News @ M-Media

Blog

  • မက္ကဆီကို ကျောင်းသားများ ပျောက်ဆုံးမှု ပြန်လည်စုံစမ်းမည်

    မက္ကဆီကို ကျောင်းသားများ ပျောက်ဆုံးမှု ပြန်လည်စုံစမ်းမည်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    mex

    – ပြီးခဲ့သည့် တစ်နှစ်အရင်က ပျောက်ဆုံးသွားကာ မူးယစ်ဂိုဏ်းများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီဟု ယူဆရသည့် ကျောင်းသားများ၏ ရုပ်ကြွင်းများကို နိုင်ငံတကာ ကျွမ်းကျင်သူများနှင့်အတူ ရှာဖွေမှုအသစ်တစ်ခု ပြုလုပ်သွားမည်ဟု မက္ကဆီကို အစိုးရက ကြေငြာခဲ့သည်။

    ယခုအစီအစဉ်သစ်တွင် အဖွဲ့အသစ်တစ်ခုဖြင့် စုံစမ်းစစ်ဆေးမှုလည်း ပါဝင်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များတွင် ဒရုန်းလေယာဉ်များနှင့် ဂြိုဟ်တုနည်းပညာကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။

    အစိုးရ၏ ထုတ်ပြန်ချက်အရ ဂွာရဲရိုးပြည်နယ်ရှိ မူးယစ်ဂိုဏ်းများအား ဆန့်ကျင်သည့် အဆိုပါ တက္ကသိုလ် ကျောင်းသားများကို လာဘ်စားထားသော မြူနီစီပယ်ဝန်ထမ်းများက ပြန်ပေးဆွဲကာ မူးယစ်ဂိုဏ်တစ်ခုလက်ထဲသို့ အပ်ခဲ့ပြီး ထိုမူးယစ်ဂိုဏ်းက ၎င်းတို့အား သတ်ဖြတ်၍ အလောင်းများကို မီးရှို့ခဲ့သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

    ထိုပြဿနာအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက မက္ကဆီကိုအစိုးရအား ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီး အစိုးရယန္တရားအတွင်း ခြစားမှုများ မူးယစ်ဂိုဏ်းများနှင့် ပတ်သက်မှုများကို ဖယ်ရှားရှင်းလင်းရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • နောက်တစ်ဆင့်တက်ရေး အိမ်ကွင်းမှတ်တမ်း တိုးတက်ရမည်ဟု မန်စီးတီးနည်းပြပြော

    နောက်တစ်ဆင့်တက်ရေး အိမ်ကွင်းမှတ်တမ်း တိုးတက်ရမည်ဟု မန်စီးတီးနည်းပြပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    man

    – ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ကျော်ဖြတ်ချင်ပါက မိမိတို့မှာ အိမ်ကွင်းရလဒ်အား တိုးတက်အောင် ဆောင်ရွက်ရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ၎င်းကိုင်းတွယ်ပြီးနောက်ပိုင်းတွင် မန်စီးတီးမှာ ချန်ပီယံလိဂ် အိမ်ကွင်း စုစုပေါင်း ၉ ပွဲ၌ ၃ ပွဲသာ အနိုင်ရရှိထားပြီး ယခုနှစ် ပထမဆုံး အိမ်ကွင်းပွဲတွင်လည်း ဂျူဗင်တပ်စ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရှိတွင် မန်စီးတီးမှာ အုပ်စု D တွင် ၂ ပွဲကစား ၃ မှတ် ရရှိထားပြီး ယနေ့ညတွင် အမှတ်တူနေသည့် ဆီးဗီးလားနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

    “အချက်အလက်အတိအကျကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မဖြစ်မနေ တိုးတက်ရပါမယ်။ အိမ်ကွင်းမှတ်တမ်းလည်း ကျွန်တော်မသိပါဘူး။ ဒါက ကိန်းဂဏန်း၊ ဒါမှမဟုတ် သမိုင်းတစ်ခုပါပဲ။ ဒါက ကျွန်တော်တို့ ရှုံးနိမ့်အောင်၊ အောင်နိုင်အောင်လည်း မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ လာမယ့်ပွဲအတွက်ပဲ စဉ်းစားရမှာပါ။ အတိတ်ကို မဟုတ်ပါဘူး။ ခြားနားတဲ့အသင်းတစ်သင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    ဆီးရီးယားလေပိုင်နက်အတွင်း ထိပ်တိုက်မတွေ့ရန် ရုရှားနှင့် အမေရိကန်တို့ စာချုပ်ချုပ်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    air

