News @ M-Media

Blog

  • အိန္ဒိယရှိ မုဒိမ်းမှုတစ်ခု ပြစ်ဒဏ်ချတော့မည်

    အိန္ဒိယရှိ မုဒိမ်းမှုတစ်ခု ပြစ်ဒဏ်ချတော့မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    india

    – ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုအတွက် Uber တက္ကဆီယာဉ်မောင်းဖြစ်သူ ရှီဗ် ကူးမားရ် ယာဒက်ဗ်ကို တရားရုံးက ယနေ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ထိုအမျိုးသမီးမှာ ကူးမားရ်၏ တက္ကဆီကို စီး၍ ညပိုင်း အိမ်ပြန်လာစဉ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီ ထိုအမှုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စွဲကပ်နေသည့် မြို့တော်ဒေလီရှိ အမျိုးသမီးများကို ကြောက်ရွံ့မှု တိုးစေခဲ့သည်။

    ကူးမားရ်အား အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုနှင့် နာကျင်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး လာမည့် သောကြာနေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ထိုပြဿနာ ဖြစ်ပွားပြီးကတည်းက အမေရိကန်အခြေစိုက် အငှားကား ကုမ္ပဏီတစ်ခုဖြစ်သော Uber ၏ ဒေလီရှိ လုပ်ငန်းများကို ရပ်ဆိုင်းရန် အိန္ဒိယအစိုးရက အမိန့်ပေးခဲ့သည်။

    Ref: Aljazeera

  • ဗြိတိန်နှင့် တရုတ်တို့ ကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး စာချုပ်များချုပ်မည်

    ဗြိတိန်နှင့် တရုတ်တို့ ကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး စာချုပ်များချုပ်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    china

    – ယခုသီတင်းပတ်အတွင်း ဗြိတိန်သို့ လေးရက်တာ သွားရောက်မည့် တရုတ်သမ္မတ ဇီဂျင်ပင်း၏ ခရီးစဉ်အတွင်း စတာလင်ပေါင် ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၄၆.၄ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီစာချုပ်များကို ချုပ်ဆိုရန် ရှိနေသည်ဟု အင်္ဂလန်အစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံနှင့် ပိုမိုတောင့်တင်းသည့် စီးပွားရေး ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေပြီး ဇီဂျင်ပင်း၏ ယခုခရီးစဉ်မှာ မိမိတို့ ဆက်ဆံရေးတွင် “ရွှေခေတ်” ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့ကြသည်။

    တရုတ်နှင့် ဗြိတိန်တို့၏ သဘောတူညီဖွယ်ရှိနေသည့် စီးပွားရေးကဏ္ဍများတွင် ကုန်သွယ်မှု၊ စွမ်းအင်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အာကာသလေကြောင်းကဏ္ဍနှင့် ဗြိတိန်တွင် အလုပ်အကိုင် ၃၉၀၀ ဖန်တီးခွင့်လည်း ပါဝင်မည်ဖြစ်သည်။

    ဗြိတိန်နှင့် တရုတ်တို့မှာ ပေါင် ၂၄.၅ ဘီလီယံ တန်ဖိုးရှိ ဗြိတိန်၏ ပထမဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ၁၀ စုနှစ်အတွင်း တည်ဆောက်ရေးအတွက် ဆွေးနွေးမှုများ လက်ရှိတွင် ပြုလုပ်နေသည်။

    Ref: Channelnewsasia

  • ရီးယဲလ်၏ လာဒက်စီမာအတွက် မိမိက ဖောင်ဒေးရှင်းချပေးခဲ့ဟု မော်ရင်ဟိုပြော

    ရီးယဲလ်၏ လာဒက်စီမာအတွက် မိမိက ဖောင်ဒေးရှင်းချပေးခဲ့ဟု မော်ရင်ဟိုပြော

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    mrh

    – အန်ဆယ်လော့တီလက်ထက် ၂၀၁၄ ခုနှစ်က ၁၀ ကြိမ်မြောက် (လာဒက်ဆီမာ) ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့သည့် ရီးယဲလ်အသင်းကို မိမိက ဖောင်ဒေးရှင်း ချပေးခဲ့ခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ပေါ်တို၊ အင်တာတို့နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် မော်ရင်ဟိုမှာ ၎င်း၏ သက်တမ်းတွင် ရီးယဲလ်အား ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကိုသာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်က ရီးယဲလ်အား စွန့်ခွာခဲ့သည်။

