News @ M-Media
Blog
  • နည်းပြနှင့်ပြဿနာအားလုံး ပြီးသွားပြီးဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်ပြော
    နည်းပြနှင့်ပြဿနာအားလုံး ပြီးသွားပြီးဟု ရီးယဲလ်နောက်ခံလူ ရာမို့စ်ပြော
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    real
    – မိမိနှင့် နည်းပြဘင်နီတက်ဇ်တို့အကြား စကားလုံးတိုက်ပွဲများမှာ အဆုံးသတ်သွားပြီဟု နောက်ခံလူ ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။
    မြို့ခံပြိုက်ဘက် အက်သလက်တီကိုအသင်းအား သရေကျခဲ့သည့်ပွဲတွင် ပေးခဲ့ရသော ပင်နယ်တီအတွက် ဘင်နီတက်ဇ်က ရာမို့စ်အား ဝေဖန်ခဲ့ပြီး၊ ရာမို့စ်ကလည်း ထိုပွဲတွင် နည်းပြ၏ လူစားလဲမှုအတွက် ပြန်လည် ပြစ်တင်ခဲ့ကာ ၎င်းတို့နှစ်ဦးအကြား တင်းမာမှုများ ဖြစ်လာခဲ့သည်။
    “ဘင်နီတက်ဇ်နဲ့ ပြဿနာအားလုံး ဖြေရှင်းပြီးပါပြီ။ နောက်ဆုံး ပြစ်တင်ပြောဆိုမှုတွေအပြီး နောက်နေ့မှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်က အမြင်တစ်ခုရှိတယ်။ သူက အခြားအမြင်တစ်ခု ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ နေ့တစ်နေ့ အဆုံးပိုင်းမှာ ကစားသမားတွေနဲ့ အသင်းနည်းပြဟာ တွေ့ဆုံစကားပြောဆိုရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဆက်ဆံရေးတွေဟာ စုစည်းညီညွတ်သွားပါတယ်။ ဘင်နီတက်ဇ်နဲ့ပတ်သက်ပြီး ဘာမှ
    အဖုအထစ်မရှိပါဘူး” ဟု ရာမို့စ်က ယနေ့မနက် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • ပါလက်စတိုင်းကလေးငယ်များအပေါ် အစ္စရေးက အင်အား အလွန်အကျွံ အသုံးပြုနေ
    ပါလက်စတိုင်းကလေးငယ်များအပေါ် အစ္စရေးက အင်အား အလွန်အကျွံ အသုံးပြုနေ
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    pla
    – ပါလက်စတိုင်းပိုင်နက်များနှင့် အစ္စရေးတို့တွင် ဆက်လက်ဖြစ်ပွားလျက် ရှိနေသည့် တင်းမာမှုများအတွင်း အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းကလေးငယ်များအပေါ် အင်အားအလွန်အကျွံ အသုံးပြုနေပြီး “မမျှတသည့် တိုက်ခိုက်မှုများ” ကိုလည်း ဆောင်ရွက်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားလိုက်သည်။
    “တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အချိန်မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဂျူးအခြေချနေထိုင်သူတွေက အရေးယူသူမဲ့ ဆောင်ရွက်နေတဲ့ စစ်ဖက်ဇုန်လိုမျိုး ၀န်းကျင်ကလည်း ကြီးထွားလာပါတယ်။ ပါလက်စတိုင်းကလေးငယ်တွေဟာ မမျှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံနေရပါတယ်” ဟု နိုင်ငံတကာ ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ DCI ၏ ပါလက်စတိုင်းဆိုင်ရာ အကြံပေးအရာရှိနှင့် ရှေ့နေဖြစ်သူ ဘရဒ်ပါကားက ပြောကြားခဲ့သည်။
    အောက်တိုဘာ ၆ ရက်နေ့မှ ၁၂ ရက်အကြား ကာလအတွင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးစစ်သားများနှင့် အစ္စရေး၏ တရားမ၀င်အိမ်ရာများတွင် နေထိုင်သော ဂျူးများကြောင့် ပါလက်စတိုင်းကလေးငယ် အနည်းဆုံး ၂၀၁ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ပြောကြားခဲ့သည်။