    – မတူညီသော လက်နက်ကိုင်များကို ဆီးရီးယားလေပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်လေယာဉ်များ ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားရန်အပါအ၀င် နားလည်မှုစာချွန်လွှာတစ်ခုကို ရုရှားနှင့် အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်သည်။

    ရုရှားက ပြီးခဲ့သည့်လတွင် ဆီးရီးယား၌ ဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် IS အဖွဲ့အား ဗုံးကြဲနေသည့် အမေရိကန်စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည်။ ပင်တဂွန်ကမူ ၎င်းတို့ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့လေယာဉ်များမှာ ရုရှားလေယာဉ်များကို ရှောင်ရှားရန်အတွက် အနည်းဆုံးတစ်ကြိမ် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု ကြေငြာခဲ့သည်။

    ယခုနားလည်မှုစာချွန်လွှာအား ရုရှား၏ မေတ္တာရပ်ခံချက်ကြောင့် အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ လေတပ်များ လိုက်နာရမည့် စည်းကမ်းများ၊ နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် လေကြောင်းဆက်သွယ်ရေး ဆောင်ရွက်၍ မရပါက မြေပြင်ဆက်သွယ်ရေး ဆောင်ရွက်ရန်ကိစ္စများ ပါဝင်သည်ဟု သိရသည်။

    Ref: Aljazeera

  • ချန်ပီယံလိဂ်တွင် ပင်နယ်တီမပေးသည့် ဒိုင်လူကြီးကို မော်ရင်ဟို အပြစ်တင်

    ချန်ပီယံလိဂ်တွင် ပင်နယ်တီမပေးသည့် ဒိုင်လူကြီးကို မော်ရင်ဟို အပြစ်တင်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    mrh

    – ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ချယ်ဆီးရရှိမည့် ပင်နယ်တီကို မပေးခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီး ဒါမီရ် စကိုမီနာကို မော်ရင်ဟိုက ပြင်တင်ပြောဆိုခဲ့ပြီး ရပ်ဘီကမ္ဘာ့ဖလားပွဲတွင် စကော့တလန်အသင်း ထွက်ခဲ့ရသည့်ဖြစ်ရပ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

    ယခုတစ်ပတ်တွင် ကစားခဲ့သည့် ရဘ်ဘီပြိုင်ပွဲ၌ စကော့တလန်နှင့် သြစတေးလျတို့၏ ပွဲတွင် ကွင်းလယ်ဒိုင်က မှားယွင်း၍ သြစတေးလျအသင်းကို ပင်နယ်တီ ပေးခဲ့သောကြောင့် စတော့တလန်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ဒိုနမိုကိဗ်အား ဂိုးမရှိ သရေကျခဲ့သည့် ယနေ့မနက် ချန်ပီယံလိဂ်တွင် ပထမပိုင်း၌ ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်မှာ ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပြီး ဒိုင်လူကြီးကမူ ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကတော့ ပြောစရာမရှိပါဘူး။ ပွဲကို ၇၅ မိနစ်လောက်အထိ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကန်သွင်းချက် တိုင်ထိထွက်ခဲ့တယ်။ ပင်နယ်တီတစ်လုံးလည်း ရသင့်ပါတယ်။ သိပ်ကို ရှင်းလင်းတဲ့ မြင်ကွင်းပါပဲ။ ဒိုင်လူကြီးက မမြင်ဘူးလားဆိုတာ ကျွန်တော် မသိသလို၊ သူမပေးချင်တာလားဆိုတာလည်း ကျွန်တော် မသိပါဘူး။ အမှားတစ်ခုက စတော့တလန် ရပ်ဘီအသင်းကို ပြိုင်ပွဲက ထွက်စေခဲ့ပါတယ်။ အမှားတစ်ခုကပဲ ကျွန်တော်တို့အတွက် ပေးဆပ်မှု ကြီးခဲ့ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဗုံးလုပ်သည်ဟု စွပ်စွဲခံရသူ အမေရိကန်မွတ်စလင်လူငယ် အဟ်မဒ် အိမ်ဖြူတော် အခမ်းအနားသို့ တက်ရောက်

