အောက်တိုဘာ ၂၃၊ ၂၀၁၅
M-Media
– အမေရိကန် အထက်လွှတ်တော်မှ ပေးပို့သည့် ကန်ဒေါ်လာ ၆၁၂ ဘီလီယံ တန်ဖိုးရှိ ကာကွယ်ရေးအသုံးစားရိတ် ဥပဒေမူကြမ်းကို သမ္မတအိုဘားမားက ယမန်နေ့တွင် ဗီတိုသုံး၍ ပယ်ချလိုက်ပြီး ထိုဥပဒေအား အထက်လွှတ်တော်က လက်ခံမှုမှာ စိတ်ပျက်စရာဖြစ်သည်ဟု ပြောကြားလိုက်သည်။
ထိုမူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုရန် အင်္ဂါနေ့က အိုဘားမားထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ထိုဥပဒေမှာ ထွင်လုံးသာဖြစ်ကာ မလိုအပ်သော အစီအစဉ်များအတွက် ငွေကြေးဖြုန်းတီးခြင်း၊ ဂွာတာနာမို စစ်အကျဉ်းစခန်း ပိတ်ပစ်ရန်အတွက် အတားအဆီးဖြစ်နေခြင်းတို့ကြောင့် ပယ်ချခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုဘက်ဂျက်များက နိုင်ငံ၏ စစ်တပ်အား အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အဟန့်အတားဖြစ်နေသည်ဟုလည်း ၎င်းထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်မှာ ကမ္ဘာပေါ်တွင် စစ်တပ်အတွက် ဘက်ဂျက်အများဆုံး သုံးစွဲသည့် နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၆၁၀ ဘီလီယံ သုံးစွဲခဲ့သည်။ တရုတ်နိုင်ငံကမူ ၂၁၄ ဘီလီယံဖြင့် ဒုတိယလိုက်ပြီး၊ ရုရှားမှာ ၈၄.၅ ဘီလီယံဖြင့် တတိယနေရာတွင် ရှိနေသည်။
Ref: PressTV


Leave a Reply
You must be logged in to post a comment.