News @ M-Media

Blog

  • ဒုက္ခသည်အား စာနာမှုကြောင့် ဓားထိုးခံရသူ ဂျာမန်အမျိုးသမီး မြို့တော်ဝန်ဖြစ်လာ

    ဒုက္ခသည်အား စာနာမှုကြောင့် ဓားထိုးခံရသူ ဂျာမန်အမျိုးသမီး မြို့တော်ဝန်ဖြစ်လာ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    jerman

    – နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များအပေါ် စာနာထောက်ထားသော မှတ်ချက်များ ပေးခဲ့ခြင်းကြောင့် စနေနေ့က ဓားထိုးခံခဲ့ရသည့် ဂျာမန်မြို့တော်ဝန်လောင်း အမျိုသမီးမှာ ယမန်နေ့ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်း ကိုးလုံးမြို့တွင် တစ်သီးပုဂ္ဂလအဖြစ် မြို့တော်ဝန်နေရာကို ယှဉ်ပြိုင်သည့် ဟင်နရီယက်တီ ရက်ကာဆိုသူ အမျိုးသမီးဖြစ်ပြီး စုစုပေါင်းမဲရေအတွက်၏ ၅၂ ရာခိုင်နှုန်းရရှိကာ မြို့တော်ဝန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူမမှာ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ အာဏာရ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီနှင့် နီးစပ်သူတစ်ဦးလည်း ဖြစ်သည်။

    မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည့် ရက်ကာ၏လည်ပင်းကို ကို အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စနေနေ့တွင် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး သူမ၏ ဒုက္ခသည်ထောက်ခံမှုကို မကျေနပ်သောကြောင့် ထိုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရက်ကာမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်။

    Ref: CNN

  • အဟာရချို့တဲ့မှုကြောင့် ယီမင်ကလေးငယ် သန်းဝက်ကျော် အသက်အန္တရာယ်ရှိနေ

    အဟာရချို့တဲ့မှုကြောင့် ယီမင်ကလေးငယ် သန်းဝက်ကျော် အသက်အန္တရာယ်ရှိနေ

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    yemen

    – အစာရေစာ မလောက်ငှမှုကြောင့် ယီမင်ရှိ ကလေးငယ်သန်းဝက်ကျော်မှာ အသက်န္တရာယ်ရှိသည့် အဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    မတ်လက တိုက်ခိုက်မှုများ စတင်ကတည်းက ထိုအရေအတွက်မှာ ၃ ဆ မြင့်တက်လာခြင်းဖြစ်ပြီး စားသောက်ကုန် ပြတ်လတ်မှုနှင့် ကျန်းမာရေးစနစ် ယိုယွင်းမှုတို့ကြောင့် ကလေးငယ်များအား အစားအသောက် ကျွေးမွေးရန်နှင့် ကာကွယ်ဆေးထိုးရန် ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူနီဆက်ဖ် အရေးပေါ်ဒါရိုက်တာ အက်ရှန်ခန်းက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ရိက္ခာပြတ်လတ်မှု မည်မျှရှိနေသည်ကို အထောက်အထားများ မပြည့်စုံသောကြောင့် မကြေငြာနိုင်သေးပဲ စစ်တမ်းကောက်ယူမှုများ ပြုလုပ်နေပြီး ယခုလအကုန်တွင် သိရှိနိုင်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    နောက်ဆုံးရှိသော အချက်အလက်များအရ အသက် ၅ နှစ်အောက် ကလေးငယ် ၅၃၇၀၀၀ မှာ အလွန်အမင်း အဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကာ အသက်ဆုံးရှုံးရမည့်အခြေအနေ ရှိနေသည်။ ကလေးငယ် ၁.၃ သန်း၏ အဟာရချို့တဲ့မှုမှာ အလယ်အလတ်အဆင့် ရှိနေသည်။