    မကြာခဏ ဖြစ်လေ့ရှိသည့် အဆိုပါငြှင်းပမ်းမှုများက ပါလက်စတိုင်းကလေးငယ်များအပေါ် “နက်ရှိုင်းသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ” ဖြစ်စေသည်ဟု ဟားဗတ်တက္ကသိုလ် လူ့အခွင့်အရေးဆိုင်ရာစင်တာမှ ပေါ်လစီပညာရှင် ဖက်ဒရီကာ ဒီအလက်ဇန်ဒရာက ပြောကြားခဲ့သည်။
    “ပညာရှင်တွေရဲ့ သုတေသနပြုမှုအရ ဒီလိုဖိနှိပ်မှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ အထွေထွေပြဿနာဟာ ပါလက်စတိုင်းကလေးတွေကြားထဲမှာ အမြဲလိုလိုတွေ့နေရပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်လအတွင်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ အလ် အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး၊ ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးက ဆက်လက်သိမ်းပိုက်နေခြင်းကလည်း ထိုတင်းမာမှုများကို တိုက်ခိုက်မှုများဖြင့် အသွင်ပြောင်းစေခဲ့ကာ အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်နှင့် အစ္စရေးတို့တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
    အစ္စရေး လုံခြုံရေးတပ်ဖွဲ့များကမူ ကလေးငယ်များ အပါအ၀င် ပါလက်စတိုင်းဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများ၊ မူးမေ့စေသည့် ဗုံးများ၊ ရာဘာကွပ်ထားသော စတီးကျည်ဆန်များနှင့် ကျည်အစစ်တို့ဖြင့် ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်။
    အောက်တိုဘာ ၁ ရက်နေ့မှ စ၍ အစ္စရေးစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်သတ်မှတ်မှုကြောင့် သေဆုံးသူ လက်စတိုင်းအရေအတွက်မှာ ၅၂ ဦး ရှိလာခဲ့ပြီဖြစ်ပြီး၊ ၎င်းတို့ထဲတွင် ဓားဖြင့်တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ၊ လက်နက်မဲ့ ဆန္ဒပြသူများ၊ ဘေးတွင် ရပ်ကြည့်သူများ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုကြောင့် ဂျူးအခြေချနေထိုင်သူ ၈ ဦး သေဆုံးခဲ့သည်။
    ပစ်သတ်သည့် ပေါ်လစီ
    လေ့လာဆန်းစစ်သူများကမူ ပါလက်စတိုင်းကလေးငယ်များမှာ အသက်အန္တရာယ် ရှိစေလောက်သည့် အင်အား အသုံးမပြုသော်လည်း အစ္စရေး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ဝေဖန်ခဲ့သည်။
    “ဒီအချင်းအရာတွေက အစ္စရေးဟာ “မြင်သမျှ ပစ်သတ်တဲ့ ပေါ်လစီ” ကို သိသိသာသာ ကျင့်သုံးတယ်ဆိုတဲ့ စိုးရိမ်မှုတွေကို မြင့်တက်စေပါတယ်။ အချို့သော ဖြစ်ရပ်တွေဟာဆိုရင် တရားလက်လွတ် သတ်ဖြတ်တယ်လို့တောင် မှတ်ယူလို့ရပါတယ်” ဟု DCI- ပါလက်စတိုင်းမှ ပါကားက ပြောကြားခဲ့သည်။
    အချို့သော ကလေးငယ်များမှာ ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဖက်ကမ်း၊ ဂါဇာကမ်းမြှောင်တို့တွင် ပြုလုပ်သော ဆန္ဒပြမှုများ၊ အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများတွင် ပစ်သတ်ခြင်း ခံခဲ့ရသည်။
