News @ M-Media
Blog
  • တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်
    တောင်အာရှငလျင် သေဆုံးသူ ၄၀ ခန့်ရှိနေပြီး ထပ်မံမြင့်တက်လာနိုင်
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    afg
    – အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းကို ဗဟိုပြု၍ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိ မြေငလျင်တစ်ခု ယနေ့ညနေပိုင်းက လှုပ်ခတ်သွားခဲ့ပြီး၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ပါ အဆိုပါ မြေငလျင်ဒဏ်ကို ခံစားခဲ့ရသည်။
    ကနဦးရရှိသော သတင်းများအရ အာဖဂန်မှ တက်ခ်ဟာရ်ပြည်နယ်ရှိ မိန်းကလေးစာသင်ကျောင်းတွင် အနည်းဆုံး ကျောင်းသား ၁၂ ဦးသေဆုံးခဲ့ကာ၊ ဆွက်တောင်ကြား၊ အာဖဂန်နှင့် ပါကစ္စတန်နယ်စပ်တို့တွင်လည်း အသေအပျောက်များ ရှိနေပြီး လက်ရှိအချိန်အထိ စုစုပေါင်း ၄၀ ကျော် သေဆုံးသည်ဟု သိရသည်။
    ထို့ပြင် အာဖဂန်မြောက်ပိုင်းတွင် အဆောက်အဦးများ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့ပြီး သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ် ရှိနေသည်။ ငလျင်ဒဏ်ကို အာဖဂန် မြို့တော် ကဘူးလ်၊ အိန္ဒိယမြို့တော် နယူးဒေလီနှင့် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်တို့အထိ ခံစားခဲ့ရပြီး ပြည်သူများမှာ လမ်းမများပေါ်သို့ အလျင်အမြန် ထွက်ပြေးခဲ့ကြသည်။
    အဆိုပါငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အာဖဂန်အစိုးရမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်အမြန် စတင်လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
    Ref: Aljazeera
  • ကနေဒါတွင် ဝေလငါးကြည့်သင်္ဘော တိမ်းမှောက်
    ကနေဒါတွင် ဝေလငါးကြည့်သင်္ဘော တိမ်းမှောက်
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    canada
    – ကနေဒါနိုင်ငံ ဗန်ကူးဗားကျွန်း အနောက်ဖက် ကမ်းရိုးတန်းရှိ တိုဖီနိုမြို့တွင် ကမ္ဘာ့လှည့်ခရီးသည် ၂၇ ဦး လိုက်ပါသွားသည့် ဝေလငါးကြည့် သင်္ဘောတစ်စင်း ယမန်နေ့ ညနေပိုင်းတွင် တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ထိုအထဲမှ ၂၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၈ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကာ တစ်ဦးမှာမူ ပျောက်ဆုံးနေသည်။ အန္တရာယ်ကျရောက်နေသည်ဟု သင်္ဘောမှ အချက်ပြမှု ရရှိခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီးကို စေလွှတ်ခဲ့ကာ ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
    အဆိုပါ တိုဖီနိုမြို့မှာ လူဦးရေ ၂၀၀၀ ခန့်သာရှိသော ကမ်းရိုးတမ်းမြို့ငယ်လေးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ရေလှိုင်းစီးသူများ၊ ဝေလငါး ကြည့်ရှုသူ နိုင်ငံခြားသာများဖြင့် စည်ကားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်ကလည်း ယခု တိမ်းမှောက်သွားသည့် သင်္ဘောကို ပိုင်ဆိုင်သော ကုမ္ပဏီမှ ဝေလငါးကြည့် သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ဖူးပြီး သင်္ဘောကပ္ပတိန်နှင့် ဂျာမနီ ကမ္ဘာလှည့်ခရီးသည်တစ်ဦး သေဆုံးခဲ့သည်။
    Ref: Channelnewsasia
  • အဖြူအမည်း မသဲကွဲတဲ့ မန်ချက်ဒါဘီ၊ ချယ်ဆီးရေတိမ်နစ်ခဲ့ပြီး၊ သရေနဲ့ ကံစပ်နေတဲ့ ကလော့ပ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀
