News @ M-Media

Blog

  • ၂၀၁၅ ရွေးကောက်ပွဲနှင့် အကြမ်းဖက် ပဋိပက္ခများ ဖြစ်နိုင်ချေ အလားအလာ

    ၂၀၁၅ ရွေးကောက်ပွဲနှင့် အကြမ်းဖက် ပဋိပက္ခများ ဖြစ်နိုင်ချေ အလားအလာ

    အောက်တိုဘာ ၁၉ ၊ ၂၀၁၅
    M-Media
    မင်းစော ရေးသည်။
    2015-election
    ၂၀၁၅ ရွေးကောက်ပွဲကြီးကျင်းပရန် ရက်ပိုင်းမျှသာ လိုပါတော့တယ်။ ဒီအချိန်မှာ မွတ်ဆလင် လူနည်းစုတွေရဲ့ စိုးရိမ်သောကကလည်း တရိပ်ရိပ် တိုးလာတာကို သတိထားမိပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို အကြောင်းခံပြီး ဖြစ်လာနိုင်ချေရှိတဲ့ အခြေအနေတချို့ကို သုံးသပ်ကြည့်ထားပါတယ်။

    မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုက စစ်အာဏာရှင် စနစ်ကနေ စစ်တပ်စောင့်ကြပ် ကွပ်ကဲမှုရှိတဲ့ အာဏာရှင် တပိုင်းစနစ် (praetorian hybrid regime) ဆီကို ဦးတည်နေတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက အမြင်သာဆုံး အထောက်အထားပါ။ ဒီစနစ်ကိုလေ့လာကြည့်ရင် စစ်တပ်က နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်နေစရာ မလိုတော့ဘဲ နိုင်ငံရေးခွင်ရဲ့ အပြင်ဘက်ကနေ အနီးကပ်စောင့်ကြပ်ကွပ်ကဲနေပြီး သူတို့ အကျိုးစီးပွားထိပါးလာမယ့် အခြေအနေမျိုးမှသာ အခြေခံဥပဒေနဲ့အညီ တရားဝင်ရရှိထားတဲ့ အခွင့်အရေးကိုအသုံးချပြီး နိုင်ငံတော်အာဏာကို ပြန်လည်ထိန်းချုပ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အနေအထားက နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ကင်းလွှတ်ပြီး သီးခြားအချုပ်အခြာအာဏာ ရှိနေတာတွေ့နိုင်ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး ဖြစ်လာသမျှသော အစိုးရတိုင်းသည် စစ်တပ်ထက် အဆင့်နိမ့်သော အနေအထားတွင်သာ ရှိနေမှာဖြစ်တယ်။ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှုအတိုင်းအတာ(legitimacy) ကိုကြည့်လျှင် စစ်အာဏာရှင် စနစ်တွင် အလွန်နည်းပါးသော်လည်း၊ ဒီလို praetorian hybrid regime တွင်မူ သိသာထင်ရှားစွာ ပိုမိုရရှိတာ တွေ့ရပါတယ်။ အရေးအကြီးဆုံးအချက်က ဒီစနစ်ဟာ ယခင်အာဏာရှင်ဟောင်းများရဲ့ အသက်၊အိုးအိမ်နဲ့ အကျိုးစီးပွားများကိုလည်း ကောင်းစွာ ကာကွယ် ထားနိုင်တဲ့အပြင် အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်စေရန် စနစ်တကျစီမံထားတဲ့ နိုင်ငံရေးစနစ်ကြီးလည်း ဖြစ်တယ်။

    တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးတာဟာ ဒီစနစ်ရဲ့ အဓိကကျတဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ် ပါတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ မဲညှစ်၊ မဲဝယ်၊ ပေါင်းရိုက်၊ ချောင်းရိုက်၊ နှစ်ပေါက် တစ်ပေါက်ရိုက်၊ အတုလုပ်ပြီး ရိုက်၊ အကြပ်ကိုင်ခြိမ်းခြောက် စတဲ့နည်းလုံးပေါင်းစုံ သုံးပြီး မဲရဖို့ကြိုးစားကြမှာ ဖြစ်ပေမယ့်၊ ရှုံးမှာကြောက်လို့ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ဖျက်သိမ်းလိုက်တာမျိုးက ဖြစ်နိုင်ချေ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ရွေးကောက်ပွဲတွေ ကျင်းပခြင်းကိုက သူတို့ရပ်တည်နေမှု အတွက် တရားမျှတကြောင်း၊ သင့်မြတ်လျော်ကန်မှုရှိကြောင်း ဖေါ်ပြခြင်းတစ်မျိုးပါ။ တနည်းအားဖြင့် သူတို့ပြောနေတဲ့ ဒီမိုကရေစီစနစ်မှာ အဓိကပြစရာဆိုလို့ ရွေးကောက်ပွဲပဲ ရှိပါတယ်။

    အထက်ပါအချက်တွေကနေ ကျနော်ကောက်ချက် ဆွဲတာက မြန်မာအစိုးရဟာ ၂၀၁၅ရွေးကောက်ပွဲကိုတော့ မဖြစ်မနေကျင်းပပါလိမ့်မယ်။ USDP နဲ့ အစိတ်သားပေါင်းရင် အစိုးရဖွဲ့နိုင်လောက်တဲ့ အရေအတွက်ရတဲ့အထိ ရအောင်၊ တနည်းပြောရရင် USDP က အနည်းဆုံး ၂၆% ရတဲ့ အထိရအောင်တော့ တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံသုံးပြီး ညစ်ပတ်ပါမယ်။ အဲဒါတောင်မှ မအောင်မြင်ခဲ့ရင်လည်း NLD ကို အစိုးရဖွဲ့ခွင့် ပေးနိုင်ပါ သေးတယ်။ ရွေးကောက်ပွဲမှာ NLD နိုင်သွားခြင်းဟာ စစ်တပ် မျှော်လင့်မထားတဲ့ အဖြေ (သို့မဟုတ်) စစ်တပ်ရဲ့ တည်ရှိနေမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ရပ်အဖြစ် ကျနော် မယူဆတဲ့အတွက် NLD နိုင်ရင်လည်း အစိုးရ ဖွဲ့စည်းခွင့်ကို စစ်တပ်က ခွင့်ပြုနိုင်သေးတယ်လို့ ကျနော်ယူဆတယ်။ ဒီလိုခွင့်ပြုခြင်းဖြင့် စစ်တပ်ရဲ့ ဂုဏ်သိက္ခာလည်း မြှင့်တက်သွားနိုင်ပါတယ်။ ၁၉၉၀ တုန်းက စစ်ခေါင်းဆောင်တွေရဲ့ အနေအထားနဲ့ ခုလက်ရှိအနေအထားက အများကြီး ကွာခြားသွားပြီဖြစ်လို့ အဲဒီတုန်းကလို အာဏာပြန်သိမ်းစရာ အကြောင်း ပြချက်လည်း မရှိတော့ပါဘူး။ အမှန်တကယ်က ဘယ်အစိုးရ တက်လာလာ အဓိကကျတဲ့ အာဏာက စစ်တပ်လက်ဝယ် ရှိနေဆဲမို့ပါ။ ဒါဆို ဘာစိုးရိမ်စရာ ရှိလို့လဲလို့ မေးစရာပေါ်လာပြန်ရော။