    အောက်တိုဘာ ၅ ရက်နေ့တွင် ဘက်သလီဟမ်၌ အသက် ၁၃ နှစ်အရွယ် အဘ်ဒဲလ် ရဟ်မန် အဘ်ဒူလာ ပစ်သတ်ခံခဲ့ရပြီးနောက်ပိုင်း အစ္စရေးစစ်တပ်က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဘေးနားတွင် ရှိနေသူအား ရည်ရွယ်ပစ်ခတ်ရာ၌ ၎င်းကို မတော်တဆ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    အရေးယူခံရမှု မရှိ
    ပါကားကမူ “လူ့အသက်များအား ကာကွယ်ရန် မလွှဲမရှောင်သာ အခြေအနေမျိုးမှလွဲ၍ လက်နက်အသုံးပြုမှု” ကို နိုင်ငံတကာ ဥပဒေက တားမြစ်ထားသည်ဟု ထောက်ပြခဲ့သည်။
    “ဆန္ဒပြမှုအတွင်းမှာ အစ္စရေးက သတ်ဖြတ်ခဲ့တဲ့ ကလေးတွေဟာ သူတို့ အသတ်ခံရတဲ့အချိန်မှာ ဘယ်ရဲတပ်ဖွဲ့ဝင်၊ ဘယ်စစ်သားကိုမှ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အနေအထားမှာ ရှိမနေဘူးဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်” ဟု ပါကားက ထည်သွင်းပြောကြားခဲ့သည်။
    ပါလက်စတိုင်း ဆန္ဒပြသူများအား ကျည်အစစ်များဖြင့် ပစ်ခတ်ခြင်း ကန့်သတ်ထားမှုကို အစ္စရေးက ပြီးသည့်လတွင် ဖြေလျော့ပေးခဲ့သည်။
    အင်္ဂါနေ့ညကလည်း အနောက်ဖက်ကမ်း မြောက်ဘက် ယာဘဒ်မြို့ရှိ ဂျူးအခြေချနေထိုင်သူများမှာ အသက် ၁၄ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် ဆာကီရ် ဟာဇာလာကို တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည်။
    ရာမာလာအခြေစိုက် Al-Haq လူ့အခွင့်အရေးအဖွဲ့ကမူ အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်အတွင်းရှိ ဂျူးအခြေချအိမ်ယာများတွင် နေထိုင်သူများက ပါလက်စတိုင်းများကို အုပ်စုဖွဲ့ တိုက်ခိုက်မှု ၄၈ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုအထဲတွင် ကလေးများအား ဦးတည်တိုက်ခိုက်မှု အများအပြား ပါဝင်ခဲ့သည်။
    Ref: Aljazeera
  • အသင်းကြီးအများစု အောင်ပွဲခံနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    champ
    ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယ ပွဲစဉ်တွေကိုတော့ နေ့ကနဲ့ ဒီနေ့မနက်တွေမှာ ကစားခဲ့ကြပါတယ်။
    အုပ်စု A
    ပီအက်စ်ဂျီ ၀-၀ ရီးယဲလ်
    မာလ်မို ၁-၀ ရှက်တာဒိုးနက်
    ပြင်သစ်မြေမှာ ပီအက်စ်ဂျီတို့ အသာရခဲ့ပေမယ့် ဂိုးသွင်းခွင့်တော့ သိပ်မရခဲ့ဘဲ ရီးယဲလ်ရဲ့ ကန်သွင်းခွင့် ၄ ကြိမ်လောက်ကို ဂိုးသမားနဲ့ နောက်ခံလူတွေက အမှားအယွင်းမရှိ ဖြတ်ထုတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ မရှုံးခဲ့တာ ဖြစ်ပါတယ်။
    မာလ်မိုတို့ပွဲမှာတော့ အနေအထားနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ရှက်တာဒိုနက်က တစ်ဖက်သက်နီးပါးကိုဖိကစားခဲ့ပေမယ့် ဂိုးပေါက်တည့်တာက ၁ ကြိမ်သာရှိခဲ့ပြီး မာလ်မိုကတော့ ၆ ကြိမ်အထိ ရှိခဲ့ပါတယ်။ အိမ်ရှင်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဆွီဒင် ဂန္တ၀င်တိုက်စစ်မှူး ရိုဆင်ဘာ့ဂ်က သွင်းပေးခဲ့တာဖြစ်ပါတယ်။ မာလ်မိုဟာ ရိုဆင်ဘာ့ဂ် ဘောလုံးသမားဘ၀ စတင်ရာ အသင်းလည်း ဖြစ်ပါတယ်။
    အုပ်စု B
    စီအက်စ်ကေအေ ၁-၁ မန်ယူ
