ်သမား ၁၀ ဦးမှာ အစောင့်များအားလုံးကို သေနတ်ဖြင့်ပစ်၍ ဟိုတယ်အတွင်းသို့ ၀င်ရောက်သွားခဲ့ပြီး ဟိုတယ်အတွင်းမှ သေနတ်သံများကိုလည်း ကြားနေရသည်ဟု ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် မာလီရှိ ကုလတပ်ဖွဲ့များနှင် မာလီတပ်ဖွဲ့များမှာ ပူးပေါင်း၍ အခြေအနေကို ကိုင်တွယ်နေပြီး နေ့လည်ပိုင်းအထိ ဒဏ်ရာရသူ ၂ ဦး ရှိနေသည်ဟု သိရသည်။ သြဂုတ်လကလည်း ဘာမာကိုရှိ အခြားဟိုတယ်တစ်ခုမှာ ထိုကဲ့သို့ စီးနင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

    Ref: Aljazeera

  • ဘောလုံးလောက တားမြစ်ဆေး စစ်မှုမှာ အပေါ်ယံသာဖြစ်သည်ဟု ၀င်းဂါးဝေဖန်

    ဘောလုံးလောက တားမြစ်ဆေး စစ်မှုမှာ အပေါ်ယံသာဖြစ်သည်ဟု ၀င်းဂါးဝေဖန်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    winger

    – လက်ရှိ ဘောလုံးလောကတွင် တားမြစ်ဆေး စစ်ဆေးမှုမှာ အပေါ်ယံသာဖြစ်နေပြီး အခြား အားကစားနည်းများတွင် ပြုလုပ်သကဲ့သို့ တင်းတင်းကြပ်ကြပ် စစ်ဆေးရန် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက တိုက်တွန်းပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်ကလည်း ၀င်းဂါးက မိမိ၏ အသင်းသားများအား မည်သည့်အချိန်ကမှ စွမ်းအင်ပိုကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်း မရှိသော်လည်း ထိုစည်းမျဉ်းကို မလိုက်နာသည့် ပြိုင်ဘက်အသင်းများက မိမိအား စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ၀င်းဂါးကို ဖြေရှင်းချက် တောင်းထားသည်။

    “FA နဲ့ ဆွေးနွေးဖို့ ကျွန်တော် တကယ် လမ်းဖွင့်ထားပါတယ်။ တားမြစ်ဆေးပြဿနာဟာ ဘောလုံးကွင်းတွေ၊ ပြေးလမ်းတွေမှာ ရုတ်တရက် ဖုံးလွှမ်းလာပါတယ်။ စက်ဘီးအားကစားမှာလည်း ဒီပြဿနာရှိတယ်။ အဲဒါဆိုရင် စဉ်းစားရမှာက ဘောလုံးကစားသမားတွေရှိတဲ့ ကျွန်တော်တို့ ဘောလုံးလောကမှာ ဒါမျိုးမရှိဘူးဆိုတာ လုံးဝ ယုတ္တိမရှိပါဘူး။ ကျွန်တော်ကတော့ ပိုပြီး သေသေချာချာစစ်ဆေးတာ လိုချင်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အခုစစ်နေတာတွေက အပေါ်ယံပါပဲ။ ကျွန်တော်တို့လိုချင်တာက တားမြစ်ဆေး သုံးတာတွေ့ရင် အဲဒီသူကို အပြစ်ပေးဖို့ပါ။ ပြီးတော့ ကလပ်အသင်းကိုလည်း အပြစ်ပေးရပါမယ်”

    “ကျွန်တ်ာတို့ ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပြီး မျက်လုံးပိတ်မထားသင့်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဘောလုံးမှာတော့ ဒီလိုပြဿနာမရှိဘူးလို့ ထင်နေတာဟာ သိပ်တော့ သဘာဝမကျဘူးလေ” ဟု ၀င်းဂါးက ၀က်စ်ဘရွန်းနှင့်ပွဲအတွက် ယမန်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    Ref: Goal

