News @ M-Media

Blog

  • မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    rodger

    – အသင်း၏ ကျဆင်းမှုများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည်ကို မိမိအနေဖြင့် စိုးရိမ်ခြင်းမရှိဘဲ၊ မိမိ၏ အလုပ်မှာ မည်သည့်အန္တရာယ်မှ မရှိဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက အဆင့် ၆ ဖြင့် ရာသီသိမ်းခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် စွမ်းဆောင်ရည် ကောင်းမွန်လာခြင်းမရှိဘဲ ရှုံးပွဲများနှင့်အတူ အဆင့် ၉ နေရာတွင် ရှိနေကာ ရော်ဂျာ၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်လုပ်နေတာနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တနင်္ဂနွေနေ့ပွဲမှာ အဲဗာတန်ကို နိုင်ဖို့ပါပဲ။ ဘုတ်အဖွဲ့က ကျွန်တော့်နေရာအတွက် အာမခံချက်မရှိတော့ဘူးလို့ ဖော်ပြတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ မက်ဆေ့ခ်ျတွေနဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ပြီး အမှုဆောင်အကြီးအကဲ အီယန် အိုရီနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ အပြောင်းအလဲ ဒါမှမဟုတ် ဘာထူးခြားမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goals

  • နိုက်ဂျီးရီးယား ရေနံမင်းသမီး လန်ဒန်တွင် အဖမ်းခံရ

    နိုက်ဂျီးရီးယား ရေနံမင်းသမီး လန်ဒန်တွင် အဖမ်းခံရ

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    nigeria

    – ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုက်ဂျီးရီးယား ရေနံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်ပိုင် ငွေကြေး ကန်ဒေါ်လာ ဘီလီယံများစွာ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခံထားရသူ အမျိုးသမီး ဒီဇာနီ အလီဆန်-မာဒူကီကို လန်ဒန်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီဟု နိုက်ဂျီးရီးယား သမ္မတအသိုင်းအ၀ိုင်းနှင့် မာဒူကီ၏ မိသားစုရင်းမြစ်များက ပြောကြားခဲ့သည်။

    သမ္မတဟောင်း ဂွဒ်လက်ဂျိုနသန်က ဘူဟာရီအား ယခုနှစ်ဆန်းပိုင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် မာဒူကီမှာ ပြန်လည်ရွေးချယ်ခြင်း မခံရတော့ပေ။ ဘူဟာရီကမူ နိုင်ငံအတွင်း ခြစားမှုများကို အမြစ်ဖြတ် တိုက်ထုတ်သွားမည်ဟု ကတိပေးထားသည်။

    ယူကေ အမျိုးသားရာဇ၀တ်မှုအေဂျင်စီမှ ထုတ်ပြန်သော ကြေငြာချက်တွင် နိုင်ငံတကာ ခြစားမှုတိုက်ဖျက်ရေးတပ်ဖွဲ့များမှာ လာဘ်စားမှုနှင့် ခြစားမှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ ၅ ဦးကို လန်ဒန်တစ်ဝိုက်တွင် ဖမ်းဆီးခဲ့သည်ဟု ရေးသားထားပြီး အမည်များကို ဖော်ပြခဲ့ခြင်းမရှိပေ။

    နိုက်ဂျီးရီးယား မီဒီယာများကမူ မာဒူကီမှာ နာရီအနည်းငယ်အကြာတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera

  • နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပေးထားသည့် စီးပွားရေးမက်လုံးအချို့ကို မြန်မာ လျော့ချမည်

    နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပေးထားသည့် စီးပွားရေးမက်လုံးအချို့ကို မြန်မာ လျော့ချမည်

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    myan

    – နိုင်ငံအတွင်း ပိုမိုတာဝန်ယူနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာနိုင်ရေးအတွက် အတိုင်းထက်လွန်နေသော စီးပွားရေးမက်လုံများကို မြန်မာအစိုးရက လျော့ချရန် အစီအစဉ် ရှိနေပြီး လာမည့်ဒီဇင်ဘာလတွင် ထိုဥပဒေကြမ်းအား အတည်ပြုနိုင်ဖွယ် ရှိနေသည်ဟု သိရသည်။

    သမ္မတဦးသိန်းစိန်၏ ထိပ်တန်း စီးပွားရေးအကြံပေးဖြစ်သူ ဦးအောင်ထွန်းသက်မှာ ကြာသာပတေးနေ့က စင်ကာပူ၌ ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အက်ဥပဒေဖြစ်လာမည့် မက်လုံးများ လျော့ချမှုအစီအစဉ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တင်သွင်းသည့် ယာဉ်များအပေါ် သတ်မှတ်ထားသည့် အခွန်ကင်းလွန်ခွင့် ရုပ်သိမ်းခြင်း၊ အခွန်လွတ် ကုန်ကြမ်းပစ္စည်း ပမာဏကို အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုက စီစစ်ရန် လိုအပ်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    “ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ကျွန်တော်တို့ရဲ့ ဆန္ဒမှာ ဒီမက်လုံးအချို့ဟာ မလိုအပ်ဘူးလို့ ကျွန်တော်တို့ ပြန်တွေးမိပါတယ်။ တာဝန်မယူနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေထက် မြန်မာနိုင်ငံကို တာဝန်ခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လိုတဲ့ ရည်ရွယ်ချက်ကြောင့် ဒီလို အခွင့်အရေးတွေကို အမြတ်ထုတ်တာမျိုး မရှိဖို့ ကျွန်တော်တို့ အသေအချာ ဆောင်ရွက်ချင်ပါတယ်” ဟု ဦးအောင်ထွန်းသက်က
    ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ဖြေလျော့လိုက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ၂၀၀၉ နှင့် ၂၀၁၄ ခုနှစ်အကြားတွင် မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၄.၁ ဘီလီယံရှိသည်ဟု ထုန်ပြတ်မှုများအရ သိရသည်။