    ရွေးကောက်ပွဲနိုင်တာနဲ့ တပြိုင်နက်တည်း အနိုင်ရပါတီက အစိုးရ တန်းဖွဲ့စည်းခွင့်ရမှာ မဟုတ်ပါဘူး။ ဥပဒေအရ ရက်ပေါင်း(၉၀)လောက် ထိတော့ ဦးသိန်းစိန်အစိုးရကပဲ caretaker government အဖြစ် ဆက်ရှိနေ ပါဦးမယ်။ ဒီအတောအတွင်းမှာ state institutions တွေ အားနည်းနေနိုင်ပါတယ်။ ဒါကြောင့်မို့ ပြဿနာတစ်ခုခု ပေါ်လာရင် တုန့်ပြန်ရတာ ခက်ပါလိမ့်မယ်။ ဒီထက်ပို စဉ်းစားသင့်တဲ့အချက်က ရှုံးသွားတဲ့အစိုးရက အစိုးရသစ် အတွက် ပြဿနာတွေ လက်ဆောင် ပေးသွားနိုင်ပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက လက်ရှိအချိန်မှာ  လိုအပ်နေသေးကြောင်း ပြဖို့အတွက် အစိုးရသစ်ကို ပညာပေးနိုင်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ဖြစ်နိုင်ချေ အရှိဆုံးက အသင့်ဖြစ်နေတဲ့ အားကောင်းမောင်းသန် မဘသ အဖွဲ့ကြီးနဲ့ အချက်ပြရင် ဒေါသထွက် တတ်တဲ့ လူအုပ်ကြီးကို အသုံးချမှာပါ။ အလွယ်ကူဆုံး သားကောင်ကတော့ ဘယ်တော့မှ မရိုးနိုင်သေးတဲ့ ‘ကုလား’ပါပဲ။ ဒီနေရာမှာ လိုအပ်လာရင် ကမ္ဘာပေါ်မှာ မရှိတော့တဲ့ RSO တွေ မြန်မာပြည်ထဲ ၀င်လာပြီး ဗုံးခွဲသယောင်ယောင် ဆေးစွဲနေတဲ့ ကုလား တစ်ယောက်ကို ဘုရားနားဗုံးထောင်ခိုင်းခြင်းကဲ့သို့ real terrorist attack တွေ လုပ်လာနိုင်ပါတယ်။ အဲဒါ မှမရသေးရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အထူးသဖြင့် တရုတ်နယ်စပ်က ကိုးကန့်လို တပ်ဖွဲ့တွေနဲ့ ချပြပါလိမ့်မယ်။ ဒါက စစ်တပ်နဲ့ အစိုးရပိုင်းကို သုံးသပ်ကြည့်ခြင်းပါ။