  • IS အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အိန္ဒိယမွတ်စလင်များ နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်

    IS အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အိန္ဒိယမွတ်စလင်များ နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သော ဂျမာအသ် အိုလမာ အလ်-ဟင်ဒ်အဖွဲ့မှ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းတွင် IS အကြမ်းဖက်အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က ခွင့်မပြုပါဘူး။ အစ္စလာမ်ရဲ့အမည်နာမ၊ ဂျေဟာဒ်ရဲ့ အမည်နာမတွေကို အသုံးပြုပြီး သတ်ဖြတ်တာတွေ များလာတဲ့အတွက် ဒီလိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ဟာ ကျွန်တော်တို့ရဲ့ ဘာသာရေးတာဝန်ပါပဲ” ဟု ဂျမာအသ် အိုလမာ အီ-ဟင်ဒ်အဖွဲ့ အကြီးအကဲ မောင်လာနာ မဟ်မူးဒ် မဒနီက ပြောကြားခဲ့သည်။

    ထောင်သောင်းချီသော မွတ်စလင်များမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဆန္ဒပြခဲ့ကြပြီး IS အဖွဲ့နှင့် ၎င်းတို့အား သစ္စာခံသော အဖွဲ့များကို ဆန့်ကျင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီ၊ လက်ဘနွန်နှင့် ပဲရစ်တို့တွင် IS အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ၏ ၎င်းတို့အဖွဲ့အား ဆန့်ကျင်မှုများမှာ ပိုမို အရှိန်မြင့်လာခဲ့သည်။

    “ဒါတွေဟာ ကုရ်အာန်၊ အစ္စလာမ်နဲ့ တမန်တော်မြတ်ကြီးကို နာမည်ဖျက်ဖို့ ကြံစည်တာပါပဲ။ ဒီလိုကြံစည်မှုတွေကို ကျွန်တော်တို့ တွန်းလှန်တိုက်ဖျက်ရပါမယ်။ ဒီလိုတုန့်ပြန်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဂျေဟာဒ် (အမှန်တရားပေါ် ရပ်တည်ခြင်း) ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ လုပ်နေတဲ့သူတွေ (IS) အလ္လာဟ်အရှင်မြတ်ရဲ့ ရန်သူပါပဲ” ဟု မောင်လာနာက ထည့်သွင်းပြောကြားခဲ့ကြသည်။

    ဆန္ဒပြမှုတွင် ကိုင်ဆောင်ခဲ့ကသော ဆိုင်းဘုတ်များတွင် “IS မှာ လူသားအားလုံးအတွက် ခြိမ်းခြောက်မှု” “နေရာတိုင်းမှာ IS ကို ရပ်တန့်ပါ” ဟူ စာတမ်းများလည်း ပါဝင်ခဲ့သည်။

    “ကျွန်တော်တို့ကို တော်တော်လေး ထောက်ခံကြပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်အဖွဲ့အစည်း အားလုံးနီးပါး ကျွန်တော်တို့ရဲ့ ဆန္ဒထုတ်ဖော်မှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်”

    အိန္ဓိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ့်အဖွဲ့အစည်းထဲမှ တစ်ခုဖြစ်သော ဂျမာအသ် အိုလမာ-အီ-ဟင်ဒ်အဖွဲ့ကို ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သည့် အဖွဲ့လည်းဖြစ်သည်။ ထို့ပြင် ၂၀၀၈ ခုနှစ်ကလည်း အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဖသ်ဝါ ဓမ္မသတ်ကို ထုတ်ပြန်ခဲ့သည်။

    မဒနီကမူ IS အဖွဲ့မှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အစ္စလာမ်အား အသုံးချနေသည်ဟု ဆိုသည်။

    “ပြောချင်တာက အစ္စလာမ်ဟာ အကြမ်းဖက်ဝါဒနဲ့ ဘာမှမဆိုင်ဘူး ဆိုတာပါပဲ”

    Ref: Aljazeera