News @ M-Media

Blog

  • ၂၀၀၆ ကမ္ဘာ့ဖလားကျင်းပခွင့်ကို ဂျာမနီက လာဘ်ပေး၍ ရယူခဲ့ခြင်းဟု သတင်းထွက်ပေါ်

    ၂၀၀၆ ကမ္ဘာ့ဖလားကျင်းပခွင့်ကို ဂျာမနီက လာဘ်ပေး၍ ရယူခဲ့ခြင်းဟု သတင်းထွက်ပေါ်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၀၆ခုနှစ် ကမ္ဘာဖလား ကျင်းပခွင့်ရရေးအတွက် ဂျာမနီနိုင်ငံမှာ ဖီဖာအမှုဆောင်ကောင်စီ အဖွဲ့ဝင်များသို့ လာဘ်ထိုးခဲ့သည်ဟု ဂျာမန် အပတ်စဉ် သတင်းစာ Der Spiegel က ယမန်နေ့တွင် ဖော်ပြလိုက်သည်။

    အိမ်ရှင်ရွေးချယ်ရေး ကော်မတီသို့ ဆွဇ်ဖရန့် ၁၀.၃ သန်း (ထိုစဉ်က ကန်ဒေါ်လာ ၆ သန်း) ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအား Adidas အကြီးအကဲ ရောဘတ် လူးဝစ် ဒရိုင်ဖက်စ်က ၎င်း၏ ကိုယ်ပိုင်ငွေကြေးမှ ကူညီခဲ့သည်ဟု ဆိုသည်။ ဖီဖာကမူ ထိုသတင်းအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ လာဘ်ငွေမှာ ၂၀၀၀ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ဂျာမနီက ကမ္ဘာ့ဖလားကျင်းပခွင့် ရရှိမှု မတိုင်မီ ဖီဖာ၏ အဖွဲ့ဝင် ၂၄ ဦးပါသော အမှုဆောင်ကော်မတီမှ အာရှကိုယ်စားလှယ် ၄ ဦး၏ မဲများကို သေချာစေရန် အသုံးပြုခဲ့သည်ဟု ဆိုသည်။

    “ဒါဟာ ၁၉၇၀ ပြည့်နှစ်တွေအတွင်း ဘွန်ဒစ်လီဂါ လာဘ်ပေးလာဘ်ယူပြဿနာ ဖြစ်ပြီးကတည်းက ဂျမနီဘောလုံးလောကအတွက် အကြီးမားဆုံး ပြဿနာအဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။ ဂျာမနီက ၂၀၀၆ ကမ္ဘာဖလား ကျင်းပခွင့်ရခဲ့ခြင်းဟာ လာဘ်ငွေတွေနဲ့ ၀ယ်ယူလိုက်တဲ့ပုံစံမျိုးဖြစ်ဖို့ အလားအလာရှိတယ်လို့ Spiegel က သိရပါတယ်” ဟု အဆိုပါမဂ္ဂဇင်းတွင် ဖော်ပြထားသည်။

    အာရှကိုယ်စားလှယ်များ

    ဂျာမနီအား အိမ်ရှင်အဖြစ် ရွေးချယ်ရေး မဲခွဲရာတွင် နယူးဇီလန်မှ ချားလ်စ် ဒမ့်ပ်ဆေးက ကြားနေခဲ့ပြီးနောက် ၁၂- ၁၁ မဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး အာရှကိုယ်စားလှယ်များက ဥရောပကိုယ်စားလှယ်များကဲ့သို့ပင် ဂျာမနီအတွက် မဲပေးခဲ့ကြသည်။

    ထိုအထဲမှ အာရှကိုယ်စားလှယ် ၃ ဦးမှာ သက်ရှိထင်ရှား ရှိနေပြီး Spiegel မဂ္ဂဇင်းက တောင်ကိုရီးယားမှ ချွန်မွန်ဂျွန်းကို ထိုကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုရင် မထိုက်တန်ဟု ပြောကြားခဲ့သည်။