    မဘသကို သုံးသပ်ကြည့်ရင် မဘသ အဖွဲ့ကြီးရဲ့လှုပ်ရှားမှုတွေက နှစ်ပိုင်းရှိနေတာတွေ့ရပါတယ်။ တစ်ပိုင်းက ရွေးကောက်ပွဲမှာ USDP အနိုင်ရအောင် ကူညီဖို့ဖြစ်ပြီး၊ ကျန်တစ်ပိုင်းက သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဆီ အရောက်လှမ်းဖို့ ဖြစ်တယ်။ အဲဒီရည်မှန်းချက်ကတော့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်လာပြီး အစိုးရပေါ်မှာ သြဇာ လွှမ်းမိုးနိုင်တဲ့ supreme power ရှိတဲ့ ဘုန်းကြီးများပေါ်လာစေဖို့ ဖြစ်တယ်လို့ ခန့်မှန်းမိတယ်။ ဒီရည်မှန်းချက် ပြည့်လာစေဖို့အတွက်လည်း မဘသအဖွဲ့ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုလိမ်မာပါးနပ်ပြီး မဟာဗျူဟာ ကျတဲ့ နည်းနာတွေ တဖြေးဖြေး သင်ယူ တတ်မြောက်လာနိုင်တဲ့ပုံ တွေ့ရပါတယ်။ ၀ီရသူ၊ သီတဂူ စတဲ့ ဘုန်းကြီးတွေရဲ့စကားတချို့က ဒီလှုပ်ရှားမှုရဲ့ အချက်ပြမှု(signals)တွေဖြစ်တယ်လို့ သဘောပိုက်မိတယ်။ နောက်ပြီး သူတို့ဆီမှာ ကိုယ်ပိုင် agenda တွေ၊ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ ရှိနေတာတွေ့ရတဲ့အတွက် မဘသအဖွဲ့ကို ပါတီတစ်ခုရဲ့ နောက်မြီးဆွဲ အဖွဲ့အစည်းတစ်ခု အဖြစ် ရှုမြင်သုံးသပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲအပြီးမှာ မဘသအဖွဲ့ ဘာလုပ်မလဲဆိုတာ သီးခြား ဆန်းစစ်ကြည့်ရင် အခုလက်ရှိအချိန်မှာ USDP ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မျက်နှာပြောင် တိုက်ပြီး မဲဆွယ်ပေးခဲ့တဲ့ အတွက် မြောင်းထဲရောက်သွားတဲ့ သူတို့ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ ရွေးကောက်ပွဲ အပြီး အစိုးရသစ် မလာခင် စပ်ကူးမတ်ကူး ကာလမျိုးမှာ ‘ကုလား’တရားခံဆွဲထုတ်ပြီး အမျိုး ဘာသာ သာသနာ စောင့်ပြနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ အဲလိုသာဖြစ်လာခဲ့ရင် ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ ကိုကို ဒီမိုတို့လည်း ငုပ်လျိုးနေတဲ့မျိုးချစ်စိတ်တွေ အချောင်းလိုက် အချောင်းလိုက် ထကြွလာမှာ မြင်ယောင် မိတယ်။ တပ်မတော်နဲ့ လက်တွဲပြီး တိုင်းပြည်ကို ကာကွယ်မည့် ဆရာသမားတွေလည်း နောက်ကျန်နေခဲ့မှာ မဟုတ်ဘူးဆိုတာ ယုံပါတယ်။

    အားလုံးပြန်ခြုံငုံ သုံးသပ်ကြည့်ရင်တော့ ရွေးကောက်ပွဲမတိုင်ခင် ကျန်သေးတဲ့ ရက်တွေထက်စာရင် ရွေးကောက်ပွဲ အပြီး လေးလလောက် အတွင်းမှာ ပဋိပက္ခတွေ (post-election conflicts) ဖြစ်လာနိုင်ချေ ပိုများတယ်လို့ သုံးသပ်မိပါတယ်။ နိုင်ငံတကာဖြစ်ရပ်တွေကို ကိုးကားပြီး တခြားရှုထောင့်က ဖြစ်နိုင်ချေတွေကိုပါ အသေးစိတ် ရေးချင်ပေမယ့်လည်း အချိန် အခက်အခဲကြောင့် ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါတယ်။    ။

  • မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    myan

    – မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြဖြစ်သည့် ရာဒို့ဂ်ျကို အေဗရာမိုဗစ်မှာ အသင်းနှင့် ရုတ်တရက် လမ်းခွဲခဲ့သည်ဟု သိရသည်။

    အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး စင်ကာပူအသင်း၏ နည်းပြဟောင်းဖြစ်သူ အေဗရာမိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လတွင် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဆိုးရွားသည့် ရလဒ်များကြောင့် ယခုကဲ့သို့ လမ်းခွဲရခြင်း ဖြစ်နိုင်သည်။

    မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ အုပ်စု G တွင် ၅ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားကာ ရမှတ်လေးမှတ်ဖြင့် တောင်ကိုရီးယား၊ ကူဝိတ်နှင့် လက်ဘနွန်တို့၏အောက် စတုတ္ထနေရာတွင် ရှိနေသည်။

    ဆားဘီးယားနည်းပြ အေဘရာမိုဗစ်၏ ရုတ်တရတ်လမ်းခွဲမှုမှာ မလေးရှားလက်ရွေးစင်အသင်း၏ လစ်လပ်နေသော နည်းပြနေရာကို ရယူရန် ဖြစ်နိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