    ယီမင်နိုင်ငံတစ်ဝှမ်းရှိ အစားအသောက်နှင့် ကျန်းမာရေးစင်တာများမှာ ၅ ခုတွင် တစ်ခုသာ ၀န်ဆောင်မှု အပြည့်အ၀ ပေးနိုင်သည်ဟု ခန်းက ထည့်သွင်းပြောကြားခဲ့သည်။ ယူနီဆက်ဖ်မှာ ကလေးငယ်များ၏ အဟာရချို့တဲ့မှုကို ဆန်းစစ်ရန် ရွေးလျားအဖွဲ့ ၃၄ ဖွဲ့ကို စီစဉ်ပေးထားသော်လည်း နိုင်ငံအရှေ့ပိုင်း ဒေသများကဲ့သို့ အလ်ကိုင်ဒါးများ သိမ်းပိုက်ထားရာ နေရာများ၌မူ ၀င်ရောက်ခွင့် မရှိပေ။

    မတ်လမှ စတင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသူမှာ အနည်းဆုံး ၅၄၀၀ ရှိနေပြီး လူဦးရေ ၂၃ သန်း၏ ခန့်မှန်းခြေ ၁၀ ရာခိုင်နှုန်းမှာလည်း နိုင်ငံအတွင်း၌ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ သေဆုံးသူများတွင် ၅၀၂ ဦးမှာ ကလေးငယ်များဖြစ်သည်ဟု ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

    Ref: Alarabiya

  • အသင်းမှာ စိုးရိမ်မှုလွန်ကဲနေသည်ဟု အေစီမီလန်နည်းပြ ပြော

    အသင်းမှာ စိုးရိမ်မှုလွန်ကဲနေသည်ဟု အေစီမီလန်နည်းပြ ပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    milan

    – အသင်းသားများတွင် မလိုအပ်သည့် စိုးရိမ်သောကများ ရှိနေသည်ဟု အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ပြစ်တင်ပြောဆိုလိုက်သည်။

    ယမန်နေ့က တိုရီနိုအသင်းအား ၁ ဂိုးစီသရေကျခဲ့သည့်ပွဲတွင် အေစီမီလန်မှာ ကားလို့စ်ဘက်ကာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ ချေပဂိုးပြန်ပေးခဲ့ရပြီး မီဟိုင်းလိုဗစ်ခ်ျက ထိုအတွက် မကျေမနပ် ဖြစ်နေသည်။

    “ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့တယ်။ ဒါပေမယ့် ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်း ကစားအားကျသွားပါတယ်။ ဂိုးသွင်းနိုင်ပြီးမှာ စိုးရိမ်ကြောင့်ကြ သွားသလိုမျိုးပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တစ်ပိုင်းလောက်တော့ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူတို့ ချေပဂိုးသွင်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ကစားပုံ ပြန်ကောင်းလာတယ်။ ဒါဟာ စိုးရိမ်သောက ဖြစ်နေတာမျိုးပါပဲ။ တစ်ပွဲပြီးတစ်ပွဲ ဒါကို ပြင်ဆင်ရပါမယ်။ ကျွန်တော်တို့ဟာ အေစီမီလန်ဖြစ်ပြီး ပိုပြီးတော့ ပါးနပ်ဖို့လိုပါတယ်” ဟု ၎င်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    သြစတေးလျကဲ့သို့ သေနတ်လျော့ချမှုပြုလုပ်ရန် ကလင်တန် တိုက်တွန်း

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    us

    – သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကို လျော့ချရန်အတွက် အမေရိကန်အစိုးရအနေဖြင့် သြစတေးလျမှ ၁၉၉၀ ပြည့်နှစ်များတွင် ဆောင်ရွက်ခဲ့သော သေနတ်လျော့ချရေး buyback အစီအစဉ်မျိုးကို စဉ်းစားသင့်သည်ဟု ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။