    အိမ်ရှင်အဖြစ်ရရှိရေး ကြိုးစားမှုကော်မတီကို ဦးဆောင်ခဲ့သည့် ဂျာမနီဂန္တ၀င်ကစားသမား ဖရန့်ဇ် ဘက်ကင်ဘောင်ဝါ၊ ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB ၏ လက်ရှိဥက္ကဌ ၀ုလ်ဖ်ဂန် နီယာစ့်ဘက်ခ်ျနှင့် အခြားသော ဘောလုံးထိပ်တန်းအရာရှိများမှာ ထိုလာဘ်ပေးမှုကို ၂၀၀၅ ခုနှစ်မတိုင်ခင် သိရှိခဲ့သည်ဟု ထိုမဂ္ဂဇင်းက ထည့်သွင်းဖော်ပြခဲ့သည်။

    လူးဝစ်-ဒရိုက်ဖက်စ်၏ အရစ်ကျပေးချေမှုကို လျှို့ဝှက်ထားခဲ့ပြီး အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှုကော်မတီ၏ ဘက်ဂျက်မှ သွားသည်မဟုတ်ဘဲ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ဘက်ဂျက်မှလည်း ကျခံခြင်းမဟုတ်ပေ။

    Ref: Aljazeera

  • နျူစွန့်လွှတ်ရန်ဆန္ဒကို မြောက်ကိုရီးယားက ပြရမည်ဟု ကန်နှင့် တောင်ကိုရီးယားပြော

    နျူစွန့်လွှတ်ရန်ဆန္ဒကို မြောက်ကိုရီးယားက ပြရမည်ဟု ကန်နှင့် တောင်ကိုရီးယားပြော

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    – မိမိတို့က ပိဆို့မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်အတွက် တံခါးဖွင့်ထားပြီး မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို အမှန်တကယ်စွန့်လွှတ်ရန် ဆန္ဒကို ပြရမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးတို့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၎င်းတို့နှစ်ဦးမှာ ၀ါရှင်တန်တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အီရန်ကဲ့သို့ မြောက်ကိုရီးယားနှင့် သဘောတူညီချက် ရယူနိုင်မည်လားဟု မေးမြန်းရာ နျူကင်းစင်သည့် အနာဂတ်ကို မြောက်ကိုရီးယားက မျှော်လင့်ထားသည့် လက္ခဏာမျိုး မရှိဟု အိုဘားမားက ပြန်လည်ဖြေကြားခဲ့သည်။

    ပတ်ဂျုံဟီးကမူ မြောက်ကိုရီးယား၏ နျူကလီးယားပြဿနာအတွက် နိုင်ငံတကာက တိုင်ပင်ကာ ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အရေးကြီးနေပြီး၊ သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုများကို ခိုင်မာအောင်ဆောင်ရွက်ရန် လိုအပ်ချက်အတွက် အိုဘားမားနှင့် သဘောတူညီချက်ရခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters

  • နေးမာအတွက် မန်ယူ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဖခင်ဖြစ်သူပြော

    နေးမာအတွက် မန်ယူ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု ဖခင်ဖြစ်သူပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    neymar

    – မန်ယူက နေမားအား ကမ်းလှမ်းခဲ့သည်ဆိုသော သတင်းများပေါ်ထွက်လာမှုကို နေးမာ၏ ဖခင်ဖြစ်သူက အတည်ပြုခဲ့ပြီး မိမိတို့က ပယ်ချခဲ့သည်ဟု ဆိုသည်။

    လာမည့် ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့် ကာလရှည် စာချုပ်ချုပ်ဆိုရန် ရှိနေသည့် နေးမာအား ပြီးခဲ့သည့် အပြောင်းအရွှေ့က မန်ယူမှ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