    မြန်မာ့လက်ရွေးစင်အသင်းကို မြန်မာ ယူ ၁၉ အသင်းအား ယူ ၂၀ ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂျာ့ဒ်ဇီစီက ကိုင်တွယ်သွားမည်ဖြစ်သည်။ ၎င်း၏ ပထမဆုံးပွဲမှာ နိုင်ဘာ ၁၂ ရက်နေ့တွင် ကစားမည့် တောက်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သည်။

    Ref: Channelnewsasia

  • အဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ဥရောပပြည်သူများ ပြသ

    အဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တစ်သားတည်းရှိကြောင်း ဥရောပပြည်သူများ ပြသ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    pla

    – ဖိနှိပ်ခံ ပါလက်စတိုင်းများအား အားပေးထောက်ခံရန်၊ အစ္စရေးက ပါလက်စတိုင်းဆန္ဒပြသူများကို အင်အားသုံးနှိမ်နင်းမှုနှင့် အစ္စရေး-ပါလက်စတိုင်း တင်းမာမှုများကို တစ်ဖက်သက်ဖော်ပြသော မီဒီယာများအား ဆန့်ကျင်ရန်အတွက် ဥရောပနိုင်ငံများမှ ပြည်သူများမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

    လန်ဒန်တွင် ယမန်နေ့က တက်ကြွလှုပ်ရှားသူများမှာ Oxford Circus မှ ဘီဘီစီရုံးချုပ်သို့ ချီတက်ခဲ့ကြပြီး လမ်တစ်လျှောက်ရှိ လမ်းသွားလမ်းလာ ပြည်သူများကို ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ရေးအတွက် အသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။ Guardian သတင်းစာ၏ ဖော်ပြမှုအရ အဆိုပါချီတက်ဆန္ဒပြမှုတွင် ပြည်သူပေါင်း အနည်းဆုံး ၁၅၀ ခန့် ပါဝင်ခဲ့သည်။

    “အစ္စရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို ယူကေမီဒီယာတွေက ထပ်တလဲလဲဖော်ပြနေသမျှ၊ ပါလက်စတိုင်းပြည်သူတွေကို ကယ်ရာမဲ့တွေ၊ အကြမ်းဖက်လိုသူတွေအဖြစ် ဖော်ပြနေသမျှ ကာလပတ်လုံး ကျူးကျော်ပိတ်ဆို့ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ခုခံမှုဆိုတဲ့ အခွင့်အရေး ရှိနေတယ်လို့ ကျယ်ကျယ်လောင်လောင်ပြောနေရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    ဆန္ဒပြသူများမှာ ဆိုင်းဘုတ်များစွာ ကိုင်ဆောင်လာကြပြီး ဆိုင်းဘုတ်တစ်ခုတွင် “ပါလက်စတိုင်းက အစ္စရေးရဲ့ စစ်ရာဇ၀တ်မှုတွေကို အဆုံးသတ်” ဟု ဖော်ပြထားပြီး ဆန္ဒပြသူများကလည်း “မငိုပါနဲ့ ပါလက်စတိုင်း၊ ငါတို့က မင်းတို့ကို ပစ်ထားမှာမဟုတ်ပါဘူး” ဟု ဟစ်ကြွေးခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို London Palestine Action အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး “ပါလက်စတိုင်းများ၏ ခုခံကာကွယ်မှု” ကို ထောက်ခံသည့်အနေဖြင့် အနီရောင်နှင့် အစိမ်းရောင် ကာလာဗုံးများကို ပစ်ဖောက်ခဲ့ကြသည်။

    အဖွဲ့ဝင်တစ်ဦးဖြစ်သူ လေလာဝှိုက်ကမူ ဗြိတိန်အစိုးရမှာ အစ္စရေးကို လက်နက်များရောင်းချခြင်းဖြင့် “ပါလက်စတိုင်းများအား အစ္စရေး၏ အကြမ်းဖက်ဖိနှိပ်မှုကို လက်နက်ကိရိယာနှင့် နိုင်ငံရေးအရ ပံ့ပိုးပေးနေသည်” ဟု ပြောကြားခဲ့သည်။