    ၁၉၉၆ ခုနှစ်တွင် သြစတေးလျရှိ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ပေါ့အာသာ ဆိပ်ကမ်းတွင် သေနတ်သမား မာတင် ဘရိုင်ယန့်က လူ ၃၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက်ပိုင်း သြစတေးလျအစိုးရမှာ သေနတ်လျှော့ချရေး buyback အစီအစဉ်ကို စတင်ခဲ့သည်။

    ထိုအစီအစဉ်အရ ဆီမီးအော်တိုမက်တစ် သေနတ်များကို ပိတ်ပင်ခဲ့ပြီး တားမြစ်ထားသော သေနတ်များ ပြန်အပ်ရန် ၁၂ လတာ အချိန်ပေးခဲ့ကာ အစိုးရက ထိုသေနတ်များကို ပြန်ဝယ်ခဲ့သည်။ ထိုအစီအစဉ်အတွင်း သေနတ်ပေါင်း ၆၄၀၀၀၀ ခန့် ပြန်လည်ရရှိခဲ့ပြီး နိုင်ငံအတွင်း သေနတ်နှင့်ဆက်စပ်သည့် လူသတ်မှုများမှာလည်း လျော့ကျခဲ့သည်။

    “အဲဒီသေနတ်တွေကို ပြန်ဝယ်ခြင်းအားဖြင့် သူတို့ဟာ ရောင်းလိုအားကို လျော့ချနိုင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ သေနတ်ဝယ်ဖို့အတွက် ခြားနားတဲ့ စံနှုန်းတွေကိုလည်း သတ်မှတ်နိုင်ပါတယ်” ဟု နယူးဟမ့်ရှိုင်းယားပြည်နယ် ကီနီမြို့ရှိ သောကြာနေ့ ဆွေးနွေးပွဲတစ်ခုတွင် ကလင်တန်က ပြောကြားခဲ့သည်။

    မကြာသေးမီက အော်ရီဂွန်ကတက္ကသိုလ်နှင့် ချာလ်စတန် ဘုရားကျောင်းတို့၌ သေနတ်ဖြင့် ပစ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်ထိန်းချုပ်ရေးမှာ အမေရိကန်တွင် အရေးပါသည့် ကိစ္စဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    နည်းပြနှင့် အသင်းသားများ၏ အမြင်ကိုသာ အလေးထားသည်ဟု ရူနီပြော

    အောက်တိုဘာ ၁၈၊ ၂၀၁၅
    M-Media

    rn

    – အခြားသူများ၏ ဝေဖန်မှုထက် နည်းပြနှင့် အသင်းသားများ၏ အထင်အမြင်များကိုသာ အာရုံစိုက်သည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာခဲ့သည့် ၀ိန်းရူနီမှာ ပရီးမီးယားလိဂ်တွင် ဂိုးရရန် ရုန်းကန်နေရပြီး ယမန်နေ့က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဲဗာတန်အသင်းနှင့်ပွဲတွင် တတိယဂိုး သွင်းပေးနိုင်ခဲ့သည်။ ထိုဂိုးမှာ အဝေးကွင်းတွင် ၁၁ လအတွင်း ရူနီ၏ ပထမဆုံးဂိုးဖြစ်ပြီး အသင်းဟောင်းအဲဗာတန်အား ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံး သွင်းနိုင်သည့် ဂိုးလည်း ဖြစ်သည်။

    ပွဲအပြီးတွင် ၎င်း၏ ဂိုးမိုးခေါင်မှုကို ကျော်ဖြတ်ရန် စဉ်းစားခဲ့သလားဟု မေးမြန်းရာ ရူနီက “ဒါဟာ သတင်းမီဒီယာက ဘယ်လိုစဉ်းစားလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့ကြိုက်သလို သူတို့ ပြောနေကြတာပဲ။ ကျွန်တော် အရေးစိုက်တာက နည်းပြနဲ့ အသင်းသားတွေရဲ့ အမြင်ကိုပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Dailymail