    “ကမ်းလှမ်းမှုက ဘာစီလိုနာကို ရောက်လာပါတယ်။ အသင်းကလည်း ကျွန်တော်တို့ကို အသိပေးခဲ့ပြီး သူတို့ နေးမာကို လက်လွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့က စိတ်ဝင်စားလားဆိုတာ သူတို့ မေးခဲ့ပြီး ဒါပေမယ့် ဒီလို မဖြစ်ခဲ့ပါဘူး။ ဘာကာနဲ့ သက်တမ်းက ၃ နှစ်လောက် ကျန်သေးပြီး အသင်းကလည်း ရောင်းမှာမဟုတ်ပါဘူး။ အဲဒီကမ်းလှမ်းမှုဟာ မန်ယူက လုပ်တာပါ။ ဒါပေမယ့် အခုတော့ မရှိတော့ပါဘူး ပျက်သွားပါပြီ” ဟု နေးမာစီနီယာက ပြောကြားခဲ့သည်။

    Ref: Goals

  • မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှုက မွတ်စလင်များအပေါ် ပြောင်းလဲစေသည်ဟု အမေရိကန် မွတ်စလင်ပညာရှင်တစ်ဦး ပြော

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အမှားများကို ဖြေရှင်းနေသည့် ထင်ရှားသော မွတ်စလင် ပညာရှင်တစ်ဦးဖြစ်သူ ဖိုင်ဆယ် အဘ်ဒူလ်ရာအွဖ်က မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်များ၏ ရှုမြင်မှုများကို ဘက်လိုက်သော မီဒီယာများက ပုံဖော်နေပြီး မွတ်စလင်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်နဲ့ပတ်သက်ပြီး အမေရိကန်တွေရဲ့ နားလည်မှုကို ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ မီဒီယာတွေက ပုံဖော်နေပါတယ်။ ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ဆက်ဆံရေးက ကောင်းမွန်နေချိန်မှာ သတင်းတွေမှာပါလာတဲ့ ဟာတွေက ကျွန်တော်တို့အပေါ် အမြင်တွေကို ပြောင်းလဲစေပါတယ်” ဟု နယူးယောက်ရှိ မတ်စဂျစ်ဒ် အလ်-ဖာရာ ဗလီဝတ်ကျောင်းတော်မှ
    ရှေ့ဆောင်အီမာမ်ဟောင်းဖြစ်သူ အဘ်ဒူလ် ရာအွဖ်က ဆိုသည်။

    Moving the Mountain: Beyond Ground Zero to a New Vision of Islam in America စာအုပ် အပါအ၀င် စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည့် ရာအွဖ်မှာ မွတ်စလင်ကမ္ဘာနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းရန် ဆယ်စုနှစ်ချီ၍ ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

    အစ္စလာမ်သာသနာမှာ အကြမ်းဖက်မှုကို အားမပေးသော်လည်း မီဒီယာများက မွတ်စလင်လူတစ်စု၏ ရက်စက်ယုတ်မာမှုကိုသာ မီးမောင်းထိုးပြနေသည်ဟု သူက ဆိုသည်။