    လူငယ်ကစားသမား စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အသင်းကိုရောက်လာတဲ့ မာရှယ်ရဲ့ ဒုတိယပိုင်း ချေပဂိုးကြောင့် မန်ယူတို့ ၁ မှတ်ရခဲ့တာပါ။ အိမ်ရှင်တို့ ပထမပိုင်း ၁၅ မိနစ်မှာရခဲ့တဲ့ ဂိုးကလည်း မာရှယ်ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ဒွမ်ဘီယာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ဂိုးသွင်းခွင့် ဗရပွနဲ့ ၀ုလ်ဖ်ဘာ့ဂ်က ဒုတိယပိုင်း ၄၆ မိနစ်နဲ့ ၅၇ မနစ်တွေမှာ ၂ ဂိုးရခဲ့ပြီး ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။ အသင်းလိုက်စုဖွဲ့မှုကောင်းခဲ့တဲ့ ပီအက်စ်ဗီ သရေလောက်ရနိုင်မယ့် အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
    အုပ်စု C
    အက်သလက်တီကို ၄-၀ အက်စ်တာနာ
    ဂါလာတာစာရေး ၂-၁ ဘင်ဖီကာ
    အုပ်စုအတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ အက်စ်တာနာကို အက်သလက်တီကို အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ၂ ဂိုးစီ ရခဲ့တာဖြစ်ပါတယ်။
    ချန်ပီယံလိဂ် နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲမရသေးတဲ့ မှတ်တမ်းကို ဂါလာတာစာရေးတို့ ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစ ၂ မိနစ်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပြီးမှ ၁၉ မိနစ်မှာ အိုင်နန်က ပင်နယ်တီနဲ့ ၃၃ မိနစ်မှာ ပိုဒေါစကီးတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပေးခဲ့တာပါ။ ဘင်ဖီကာရဲ့ အဖွင့်ဂိုးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အမြန်ဆုံးဂိုး ဖြစ်ခဲ့ပါတယ်။
    အုပ်စု D
    ဂျူဗင်တပ်စ် ၀-၀ မိုချန်ဂလာဘက်ခ်ျ
    မန်စီးတီး ၂-၁ ဆီးဗီးလား
    ဂျူဗင်တပ်စ်တို့ပွဲကတော့ ကွင်းလယ်မှာပဲ အချိန်ကုန်ခဲ့ပြီး ပထမပိုင်းမှာဆို ၂ သင်းစလုံး ဂိုးသွင်းခွင့်တစ်ကြိမ်တောင် မရခဲ့ကြပါဘူး။ မိုချန်ဂလာဘက်ခ်ျက ပထမဆုံး တစ်မှတ် ရရှိလိုက်တာ ဖြစ်ပါတယ်။
    ချန်ပီယံလိဂ်နဲ့ ကံသိပ်မစပ်တဲ့ မန်စီးတီး ဒီပွဲမှာလည်း အသည်းအသန်ကစားခဲ့ရပြီး မိနစ် ၃၀ မှာ ဦးဆောင်ဂိုးတောင် ပေးလိုက်ရပါသေးတယ်။ ဒါပေမယ့် ၃၆ မိနစ်မှာ ၀ီလ်ဖရိုင်းဘိုနီရဲ့ ကန်သွင်းမှု ဆီးဗီးလား ကစာသမား ရာမီနဲ့ထိပြီး ဂိုးဝင်ခဲ့တာ၊ ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ ဒီဘရူနီက တည်တည်ငြိမ်ငြိမ် အဆုံးသတ်နိုင်ခဲ့တာတွေကြောင့် ၃ ပွဲကစား ၆ မှတ် ဒုတိယနေရာနဲ့ နောက်တစ်ဆင့်တက်ရေး အလားအလာ ကောင်းလာခဲ့ပါတယ်။
    အုပ်စု E
    BATE ၀-၂ ဘာစီလိုနာ
    လေဗာကူဆင် ၄-၄ ရိုးမား
    မကြာသေးမီကမှ ဘီလာရုစ်ချန်ပီယံဖြစ်ခဲ့တဲ့ BATE ကို ဘာစီလိုနာတို့ အနိုင်ယူဖို့ အခက်အခဲမရှိခဲ့ပါဘူး။ အနိုင်ဂိုးတွေကိုတော့ အိုဗန် ရာကီတစ်က ပထမပိုင်း ၄၈ မိနစ်နဲ့ ဒုတိယပိုင်း ၆၄ မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    ၁၉ မိနစ်အတွင်းမှာပဲ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ အိမ်ရှင် လေဗာကူဆင် ၇၃ မိနစ်မှာတော့ ၄ ဂိုး ၂ ဂိုးနဲ့ အနောက်က လိုက်ကစားရတဲ့ဘ၀ ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၇ မိနစ်အတွင်းမှာ ၂ ဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် အဖိုးတန် သရေတစ်မှတ် ရခဲ့ပါတယ်။ ရိုးမားက ၃ ပွဲကစား ၂ မှတ်သာ ရရှိထားတာပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အသည်းအသန် ရုန်းကန်ရပါတော့မယ်။