    အဖြူအမည်း မသဲကွဲတဲ့ မန်ချက်ဒါဘီ၊ ချယ်ဆီးရေတိမ်နစ်ခဲ့ပြီး၊ သရေနဲ့ ကံစပ်နေတဲ့ ကလော့ပ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အားလုံးစောင့်ကြည့်နေကြတဲ့ မန်ချက်စတာဒါဘီမှာ အရှုံးအနိုင်မပေါ်ခဲ့သလို လီဗာပူးလ်းနည်းပြကလည်း သရေသံသရာကနေ မလွတ်မြောက်နိုင်သေးပါဘူး။ ချယ်ဆီးက ပဉ္စမမြောက် အရှုံးကို မြည်းစမ်းခဲ့ရပြီး အာဆင်နယ်က ၄ ပွဲဆက်အနိုင်နဲ့ ဇယားထိပ်ကို တစ်ရက်တာ ဦးဆောင်နိုင်ခဲ့ပါတယ်။
    အိုးထရက်ဖို့ဒ်က မန်ယူနဲ့ မန်စီးတီးပွဲကတော့ ထင်သလောက် စိတ်ဝင်စားစရာ မကောင်းခဲ့ဘဲ တစ်သင်းနဲ့တစ်သင်း နည်းစနစ်ပိုင်းဆိုင်ရာ အားပြိုင်မှုနဲ့ဘဲ အချိန်ကုန်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးက ပိုကောင်းခဲ့ပြီး၊ ပွဲပြီးကာနီးမှာ မာရှယ်ရဲ့ မြေကျကန်သွင်းချက် ဘားတန်းအပေါ်က ကျော်သွားတာ၊ စမောလင်းရဲ့ အပိုင်ကန်သွင်းမှုကို ဂျိုးဟတ် အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာတွေကြောင့် မန်ယူက ဂိုးမရခဲ့တာ ဖြစ်ပါတယ်။
    epl 2
    ချယ်ဆီးကတော့ ရုပ်ပျက်ဆင်းပျက်ပါပဲ။ ပထမပိုင်း ၁၇ မိနစ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရသလို၊ ကွင်းလယ်လူ မာတစ်က ပထမပိုင်းမပြီးခင် ဒုတိယ အ၀ါကဒ်နဲ့ ထွက်ခဲ့ရပါတယ်။ နည်းပြမော်ရင်ဟိုလည်း ဒိုင်ကို အလွန်အကျူး စောဒကတက်တာကြောင့် အထုတ်ခံခဲ့ရပြီး ပွဲကြည့်စင်ပေါ်ကနေ သွားရောက် ကြည့်ရှုခဲ့ရပါတယ်။ ၅၆ မိနစ်မှာ ကာဟေးလ်က ချေပဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် လူစားဝင်တိုက်စစ်မှူး ကားရိုလ်းက ၇၉ မိနစ်မှာ အိမ်ရှင်အတွက် အနိုင်ဂိုးသွင်းပေးခဲ့တာကြောင့် ၃ မှတ် အရယူပြီး ဒီရာသီ အသင်းကြီးတွေကို ဒုက္ခအပေးနိုင်ဆုံး အသင်းအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။
    epl 3
    လီဗာပူးလ်ကလည်း အိမ်ကွင်းမှာ ကစားပုံကောင်းခဲ့ပြီး ဦးဆောင်ဂိုးရခဲ့ပေမယ့် အနိုင် ၃ မှတ်တော့ မရခဲ့ပါဘူး။ ကလော့ပ်အတွက် ပထမဆုံးနိုင်ပွဲ ရယူပေးနိုင်မယ့် အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် ဘန်တီကီရဲ့ ၇၇ မိနစ် အားထုတ်မှုကသာ ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ ဆောက်သက်တမ်အတွက် ချေပဂိုးကိုတော့ ၈၆ မိနစ်မှာ ဆာဒီယို မိန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီရာသီမှာ ဂိုးပေါက်ပျောက်လို့ ဝေဖန်ခံနေရတဲ့ ဟယ်ရီကိန်းရဲ့ ဟက်ထရစ်နဲ့အတူ စပါးတို့ ဇယားအောက်နားက ဘုန်းမောက်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးပွဲမှာ နိုင်ပွဲမရှိဘဲ ၄ ပွဲအထိ ရှုံးထားတဲ့ ဆန်းဒါးလန်းက ခါးသီးတဲ့ မြို့ခံပြိုင်ဘက် နယူးကာဆယ်ကို အံသြစရာကောepl 4င်းလောက်အောင် ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီအနိုင်ဟာ ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်ရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဗီလာ ၁-၂ ဆွမ်ဆီး
    လက်စတာ ၁-၀ ပဲလေ့စ်
    နော်ဝစ်ခ်ျ ၀-၁ ၀က်စ်ဘရွန်း
    စတုတ်စီးတီး ၀-၂ ၀က်ဖို့ဒ်
    အာဆင်နယ် ၂-၁ အဲဗာတန်
    ဆန်ဒါးလန်း ၃-၀ နယူးကာဆယ်
    ဘုန်းမောက် ၁-၅ စပါး
    မန်ယူ ၀-၀ မန်စီးတီး
    လီဗာပူးလ် ၁-၁ ဆောက်သက်တမ်
  • အာဖဂန်ပြည်သူများအပေါ် ကျူးလွန်မှုဖြင့် ဗြိတိန်စစ်သားများကို စုံစမ်းနေ
    အာဖဂန်ပြည်သူများအပေါ် ကျူးလွန်မှုဖြင့် ဗြိတိန်စစ်သားများကို စုံစမ်းနေ