    “ကျွန်တော် ရီးယဲလ်ကို စရောက်တုန်းကဆိုရင် သူတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မရောက်တာ ၁၀ နှစ်နီးပါးလောက် ရှိနေတဲ့အချိန်ပါ။ ကျွန်တော်တို့ ၁၆ သင်းအဆင့်မှာ လိုင်ယွန်နဲ့တွေ့တဲ့အခါ အသင်းဟာ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။ ဒီအခက်အခဲကို ကျော်ဖြတ်ခဲ့ပြီး အသင်းကလည်း ပြောင်းလဲသွားတယ်၊ ကစားသမားတွေကလည်း ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့ ဗိုလ်စွဲမယ်လို့
    ထင်ခဲ့ပါတယ်။ ဒါပေမယ့် ၃ နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်သာ ရောက်ခဲ့ပြီး အခြား အကြောင်းအရင်းတွေကြောင့် ဖိုင်နယ်တော့ မရောက်ခဲ့ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • တူရကီ၏ လူသားချင်းစာနာထောက်ထားမှုကို အမေရိကန် ထိပ်တန်းမွတ်စလင်အဖွဲ့ ဂုဏ်ပြု

    တူရကီ၏ လူသားချင်းစာနာထောက်ထားမှုကို အမေရိကန် ထိပ်တန်းမွတ်စလင်အဖွဲ့ ဂုဏ်ပြု

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    – ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုလျက် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှာ တူရကီမှ နှစ်စဉ် သန်းနှင့်ချီသော ဒုက္ခသည်များကို တံခါးဖွင့်ပေးမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    “ဒုက္ခသည်ကိစ္စနဲ့စပ်လျဉ်းပြီး သာဓကတစ်ခု ဖြစ်စေဖို့ပါပဲ။ ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ တူရကီဟာ ဒုက္ခသည်တွေကို အမေရိကန်က နှစ် ၃၀ လက်ခံခဲ့တဲ့ အရေအတွက်ထက် ပိုပြီး လက်ခံခဲ့ပါတယ်” ဟု အမေရိကန်ဆိုင်ရာ တူရကီသံအမတ်ကြီး ဆာဒါရ် ကီလစ်က အောက်တိုဘာ ၁၈ ရက်နေ့တွင် Anadolu သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    CAIR ၏ ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကီလစ်က လက်ခံရယူခဲ့သည်။

    တူရကီနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှစ၍ ဆီးရီးယား ဒုက္ခသည် ၂.၂ သန်းနှင့် အီရတ်ဒုက္ခသည် ၂ သိန်းခန့်ကို နိုင်ငံအတွင်း လက်ခံထားသည်။ ကီလစ်ကမူ မိမိတို့မှာ ဒုက္ခသည်များအား လူမျိုးနှင့် ဘာသာတရား မခွဲခြားဘဲ လက်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၄ နှစ်ကျော် ဆီးရီးယားတွင် စစ်ပွဲများ စဖြစ်ကတည်း ဒုက္ခသည်များအတွက် တူရကီက ကန်ဒေါ်လာ ၇.၆ ဘီလီယံကို သီးသန့်ဖယ်ကာ သုံးစွဲခဲ့သည်။

    “သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေရတဲ့ ဆီးရီးယားပြည်သူတွေကို တူရကီမှာရော၊ ဥရောပမှာပါ နိုင်ငံတကာအသိုင်းအ၀ိုင်းက မကူညီနိုင်ခဲ့ပါဘူး” ဟု သံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် မြင့်တက်လာသော ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    ယခုကဲ့သို့ CAIR ၏ ဂုဏ်ပြုခံရမှုအတွက် ကျေးဇူးတင်မိကြောင်း၊ တူရကီနိုင်ငံနှင့် ပြည်သူများအပေါ် CAIR ၏ သဘောထားက ယခုဆုကို ပို၍ တန်ဖိုးတက်စေခဲ့ကြောင်း တူရကီဆိုင်ရာ အမေရိကန်သံအမတ် ကီလစ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ကိုရီးယားနှစ်နိုင်ငံ မိသားစု ပြန်လည်ပေါင်းစည်းရေး ယနေ့တွင် စတင်

    ကိုရီးယားနှစ်နိုင်ငံ မိသားစု ပြန်လည်ပေါင်းစည်းရေး ယနေ့တွင် စတင်

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    skrea

    – လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာခဲ့ရသည့် မိသားစုများအား ပြန်လည်တွေ့ဆုံရန်အတွက် တောင်ကိုရီးယားမှ ရာနှင့်ချီသော ပြည်သူများမှာ ဘတ်စ်ကားများဖြင့် ယနေ့တွင် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်ဟု သိရသည်။