    အုပ်စု F
    အာဆင်နယ် ၂-၀ ဘိုင်ယန်မြူးနစ်
    ဒိုင်နမိုဇာဂရဘ် ၀-၁ အိုလံပီယာကော့စ်
    ပထမ ၂ ပွဲမှာ ရှုံးထားတဲ့ အာဆင်နယ် ဒီပွဲနိုင်လိုက်တာကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်လာခဲ့ပါတယ်။ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှုသာခဲ့ပြီး နှစ်ဖက်ဂိုးသမားတွေကလည်း အပြိုင် လက်စွမ်းပြခဲ့ကြပါတယ်။ အိမ်ရှင်အတွက် အနိုင်ဂိုးတွေကိုတော့ ၇၇ မိနစ်မှ ဂျရူးနဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ အိုဇေးလ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒုတိယပွဲမှာ အာဆင်နယ်ကိုနိုင်ခဲ့တဲ့ အိုလံပီယာကော့စ် ဒီပွဲမှာလည်း အိုဒီယီရဲ့ ၇၉ မိနစ်ဂိုးနဲ့ အနိုင်ရပြီး အုပ်စုကနေကျွတ်ဖို့ မျှော်လင့်လာနိုင်ခဲ့ပါတယ်။ ကစားပုံပိုကောင်းတဲ့ အိမ်ရှင်အသင်းရဲ့ အပိုင် ဂိုးသွင်းခွင့် ၂ လုံးလောက် ဂိုးဖြစ်မလာခဲ့တာလည်း အိုလံပီယာကော့စ်အတွက် ကံကောင်းစခဲ့ပါတယ်။
    အုပ်စု G
    ဒိုင်နမိုကိဗ် ၀-၀ ချယ်ဆီး
    ပေါ်တို ၂-၀ မက်ကာဘီ တလ်အဗီး
    ပထမပိုင်းမှာ ဟဇာ့ဒ်ရဲ့ ကန်သွင်းချက် တိုင်ထိထွက်ခဲ့တာ၊ ဒုတိယပိုင်းမှာ ၀ီလီယံရဲ့ ဖရီးကစ် ဘားထိထွက်ခဲ့တာကြောင့် ချယ်ဆီးတို့ အနိုင် ၃ မှတ်ရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
    ရှုံးပွဲမရှိသေးတဲ့ ပေါ်တို တစ်ဖက်သက်ဖိကစားနိုင်ခဲ့ပြီး ဗင်းဆင့် အဘူဘာကာနဲ့ ယာစီနီ ဘရာဟီမီတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ မှတ်ရခဲ့ပြီး အုပ်စုကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်
    အုပ်စု F
    ဇင်းနစ် ၃-၁ လိုင်ယွန်
    ဗလင်စီယာ ၂-၁ ဂျန့်
    ပြင်သစ်ထိပ်သီး လိုင်ယွန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ကစားနိုင်ခဲ့တဲ့ ရုရှားကလပ် ဇင်းနစ်ဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ချန်ပီယံလိဂ် အစကောင်းမှုကို ရရှိနေပါတယ်။ ၃ မိနစ်မှာ အဖွင့်ဂိုးသွင်းပေးတဲ့ ဒက်ဇ်ယူဘာဟာ ၅ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တာဖြစ်ပြီး ဒုတိယဂိုးကို အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူနိုင်ခဲ့တဲ့ ဟုလ်က်ရဲ့ဂိုးကလည်း ကမ္ဘာ့ဆင့်မီဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။
    ဗင်လင်စီယာကတော့ ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ၁၅ မိနစ်မှာ ဆိုဖီယိန်း ဖဂ်ဟူလီရဲ့ ဂိုး ၁ ဂိုးသာရခဲ့ပြီး မိနစ် ၄၀ မှာပဲ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ၇၂ မိစန်မှာ စတီဖန် မီထရိုဗစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဗလင်စီယာတို့ ၃ မှတ်ရခဲ့တာပါ။
  • မက္ကဆီကို မူးယစ်ရာဇာအား မြေအောက်လှိုင်ခေါင်း ဖောက်ပေးသည့်အဖွဲ့ကို ဖမ်းမိ