    “တရားပွဲမှာ လူ ၃၀ ပြည့်အောင်တောင်မရှိတဲ့၊ ဧ၀ံဂေလိအသင်းတော်က ဘယ်သူမှမသိတဲ့ (ခရစ်ယာန်) တရားဟောဆရာ တစ်ယောက်က ကုရ်အာန်ကို မီးရှို့မယ်လည်း လုပ်လိုက်ရော ကမ္ဘာကျော်သွားတာပါပဲ။ ပြီးတော့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေကလည်း အမေရိကန်တွေအားလုံးက ဒီလိုလုပ်ချင်တဲ့သူတွေလို့ ထင်သွားကြပါရော။ ဒါမျိုးတွေက နှစ်ဖက်စလုံးကို ပုံသွင်းနေတာဗျ။ ဒါတွေကို တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ တိုက်ထုတ်ရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    အချို့သော အကြမ်းဖက်သမားများက ၎င်းတို့၏ မကောင်းဆိုးဝါး အစီအစဉ်များအား အစ္စလာမ်အမည်တပ်၍ ဆောင်ရွက်နေကြသည်ဟုလည်း အဘ်ဒူလ် ရာအွဖ်က ထည့်သွင်းပြောကြားချဲ့သည်။ မွန်တားနား ကမ္ဘာ့ရေးရာကောင်စီမှ ယခုလအတွင်း မစ်ဆိုလာ၌ ပြုလုပ်မည့် အစီအစဉ်တစ်ခုတွင် အဘ်ဒူလ် ရာအုဖ်မှာ “မွတ်စလင်၊ မွတ်စလင်မဟုတ်သူများနှင့် မီဒီယာ” ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်သည်။

    Ref: Onislam

  • မွတ်စလင်တွေ ဘယ်သူ့ ကိုမဲပေးရမလဲ

    မွတ်စလင်တွေ ဘယ်သူ့ ကိုမဲပေးရမလဲ

    အောက်တိုဘာ ၁၆ ၊ ၂၀၁၅
    ရေးသူ – ဦးမန်း
    vote
    ၂၀၁၅ရွေးကောက်ပွဲနီးစပ်လာတာနဲ့ အမျှ ခေတ်အဆက်ဆက် အဖိနှိပ်ခံဖြစ်နေတဲ့ မွတ်စ်လင်တွေရဲ့  ဘယ်သူ့ ကိုမဲပေးရမလဲဆိုတဲ့ ပြဿနာက တော်တော်ကြီးထွားလာပါတယ်။

    အထူးသဖြင့် မွတ်စလင် အများစုနေထိုင်တဲ့မြို့ နယ်တွေမှာ ဒီဂယက်ဟာ ရွေးကောက်ပွဲ မပြီးမချင်း နေ့ စဉ်ကြုံတွေ့ ရတဲ့ ပြဿနာ တစ်ခုဖြစ်လာပါတယ်။

    ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့ ရှိ မွတ်စလင် အများစုရှိတဲ့ မြို့ နယ်တွေအားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အတွက် အားရကျေနပ်စရာကောင်းလောက်အောင် နိုင်ခဲ့ပါတယ်။

    တကယ့်တကယ်တမ်းဆိုရင် မွတ်စလင်တွေက သူတို့ အတွက် ကယ်တင်ရှင်လာပြီဆိုတဲ့ အတွေးနဲ့  ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။

    ဒီလိုပဲ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အာဏာရှင်ထက် ပိုကောင်းမယ်လို့ ယူဆလို့  အဲ့ဒီတုန်းက ခမောက်ပါတီဖြစ်တဲ့ NDF ကို မဲပေးခဲ့ကြတာပါ။

    ကြားကာလဖြစ်တဲ့ ၂၀၁၂ခုနှစ်ကနေ ၂၀၁၅ခုနှစ်အတွင်း ၉၆၉တံဆိပ်များနဲ့ အတူ ဘာသာရေးအကြမ်းဖက်မှု တွေက တိုင်းနဲ့ ပြည်နယ်အနှံ့  ကမ်းပါးပြိုသလို ဒလဟောဖြစ်လာခဲ့တဲ့ အချိန် မွတ်စလင် လူစုအတွက် မျက်လုံးပြူးမျက်ဆံပြာဖြစ်ကုန်ကြတယ်။
    နိုင်ငံရေးကစားကွက်လို့ တွေးထင်ယူဆကြပေလို့   အတိုက်ခံဟာ လူနည်းစု အတွက် နှုတ်ဆိတ်စရာကောင်း လွန်းနေပြန်တယ်။ ဘာလို့ ဆိုတော့ မွတ်စ်လင်တွေသာ ထကြွမယ်ဆိုရင် သူတို့ (စစ်တပ်) လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်ခြေဖ၀ါးအောက်မှာ ၀ပ်တွားရမယ်ဆိုတာ မွတ်စ်လင်တိုင်းသိနေကြလို့ ပါပဲ။