    ဗုံးလုပ်သည်ဟု စွပ်စွဲခံရသူ အမေရိကန်မွတ်စလင်လူငယ် အဟ်မဒ် အိမ်ဖြူတော် အခမ်းအနားသို့ တက်ရောက်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    – အိမ်တွင်းဖြစ်နာရီ တီထွင်မှုအား ဗုံးလုပ်သည်ဟု စွပ်စွဲခံရကာ အဖမ်းခံခဲ့ရသည့် အမေရိကန်မွတ်စလင်လူငယ်လေး အဟ်မဒ်မှာ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သော Astronomy Night အခမ်းအနားသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    “စူးစမ်းလေ့လာလိုစိတ်ရှိပြီး အလားအလာကောင်းတဲ့ တောက်မယ့်မီးခဲလေးတွေကို ကျွန်တော်တို့ဟာ စောင့်ကြည့်၊ ပျိုးထောင်ပေးရမှာဖြစ်ပြီး သူတို့ကို ဖိနှိပ်တာမျိုး၊ တားမြစ်ပိတ်ပင်တာမျိုး လုပ်ရမှာ မဟုတ်ပါဘူး။ (ဒီလိုဖိနှိပ်တာမျိုးဟာ) လူငယ်တွေရဲ့ အနာဂတ်အတွက်သာ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်လည်း ပျောက်ဆုံးသွားပါလိမ့်မယ်” ဟု သမ္မတ ဘာရက်အိုဘားမားက အဆိုပါ အခမ်းအနားမိန့်ခွန်းတွင် အဟ်မဒ်၏ ကိစ္စကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    အသက် ၁၄ နှစ်အရွယ် အဟ်မဒ်နှင့် အိုဘားမားတို့မှာ ထိုအခမ်းအနားတွင် တွေ့ဆုံစကားပြောဆိုခဲ့ကြသည်။ Astronomy Night အခမ်းအနားကို ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး နာဆာမှ သိပ္ပံပညာရှင်များ၊ အာကသပညာရှင်များ၊ ကျောင်းသားများ၊ ဆရာများနှင့် အခြားသော နာမည်ကြီး ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

    တက္ကဆက်ပြည်နယ် အာရ်ဗင်းမြို့ရှိ အထက်တန်းကျောင်းသို့ အိမ်တွင်းလုပ်နာရီကို ယူဆောင်သွားသည့် အဟ်မဒ်ကို ဗုံးလုပ်သည်ဟု စွပ်စွဲကာ စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း အိုဘားမားနှင့် Facbook ကို တည်ထောင်သူ ဇူကာဘာ့ဂ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း အောင်မြင်ကျော်ကြားသူများက အဟ်မဒ်အား နှစ်သိမ့်အားပေးခဲ့ကြသည်။ ထို့ပြင် အိုဘားမားကလည်း အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

    အဟ်မဒ်မှာ Astronomy Night အခမ်းအနားတွင် ယခင် အာကာသယာဉ်မှူးဟောင်း ဂျွန် ဂရန်စ်ဖဲလ်ဒ်နှင့်လည်း Selfie တွဲရိုက်ခဲ့သည်။

    အခမ်းအနာသို့ မတက်ရောက်ခင် မနက်ပိုင်းက အဟ်မဒ်မှာ မိမိကို ထောက်ခံအားပေးမှုအတွက် သမ္မတအိုဘားမားအား ကျေးဇူးတင်ကြောင်း၊ မိမိကို clock kid ဟု အမည်ပြောင်ပေးထားခြင်းကိုလည်း မိမိက ကြိုက်နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

    “ပုံပန်းသွင်ပြင်ကို ကြည့်ပြီး လူတွေကို မဆုံးဖြတ်ပါနဲ့။ အမြဲတမ်း သူတို့ရဲ့ နှလုံးသားကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးသာ ဖြစ်ပါစေ” ဟု အဟ်မဒ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဟ်မဒ်မှာ Google Science Fair သို့ တက်ရောက်ခဲ့ပြီး၊ မက္ကာသို့လည်း အွမ္မရာဘုရားဖူးခရီး သွားရောက်ခဲ့သည်။

    အဟ်မဒ်၏ သိပ္ပံပါရမီကို သိရှိခဲ့ပြီးနောက် Qatar Foundation က လူငယ်ပညာရှင်များအား ပြုစုပြိုးထောင်ပေးသည့် Young Innovater Programme အစီအစဉ်တွင် လာရောက်ဆက်သွယ်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး ၎င်းက ယမန်နေ့တွင် လက်ခံခဲ့သည်။

    Ref: Huffingtonpost, Aljazeera