    မက္ကဆီကို မူးယစ်ရာဇာအား မြေအောက်လှိုင်ခေါင်း ဖောက်ပေးသည့်အဖွဲ့ကို ဖမ်းမိ
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    guzmen
    – မူးယစ်ရာဇာ ဂျိုအာကွင်း အလ် ချာပို ဂူဇ်မန် ထောင်မှ လွတ်မြောက်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးခဲ့သည့် အဖွဲ့တစ်ခုကို ဖမ်းဆီးလိုက်ပြီး ထိုအဖွဲ့ကို ဂူဇ်မန်၏ ယောက်ဖက်ဖြစ်သူက ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကို အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ဂူဇ်မန်မှာ ဇူလိုင်လအတွင်းက ၎င်း၏ အကျဉ်းခန်းအောက် တည့်တည့်တွင် ဖောက်ထားသည့် မြေအောက်လှိုဏ်ခေါင်းမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။ မက္ကဆီကို အာဏာပိုင်များကမူ ဂူဇ်မန်အား ခြေရာခံနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် တစ်ပတ်တွင် ထပ်မံ၍ မျက်စပြတ်သွားခဲ့သည်။
    မက္ကဆီကို တရာသူကြီးချုပ် အာလီ ဂိုမက်ဇ်ကမူ ဖမ်းဆီးထားသူများ၏ အမည်များကို ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ မူးယစ်ဂိုဏ်များ ပေါများသည့် မက္ကဆီကိုတွင် သြဇာကြီးမားသည့် ဂူဇ်မန်လွတ်မြောက်သွားမှုအတွက် မက္ကဆီကို အစိုးရအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး အစိုးရအတွင်း ချစားမှုများနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်လာခဲ့ကြသည်။
    Ref: CNN
  • အီရန်ဒုံးကျည်ကိစ္စ လုံခြုံရေးကောင်စီသို့ရောက်
    အီရန်ဒုံးကျည်ကိစ္စ လုံခြုံရေးကောင်စီသို့ရောက်
    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media
    iran
    – အောက်တိုဘာ ၁၀ ရက်နေ့တွင် အီရန်က စမ်းသပ်ဖြစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်တို့က ကုလသမဂ္ဂ ပိတ်ဆို့မှုကော်မတီအား ယမန်နေ့တွင် တောင်းဆိုလိုက်သည်ဟု သိရသည်။
    အမေရိကန်ကမူ တာလတ်ပစ် အဆိုပါဒုံးကျည်မှာ နျူထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံကျည်အမျိုးအစားဖြစ်သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကောက်ချက်ချခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အစည်းဝေးတွင် ထိုကိစ္စနှင့်ပတ်သက်၍ အဆိုပါလေးနိုင်ငံက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး အီရန်မှာ ကုလ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်သည်ဟု ဖော်ပြခဲ့သည်။
    ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုလ၏ ဆုံးဖြတ်ချကတစ်ခုတွင် အီရန်အနေဖြင့် နျူကလီးယား ထိပ်ဖူး တပ်ဆင်အသုံးပြုနိုင်သော ဒုံးကျည်များကို ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ထားသည်။ သို့သော်လည်း အီရန်ကမူ မိမိတို့မှာ ကုလ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းမရှိဟု စနေနေ့က ပြောကြားခဲ့ပြီး ထိုဒုံးကျည်မှာ နျူထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်မျိုးမဟုတ်ဟု ဆိုသည်။
    Ref: Aljazeera