    “ပါလက်စတိုင်းဆန္ဒပြသူတွေကို အစ္စရေးက ကျည်အစစ်တွေနဲ့ တုန့်ပြန်နေတယ်၊ တရားလက်လွတ် သတ်ဖြတ်နေတယ်၊ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်သူဂျူးတွေ ပါလက်စတိုင်းတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေပါတယ်” ဟု သူမက Guardian သို့ ပြောကြားခဲ့သည်။

    pla 3

    ပြင်သစ်တွင်လည်းပြုလုပ်

    ပါလက်စတိုင်းများအား အားပေးထောက်ခံသည့် ဆန္ဒပြမှုကို ပဲရစ်မြို့ရှိ ရီပက်ဘလစ်ရင်ပြင်တွင် ပြင်သစ်ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

    “အစ္စရေးအစိုးရဟာ ပါလက်စတိုင်းတွေ အရှက်ရစေဖို့၊ မြင့်တက်လာတဲ့ တင်းမာမှုတွေမှာ ပါဝင်လာဖို့ ဆွပေးနေတာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မီဒီယာက နေရာတိုင်းမှာ ရှိနေလို့ပါပဲ” ဟု EuroPalestine အဖွဲ့၏ ဥက္ကဌ ဇီမိုရ် အိုလီဗီယာက ပြောကြားခဲ့သည်။ ၎င်းတို့အဖွဲ့မှ ပြုလုပ်ခဲ့သည့် ချီတက်ဆန္ဒပြမှုတွင် လူရာချီ တက်ရောက်ခဲ့ကြသည်။

    တက်ကြွလှုပ်ရှားသူများမှာ ပါလက်စတိုင်းအလံများကို ဝှေ့ယမ်းကာ “အစ္စရေးအကြမ်းဖက်နိုင်ငံ” နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန်လည်း ပြင်သစ်အစိုးရအား တိုက်တွန်းခဲ့သည်။

    “ဒီနေ့ ကျွန်မတို့ဟာ ပါလက်စတိုင်းပြည်သူတွေရဲ့အနောက်မှာ မားမားမတ်မတ် ရပ်တည်နေပါတယ်။ ဘာမှညှိနှိုင်းစရာမရှိတဲ့အတွက် ကျွန်မတို့ ညှိနှိုင်းဖို့မလိုပါဘူး။ လုပ်ရမယ့်အလုပ်ကတော့ လက်နက်ကိုင် တိုက်ခိုက်ဖို့ပါပဲ” ဟု အိုလီဗီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ပြင်သစ်နှင့် လန်ဒန်တို့အပြင်၊ ဒက်ဘလင်၊ ဆစ်ဒနီနှင့် ဆန်ဖရန်စစ္စကို စသည့် အခြားဥရောပနိုင်ငံများနှင့် အမေရိကန်တို့မှ မြို့ကြီးများတွင်လည်း ပါလက်စတိုင်း ထောက်ခံရေး ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။

    ပြီးခဲ့သည့်လက ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာပြီး ဆန္ဒပြမှုများ၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သည့် ဂျူးများကို ဓားဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ လက်ရှိအချိန်အထိ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

    အစ္စရေးစစ်တပ်က ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟူသော စွပ်စွဲချက်ဖြင့် ပစ်သတ်ခဲ့သည့် ပါလက်စတိုင်း အရေအတွက်မှာ ၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်သည်။

    Ref: RT

  • ပါကစ္စတန်ရှိ မွတ်စလင်ပရဟိတအဖွဲ့ ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

    ပါကစ္စတန်ရှိ မွတ်စလင်ပရဟိတအဖွဲ့ ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    paki