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    aga
    – အာဖဂန်စစ်ပွဲအတွင်း ဗြိတိန်စစ်သားများမှာ အာဖဂန်ပြည်သူများအပေါ် ဆိုးရွားစွာ ဆက်ဆံခဲ့သည်ဟူသော စွပ်စွဲချက်များအတွက် ဗြိတိန်ရဲတပ်ဖွဲ့က ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
    ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကြားတွင် ပြုလုပ်ခဲ့သည့် Herrick စစ်ဆင်ရေး၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော အာဖဂန်ပြည်သူ ၁၀၀ ကျော်က မိမိတို့မှာ ဗြိတိန်စစ်သားများ၏ စော်ကားမှုများ၊ မဖွယ်မရာ ဆက်ဆံမှုများကို ခံခဲ့ရသည်ဟု တိုင်တန်းထားခြင်းဖြစ်ပြီး တော်ဝင်စစ်ဘက်ဆိုင်ရာ ရဲဌာန (RMP) က Northmoor စစ်ဆင်ရေးဖြင့် စုံစမ်းစစ်ဆေးမှုများကို ဦးဆောင် ပြုလုပ်နေခြင်းဖြစ်သည်။
    ကာကွယ်ရေးဝန်ကြီး ပန်နီ မောရ်ဒေါင့်ကမူ စစ်တပ်မှာ တစ်ခါတစ်ရံတွင် “အကျိုးအကြောင်း မဆီလျော်သည့် စွပ်စွဲမှုများ” ကို ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် မောရ်ဒါင့်က ထိုကဲ့သို့ တရားရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ စစ်တပ်၏ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းအတွက် မေးခွန်းထုတ်စရာ ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ပြောကြားခဲ့သည်။
    ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှာ အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ ယခင်ကလည်း ထိုကဲ့သို့ စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ နစ်နာကြေးများကို ပေါင် သန်းနှင့်ချီ၍ ပေးခဲ့ရသည်။
    အာဖဂန်၌ ဗြိတိန်၏ စစ်ဆင်ရေးမှာ ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၃ နှစ်တာ ကြာမြင့်ခဲ့ကာ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ဗြိတိန်တပ်များအားလုံးမှာ အာဖဂန်မှ ရုပ်သိမ်းခဲ့သည်။
    Ref: BBC, News.sky.
  • လီဗာပူးလ်မှာ ယုံကြည်မှုပျောက်နေဟု ကလော့ပ်ပြော
    လီဗာပူးလ်မှာ ယုံကြည်မှုပျောက်နေဟု ကလော့ပ်ပြော
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    kla
    – မိမိအနေဖြင့် အသင်း၏ တိုးတက်မှုများအတွက် ကျေနပ်သော်လည်း ကစားသမားများတွင် ယုံကြည်ချက် ပျောက်ဆုံးနေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ဆောက်သက်တမ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်မှာ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ခဲ့ပြီး ၇၇ မိနစ်တွင် ဘန်တီကီ၏ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးကာနီး ၄ မိနစ်အလိုတွင် ချေပဂိုးပြန်ပေးခဲ့ရသည်။ ကလော့ပ် ကိုင်တွယ်ခဲ့ပြီးနောက် ကစားသည့် ၃ ပွဲစလုံးမှာ သရေဖြင့်သာ အဆုံးသတ်ခဲ့သည်။
    “သူတို့ တော်တော်လေး ကြိုးစားခဲ့တယ်။ အာရုံစူးစိုက်မှုအပြည့် ရှိတယ်။ နိုင်လိုစိတ်လည်း အပြည့်အ၀ ရှိပါတယ်။ ဒါပေမယ့် တစ်ဂိုး ပြန်ပေးလိုက်ရပြီးနောက်မှာတော့ အားလုံးရေစုံမျောပြီလို့ သူတို့ ခံစားခဲ့ရတယ်။ ဒါ ရေစုံမျောတာ မဟုတ်ပါဘူး။ ဂိုးတစ်ဂိုး ပေးလိုက်ရတာပါ။ နိုင်အောင်ပြန်ကစားလို့ ရပါတယ်။ ဒီယုံကြည်မှုမျိုး ကျွန်တော်တို့မှာလိုနေတာပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    လီဗာပူးမှာ ထိုပွဲသရေကြောင့် တစ်ဆင့်တက်လာခဲ့ပြီး အဆင့် ၉ နေရာတွင် ရှိနေသည်။
    Ref: Goal