    Ref: Bangkokpost

  • ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို မလေးရှား လက်ခံမည်

    ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို မလေးရှား လက်ခံမည်

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    ref

    – ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ရင်ဆိုင်နေရသည့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်အတွက် မိမိတို့မှာ ဒုက္ခသည် ၃၀၀၀ ကို လာမည့် ၃ နှစ်အတွင်း လက်ခံသွားမည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် တွန် ရာဇတ်က ပြောကြားလိုက်သည်။

    စစ်ပွဲများကြောင့် တိုင်းပြည်မှ ထွက်ပြေးနေရသည့် ဆီးရီးယားပြည်သူများအတွက် မွတ်စလင်အများစုရှိရာ နိုင်ငံများမှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။

    ဆီးရီးယားပြည်သူ ၄ သန်းခန့်မှာ ပြီးခဲ့သည့်လေးနှစ်အတွင်း အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ရပြီး ခက်ခဲကြမ်းတမ်းမှုများနှင့် ဆင်းရဲမွဲတေမှုများဖြင့် ရုန်းကန်နေရသည်။ မလေးရှားမှာ ဆီးရီးယားဒုက္ခသည်များအတွက် အကူအညီများကိုလည်း ယခင်က ပေးအပ်ခဲ့သည်။

    “လူအများစုဟာ နှစ်အတော်ကြာ  စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်။ ငတ်ပြတ်ခဲ့ရတယ်။ ပြီးတော့ ငြှင်းပမ်းနှိပ်စက် ခံခဲ့ရတယ်။ ဒါ့ကြောင့်ပဲ မလေးရှားက တာဝန်ယူလိုက်တာပါ” ဟု နာဂျစ်ဘ်က ကြာသာပတေးနေ့တွင် အကြိမ် ၇၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။

    ထို့ပြင် ဆီးရီးယားပြည်သူများ၏ ဒုက္ခသုက္ခများကို ဖြေရှင်းရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ နည်းလမ်းအသစ်များ လိုအပ်သည်ဟုလည်း နာဂျစ်ဘ်ကဆိုသည်။

    “လူမျိုး၊ ဘာသာကို ကျွန်တော်တို့ ကျော်ကြည့်တဲ့အချိန်၊ မျှော်လင့်ချက်ပျက်သုဉ်းနေတဲ့ ပြောင်းရွှေ့အခြေချသူတွေရဲ့ ပုံရိပ်တွေကို မြင်ရတဲ့အချိန်၊ အသက် ၃ နှစ်အရွယ် အေလန်ကာဒီလေးရဲ့ အလောင်း ကမ်းခြေမှာလာတင်တဲ့ သွေးပျက်ဖွယ်ဓာတ်ပုံကို မြင်ရတဲ့အချိန်တွေမှသာ ကျွန်တော်တို့ဟာ ပိုကောင်းကောင်း ဆောင်ရွက်ကြမှာပါ”

    Ref: TheStar

  • ဆီးရီးယားစစ်ပွဲ ရုရှားပါဝင်ခြင်းကို အမေရိကန် သတိပေး

    ဆီးရီးယားစစ်ပွဲ ရုရှားပါဝင်ခြင်းကို အမေရိကန် သတိပေး

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားစစ်ပွဲတွင် ရုရှားနှင့် အီရန်နိုင်ငံတို့က ၀င်ရောက်လာခြင်းမှာ နွံ့တောထဲသို့ ဆင်းခြင်းဖြစ်ပြီး ပြန်တက်ရန်ခက်မည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေးပြောကြားလိုက်သည်။

    ထို့ပြင် ရုရှားမှာ IS အဖွဲ့နှင့် ပိုမို၍ အလယ်အလတ်ကျသည့် ဆီးရီးယားသူပုန်များကိုလည်း ခွဲခြားနိုင်ခြင်းမရှိဘဲ၊ အားလုံးကို အကြမ်းဖက်သမားအဖြစ် မှတ်ယူခြင်းက ဖြစ်ရပ်ဆိုးကြီးအတွက် လက်ခံဖြတ်ပိုင်း ယူလိုက်ခြင်းပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားမှာ ယခုသီတင်းပတ်အတွင်းမှစ၍ ဆီးရီးယားအစိုးရတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး မိမိတို့မှာ အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အီရန်ကလည်း ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အမေရိကန်ကမူ ဆီးရီးယားစစ်ပွဲမှာ အမေရိကန်နှင့် ရုရှားတို့အကြား အားပြိုင်သည့်စစ်ပွဲမျိုးမဟုတ်ဟု ဆိုသည်။

    Ref: Aljazeera