    – ပရဟိတလုပ်ငန်းများ လုပ်ဆောင်မှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပါကစ္စတန်မှ မင်ဟာဂျွလ်ကုရ်အာန် အင်တာနေရှင်နယ် MQI အဖွဲ့မှာ အောက်တိုဘာ ၁၇ ရက်နေ့တွင် အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ဒီနေ့ဆိုရင် ကျွန်တော်တို့ဟာ ပြည်သူကို အလုပ်အကျွေးပြုလာတာ ၃၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ တဟ်ရီက် မင်ဟာဂျွလ် ကုရ်အာန်အဖွဲ့ဟာ ပါကစ္စတန်က ချို့တဲ့တဲ့ပြည်သူတွေကို အလုပ်အကျွေးပြုရာမှာ ဘယ်တော့မှ နှောင့်မနှေးခဲ့ပါဘူး” ဟု ပါကစ္စတန် အေ၀ါမီ တဟ်ရီးက် Awami Tehreek အဖွဲ့ ဥက္ကဌဖြစ်ပြီး MQI အဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ဒေါက်တာ တာဟီရွလ် ကွာဒရီက ထိုအခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    လာဟိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း အရည်အသွေးမြင့်သည့် ပညာရေးမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသတင်းစကားကို မြှင့်တင်ရန် အဖွဲ့၏ အားထုတ်လုပ်ဆောင်မှုများကို ပြန်ပြောင်း ဖွင့်ဟခဲ့သည်။

    အဖွဲ့အား စတင်တည်ထောင်သူ တာဟီရွလ်ကွာဒရီ၏ ပြောကြားမှုအရ ၎င်းတို့အဖွဲ့မှာ အစ္စလာမ်၏ စစ်မှန်သော သတင်းစကားကို ကမ္ဘာတစ်ဝှမ်းသို့ အောင်မြင်စွာ ဖြန့်ချီနိုင်ခဲ့သည်ဟု ဆိုသည်။

    MQI အဖွဲ့မှာ မသန်စွမ်းသော ပါကစ္စတန်ပြည်သူများအား ကူညီဖေးမပေးသည့်အပြင် ပါကစ္စတန်တွင်သာမက ကမ္ဘာတစ်ဝှမ်းတွင်ပါ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။

    အစ္စလာမ်အား အလွဲသုံးစားလုပ်၍ ဖော်ဆောင်နေသော အကြမ်းဖက်ဝါဒကို ဆန့်ကျင်ဖြေရှင်းထားသည့် ၎င်းတို့အဖွဲ့မှ ထုတ်ဝေသော စာမျက်နှာ ၆၀၀ ပါ ဖြေရှင်းချက်တစ်ခုကိုလည်း ကမ္ဘာ့အဓိကဘာသာစကား အားလုံးနီးပါးသို့ ပြန်ဆိုခဲ့ပြီးဖြစ်သည်။.

    ထိုအဖွဲ့မှာ အစ္စလာမ်သာသနာက သွန်သင်ထားသည့် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးကိုလည်း လူအမျာသိစေရန် မြှင့်တင်ဖော်ဆောင်လျက် ရှိနေသည်။

    MQI အဖွဲ့ကို ၁၉၈၀ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် အစိုးရမဟုတ်သော အကြီးဆုံးအဖွဲ့များတွင်လည်း တစ်ခုအပါအ၀င်ဖြစ်ကာ ငြိမ်းချမ်းရေး၊ သဟာဇာတဖြစ်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ ပညာရေးနှင့် အစွန်းရောက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတို့ကို ဇောက်ချလုပ်ကိုင်နေသည့် အဖွဲ့လည်းဖြစ်သည်။