    ဒါ့ကြောင့်  မွတ်စလင်ထဲက တစ်ချို့  က ဘာသာရေးတရားများ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကသွားရင်း နိုင်ငံရေး နယ်ပယ်ထဲကို မသိလိုက် မသိဘာသာနဲ့ ရောက်သွားကြတယ်။

    အမျိုး၊ဘာသာ၊ သာသနာအဖွဲ့ (မဘသ) အဖွဲ့ နာမည်ကျော်ကြားမှုနဲ့  ဦးဝီရသူရဲ့ ရှမ်းရှမ်းတောက် မိန့်ခွန်းတွေအကြား အလူးအလဲနဲ့ မွတ်စလင် အများစု ဘ၀က နေစာမြက်လို ခြောက်ယောင်းလာပါတော့တယ်။

    သွားရေးလာရေးကအစ လူမှုဆက်ဆံရေး နယ်ပယ် အဆုံး မြို့ ကြီးတွေမှာ အတော်အသင့်နဲ့ နယ်မြို့ လေးတွေမှာ ဆိုးဆိုးဝါးဝါး ကျီးလန့် စာစားဖြစ်လာကြတယ်။သွားသတိ၊လာသတိနဲ့  နိုင်ငံသားတစ်ယောက်ရဲ့ လုံခြုံမှုက ပျောက်ဆုံးလာတယ်။

    ဖြစ်ခဲ့တဲ့ ပဋိပက္ခတိုင်းမှာ အစိုးရကိုယ်တိုင်က ပါဝင်ပတ်သက်နေတယ်လို့ ယူဆနိုင်တဲ့ အထောက်အထားတွေ့ လာရတဲ့အချိန်မှာ မွတ်စလင်တွေဟာ ကိုယ့်ဘ၀အတွက် ကိုယ်ကိုယ်တိုင် ဒိုင်းဖြစ်နေတယ်ဆိုတာ သိလာကြရတယ်။

    သူတို့ အကောင်းဆုံးဖြေဆေး တစ်ခွက်ဖြစ်လာနိုင်တာက ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲပါ။ အစိုးရအပြောင်းအလဲမှာ သူတို့ ဘ၀တွေ စိုပြေလာနိုင်တယ်လို့ အများစုက ယူဆထားကြတယ်။

    ဒါကြောင့် အပြောင်းအလဲလုပ်နိုင်တယ်လို့ တစ်နိုင်ငံလုံးက ယူဆနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကို ၀န်းရံဖို့ ဆုံးဖြတ်ထားကြသလို မွတ်စ်လင်နိုင်ငံရေးသမားတွေ ကိုယ်စားလှယ်လောင်းတွေ အဖြစ်စာရင်းသွင်းကြတဲ့အချိန် ပျော်ကြပြန်တယ်။ငါတို့ လူတွေတော့ ငါတို့ အရေးအတွက် အော်ပေးတော့မယ်ဆိုတာမျိုးပေါ့။

    မဘသ ရန်ကြောင့် မွတ်စလင် အမတ်လောင်းတွေကို မရွေးချယ်ရတာပါလို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ရဲ့ ပြောကြားချက်က မွတ်စလင်တွေရဲ့ မျှော်လင့်ချက်တွေ ပျက်စီးခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။

    အဲ့ဒီလိုပဲ မဘသအဖွဲ့ ရဲ့ မျိုးစောင့် ဥပဒေအောင်ပွဲ အခမ်းအနားကို နိုင်ငံလုံးအနှံ့ ခြိမ့်ခြိမ့်သဲ လုပ်ရင်း သူတို့ ဆိုခဲ့တဲ့ မွတ်စလင်ကင်းစင်တဲ့ လွှတ်တော်ကြီးဟာ ဖြစ်တည်လာမယ့်သဘောပါ။