    ယနေ့တွင် စတင်ခဲ့ပြီး တစ်ပတ်တာကြာမြင့်မည့် အဆိုပါ မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို နှစ်နိုင်ငံနယ်စပ်မှ မြောက်ကိုရီးယားဘက်ခြမ်းရှိ ကမ်ဂန်တောင်တန်း အပန်းဖြေစခန်းတွင် ပြုလုပ်ခြင်းဖြစ်သည်။

    တောင်ကိုရီးယားမှ သွားရောက်ကြသူများက ၎င်းတို့မှာ မြောက်ကိုရီးယားမှ ဆွေမျိုးများအတွက် အ၀တ်အထည်များ၊ အစားအသောက်များ၊ ဆေးဝါးများ၊ အမှတ်တရပစ္စည်းများနှင့် ငွေကြေးများကို ယူဆောင်သွားကြသည်ဟု ဆိုသည်။

    ၎င်းတို့၏ သားသမီးများ၊ ညီအစ်ကိုမောင်နှမများ၊ အိမ်ထောင်ဖက်များ၊ ဆွေးမျိုးများနှင့် ကြာသာပတေးနေ့အထိ တွေ့ဆုံကြမည်ဖြစ်ပြီး မြောက်ကိုရီးယားဘက်မှ တွေ့ဆုံမည့်သူများမှာလည်း ၁၄၀ ခန့်ရှိသည်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    ဒုတိယအသုတ်မှာ စနေနေ့မှ တနင်္လာနေ့အထိဖြစ်ပြီး တောင်ကိုရီးယားမှ ပြည်သူ ၂၅၀ ခန့်မှာ မြောက်ကိုရီးယားမှ ပြည်သူ ၁၉၀ ခန့်နှင့် တွေ့ဆုံကြမည်ဖြစ်သည်။

    ကွဲကွာသွားသော မိသားစုများ

    စစ်ကင်းမဲ့ဇုန်တွင် နေထိုင်ကြသည့် နှစ်ဖက်နိုင်ငံမှ ပြည်သူများမှာ ထိုကဲ့သို့ ပြန်လည်ပေါင်းစည်းရေးကို လိုလားကြသော်လည်း တောင်၊ မြောက် နှစ်နိုင်ငံစလုံးက အကြိမ်အနည်းငယ်သာ စီစဉ်ပေးနိုင်ခဲ့သည်။

    ပထမဆုံး ပြန်လည်ပေါင်းစည်းရေးကို ၁၉၈၅ ခုနှစ်တွင် စတင်ခဲ့သော်လည်း နောက်ထပ်တစ်ကြိမ်ကို ၁၅ နှစ်ကြာ ၂၀၀၀ ပြည့်နှစ်မှ စီစဉ်နိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင် တတိယအကြိမ် ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတုတ္ထအကြိမ် ပြုလုပ်ခဲ့သည်။

    မကြာသေးမီက ဖြစ်ပွာခဲ့သည့် တင်းမာမှုများကို ဖြေရှင်းခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံမှာ သြဂုတ်လတွင် မိသားစုများ ပြန်လည်ပေါင်းစည်းရေး ဆောင်ရွက်ရန်အတွက် သဘောတူညီခဲ့ကြသည်။

    မိသားစုများနှင့် ခွဲခွာနေရသူများဟု စာရင်းသွင်းထားသူများမှာ တောင်ကိုရီးယားတွင် ၆၆၀၀၀ ခန့်ရှိသည်ဟု တောင်ကိုရီးယား ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

    ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အတွက် နှစ်ဖက်အစိုးရက စီစဉ်ခဲ့ပြီး တောင်ကိုရီးယားရှိ စာရင်းသွင်းထားသူများမှ အချို့ကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ ဆွေမျိုးများ မြောက်ကိုရီးယားတွင် ရှိ၊ မရှိကို စစ်ဆေးခဲ့သည်။

    အသက်ရွယ်ကြီးရင့်မှုများနှင့် တွေ့ဆုံရသည့်အရေအတွက် နည်းပါးခြင်းကြောင့် ထိုအစီအစဉ်တွင် ဖိအားများ ရှိနေသည်။ မိသားစုများ ခွဲခွာခဲ့ရသူများမှ အသက်ရှင်ကျန်ရစ်သူ အများစုမှာ ၇၀ ကျော်၊ ၈၀ အတွင်း ရှိနေပြီဖြစ်သည်။

    Ref: Aljazeera