    ထို့ပြင် အမျိုးသမီးများအား စွမ်းအားမြှင့်တင်ပေးခြင်း၊ ဖွံ့ဖြိုးတက်မှုနှင့် အသိပညာပေးလုပ်ငန်းများ၊ လူမှုဖူလှုံရေးနှင့် လူအခွင့်အရေးဆိုင်ရာ မြှင့်တင်ပေးမှုများကိုလည်း လုပ်ဆာင်နေသည်။ အစ္စလာမ့် သိပ္ပံပညာများ ပြန်လည်ထွန်းကာရေး၊ မွတ်စလင်လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနှင့် ယုံကြည်ချက်ပိုင်းဆိုင်ရာ ကောင်းမွန်ခိုင်မာရေး၊ စစ်မှန်သည့် အစ္စလာမ့်သွန်သင်မှုများနှင့် အစ္စလာမ့်ဒဿနများကို သင်ကြားပေးရေးတွင်လည်း MQI အဖွဲ့က အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိနေသည်။

    ယူကေတွင်လည်း ပါကစ္စတန် ဘာသာရေးပညာရှင် တာဟီရ် အူလ်-ကွာဒရီက မင်ဟာဂျွလ်ကုရ်အာန်ဟူသည့်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ကွာဒရီမှာ ၂၀၁၀ ခုနှစ်တွင် အကြမ်းဖက်ဝါဒနှင့် အသေခံဗုံးခွဲမှုတို့ကို ဆန့်ကျင်ကန့်ကွက်သော ဖသ်ဝါ ဓမ္မသတ်ကို ထုတ်ပြန်ခဲ့သည်။

    Ref: Onislam

  • အောင်မြင်ကျော်ကြားသော်လည်း မိမိမှာ မပျော်ရွှင်ဟု တိုးယေးပြော

    အောင်မြင်ကျော်ကြားသော်လည်း မိမိမှာ မပျော်ရွှင်ဟု တိုးယေးပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    toure

    – မိမိ၏ အောင်မြင်မှုများ၊ ၀င်ငွေများကိုကြည့်၍ လူများက မိမိမှာ ပျော်ရွှင်နေသည်ဟု ထင်မြင်နေကြသော်လည်း တကယ်တမ်းတွင် မိမိမှာ မပျော်ရွှင်ဟု မန်စီးတီး၏ ကွင်းလယ်ဗိုလ်ချုပ် ယာယာတိုးယေးက ပြောကြားလိုက်သည်။

    ဘာစီလိုနာမှ ၂၀၁၀ ပြည့်နှစ်တွင် မန်စီးတီးတို့ ရောက်ရှိလာခဲ့သည့် တိုးယေးမှာ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ FA ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးတို့ကို မန်စီးတီးနှင့်အတူ ဆွတ်ခူး ရရှိထားသည်။ လက်ရှိတွင် တစ်ပတ်ပေါင် ၂၂၀၀၀၀ ဖြင့် စာချုပ် ၁၈ လ ကျန်နေသေးပြီး တိုးယေးကမူ မီဒီယာများမှာ မိမိအား ဦးတည်၍ ဝေဖန်နေသည်ဟုလည်း ထင်မြင်နေသည်။

    “တစ်ခါတစ်ရံကျရင် ကျွန်တော် တော်တော်လေး မပျော်ရွှင်ဘူးလို့ ခံစားရပါတယ်။ ၂၀၁၀ ခုနှစ်မှာ မန်စီးတီးကို ရောက်လာတဲ့အခါ ကျွန်တော်က ဘောလုံးလောကကို သတ်ပစ်မယ်လို့ လူတွေပြောတာ ကျွန်တော်ကြားခဲ့ပါတယ်။ ဂျာနယ်လစ်တွေကလည်း ကျွန်တော့်လစာအကြောင်း ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဒီကလပ်မှာရှိနေတာဟာ တိုးတက်ဖို့နဲ့ ဖလားတွေရအောင် ကူညီဖို့ပါ။ လူတော်တော်များများက ကျွန်တော်ဒါမျိုးပြောရင် ရယ်ကျဲ့ကျဲ့လုပ်ကြပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။

    Ref: Dailymail