    ဒီအချိန်မှာပဲ မွတ်စလင်ပါတီတွေထဲက နိုင်ငံရေးနောက်ခံတောင့်တင်းတဲ့ အမတ်လောင်းတွေ ထွက်ပေါ်လာပြန်သလို ပရဟတိလုပ်ရင်း ပါတီနိုင်ငံရေး ဇာတ်ခုံပေါ်ရောက်လာတဲ့ အမတ်လောင်းတွေလည်း ရှိလာပါတယ်။

    အငြင်းပွားစရာတွေပြည့်တဲ့ အချိန်ဖြစ်လာပါတယ်။တစ်ချို့  မွတ်စလင်အမတ်လောင်းတွေကလည်း နိုင်ငံရေးနောက်ခံ သမိုင်းကြောင်းမရှိ အရေးပေါ် ထိုးတင်ထားရတဲ့ အခြေအနေမျိုးဖြစ်တဲ့ အတွက် ရွေးကောက်ပွဲအောင်နိုင်ရေးကို ဘယ်လိုဆောင်ရွက်ရမလဲ မသိဘူးဆိုတာ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာတွေ့ နေရပါတယ်။

    မွတ်စလင်တွေအတွက် အဓိက ပန်းတိုင်ဖြစ်တဲ့ နို်င်ငံသား အခွင့်အရေး အပြည့်အ၀ရရှိရေးအတွက် အပြောင်းအလဲလုပ်လိုတဲ့ ပါတီကြီးတစ်ခုအနိင်ရမှ အစိုးရဖွဲ့ နိုင်မှဖြစ်မှာပါ။ သို့ သော်လည်း တစ်ဖက်မှာက ကြားဖြတ်အချိန်မှာ အောင်နိုင်ထားတဲ့ အမတ်ကို မကြိုက်လို့ မွတ်စ်လင်ပါတီကို မဲပေးမယ်၊ငါတို့ အတွက် ငါတို့ ဘာသာဝင် တစ်ယောက်တော့ရှိသင့်တယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ ဒီမိုကရေစီနိုင်ငံရဲ့ အနှစ်သာရမှာ လွတ်လပ်စွာ အမြင်ကွဲပြားနိုင်ခြင်းပါပဲ။

    မွတ်စလင် တစ်ယောက်လွှတ်တော်ထဲရောက်လို့  အလုပ်မတွင်ဘူးဆိုတာ သိပေမယ့် သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအကျိုးထမ်းဆောင်ခဲ့တဲ့ အရာက ၂၀၁၅ခုနှစ်ကျမှ ရိုင်းမယ့် ပုံစံဖြစ်လာပါတယ်။ တစ်ဖက် အစိမ်းရောင်ပါတီကလည်း မွတ်စလင်ကို စိတ်ကြိုက်အသုံးပြုပြီးမှ နင်းချေခဲ့ပြန်တယ်။တစ်ဖက် အနီရောင်ပါတီကျပြန်တော့ မဘသရန်ကြောင့် မွတ်စ်လင်တွေနေခဲ့ရပြန်တယ်။

    ဒါပေမယ့် တစ်နိုင်ငံလုံးအတွက် အပြောင်းအလဲက အရေးကြီးနေပြန်တယ်။

    အပြောင်းအလဲအတွက် အနီရောင်ဟာ အရေးကြီးသလို အပြောင်းအလဲ လုပ်တိုင်း ကြားမညှပ်စေဖို့ နိုင်ငံရေးနောက်ခံကောင်းပြီး လွှတ်တော်ထဲမှာ အကြောင်းလှနိုင်တဲ့ မွတ်စလင်အမတ်လောင်းတွေလည်း လိုအပ်တယ်လို့ ဆိုပါရစေ….

    * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။