News @ M-Media

Blog

  • ဆီးရီးယားသို့ စစ်သားများပို့ရန် ရုရှားလွှတ်တော် အတည်ပြု

    ဆီးရီးယားသို့ စစ်သားများပို့ရန် ရုရှားလွှတ်တော် အတည်ပြု

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    putin

    – ဆီးရီးယားနိုင်ငံသို့ စစ်သားများ ပေးပို့တပ်ဖြန့်နိုင်မည့် အခွင့်အာဏာကို သမ္မတပူတင်အား ရုရှား အထက်လွှတ်တော်က ယနေ့တွင် အပ်နှင်းခဲ့သည်ဟု အစိုးရအဖွဲ့က ကြေငြာခဲ့သည်။

    ပြည်တွင်းစစ်ကို ရင်ဆိုင်နေရသော ဆီးရီးယားသမ္မတ အာဆတ်က အကူအညီပေးရန် မေတ္တာရပ်ခံမှုအပြီး ထိုကဲ့သို့ အခွင့်အာဏာအတွက် ပူတင်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အထက်လွှတ်တော်က တစ်ညီတည်ညွတ်တည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထိုလုပ်ပိုင်ခွင့်ကြောင့် ရုရှားမှာ ဆီးရီးယားစစ်တပ်အတွက် လေတပ်ဆိုင်ရာ ကူညီမှုများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဆာဂျီ အိုင်ဗန်နော့ဗ်က မိမိတို့လေတပ်မှ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အကန့်အသတ်ရှိပြီး မည်သည့်လက်နက်များ အသုံးပြုသည်ဆိုသည်ကို ထုတ်ပြန်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ချန်ပီယံလိဂ်အရှုံးအတွက် အာဆင်ဝင်းဂါးကို အီယန်ရွိုက်အပြစ်တင်

    ချန်ပီယံလိဂ်အရှုံးအတွက် အာဆင်ဝင်းဂါးကို အီယန်ရွိုက်အပြစ်တင်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    arse

    – ယနေ့မနက်က အိုလံပီယာကော့စ်နှင့်ပွဲတွင် အာဆင်နယ်အသင်း၏ ဂိုးနေရာ၌ အရန်ကစားသမား ဒေးဗစ်အော့စ်ပီနာအား ထည့်သွင်းခဲ့ခြင်းမှာ အာဆင်ဝင်းဂါး၏ မဟာအမှားဟု ဂန္တ၀င်ကစားသမားဟောင်း အီယန် ရွိုက်က ဝေဖန်ပြောကြားလိုက်သည်။

    အီမရိတ်၌ ကစားခဲ့သည့် ထိုပွဲတွင် အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အာဆင်နယ်ပေးရသည့်ုဒုတိယဂိုးမှာ အော့စ်ပီနာမသေသပ်၍ ပေးခဲ့ရခြင်းဖြစ်သည်။ ထိုပွဲအရှုံးကြောင့် ၂ ပွဲကစား ၂ ပွဲစလုံးရှုံးနိမ့်ကာ အာဆင်နယ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် ရုန်းကန်ရတော့မည်ဖြစ်သည်။

    “ပွဲအစကတည်းက အော့စ်ပီနာအတွက် ကျွန်တော် စိုးရိမ်ခဲ့တာပါ။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ခံအလယ်လူနှစ်ယောက်က ရှိသင့်တဲ့ ယုံကြည်မှုမျိုးမှ မရှိတာ။ ကျွန်တော့်အတွက်တော့ သူဟာ တစ်ခုခုကို တွေးနေသလိုပါပဲ။ အနိုင်ကစားရမယ့်ပွဲမှာ အမြဲတမ်းမကစားရတဲ့ အော့စ်ပီနာကို ဘယ်လိုထည့်လို့ရမှာလဲ။ ဒီအတွက် နည်းပြကို မေးခွန်းထုတ်ရပါမယ်။ ဒါဟာ မဟာအမှားလို့
    ကျွန်တော်ထင်ပါတယ်” ဟု ရွိုက်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက် အန္တရာယ်ရှိနေသည်ဟု IMF သတိပေး

    ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက် အန္တရာယ်ရှိနေသည်ဟု IMF သတိပေး

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    imf

    – အတိုးနှုန်းနိမ့်ပါးမှု ကြာရှည်နေခြင်းကြောင့် ကမ္ဘာ့ဘဏ္ဏာရေးဈေးကွက်မှာ ကမောက်ကမဖြစ်မည့် အန္တရာယ် ရှိနေသည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် နှစ်ဝက်အစီရင်ခံစာတွင် သတိပေးလိုက်သည်။

    ရှယ်ယာဈေးကွက်များ၊ ငွေတိုက်စာချုပ်များ၊ ငွေကြေးများမှာ ရောင်းနိုင်၊ ၀ယ်နိုင်ကာ ငွေဖြစ်လွယ်သော်လည်း လက်ရှိ ဈေးကွက်အခြေအနေမျိုးတွင် ပျက်သုံးသွားရန် လွယ်ကူပြီး ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်မှုကို ပျက်ဆီးစေနိုင်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    “ဒီလိုငွေဖြစ်လွယ်မှု ပျက်သုံးသွားနိုင်တဲ့ အခြေအနေမျိုးအတွက် ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲသူတွေက ပြင်ဆင်ထားဖို့ပါတယ်။ ဘဏ္ဏာရေးဈေးကွက်က ငွေဖြစ်လွယ်မှု အဆင့်ဟာ ပိုင်ဆိုင်မှုပုံစံမျိုးတွေထဲမှာ သိသိသာသာ ကျသွားတာမျိုးတော့ တွေ့ရလေ့ မရှိပါဘူး။ ဒါပေမယ့် အတိုးနှုန်း နိမ့်နေတာက ဒါတွေရဲ့ ခုခံနိုင်စွမ်းကို တစ်ဖြည်းဖြည်း ပြိုဆင်းလာစေပါတယ်”

    Ref: Channelnewsasia

  • စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဆော်ဒီအစိုးရ ပါသည်ဆိုသော စွဲချက်ကို ကန်တရားရုံး ပယ်ချ

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဆော်ဒီအစိုးရ ပါသည်ဆိုသော စွဲချက်ကို ကန်တရားရုံး ပယ်ချ

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    us

    – ၉/၁၁ တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျမှာ အလ်-ကိုင်းဒါး၏ ပြန်ပေးသမားများကို ထောက်ပံ့ပေးမှုများ ရှိခဲ့သည်ဆိုသော စွဲချက်ကို အမေရိကန်တရားရုံးက ပယ်ချလိုက်သည်။

    ထိုအဖြစ်ပျက်တွင် သေဆုံးသွားသူများမှ ၃၀၀၀ နီးပါး၏ မိသားစုများ၊ ပျက်ဆီးဆုံးရှုံးမှုများအတွက် နစ်နာကြေး ပေးရသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆော်ဒီကို ထိုကဲ့သို့ စွပ်စွဲကာ နစ်နာကြေး ရယူလိုကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ မက်ဟက်တန်မှ ခရိုင်တရားသူကြီး ဂျော့ဂ်ျ ဒန်နီယဲလ် စွဲချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။

    “စွဲချက်မှာပါဝင်တဲ့ ဒီစွပ်စွဲချက်တွေဟာ စွပ်စွဲခံရသူတွေအပေါ်မှာ တရားရေးအရ အခိုင်အမာဖြစ်ဖို့ဆိုတဲ့ ဒီတရားရုံးက အခြေခံတွေနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု ဒန်နီယဲလ်က ကြေညာချက်တွင် ရေးသားခဲ့သည်။

    ထိခိုက်ခံစားခဲ့ရသူများမှာ ထိုကဲ့သို့ ပယ်ချမှု ဖြစ်လာမည်ကို ရှောင်လွှဲရန်အတွက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သောကြောင့် အကျဉ်းကျခံနေရသည့် အလ်-ကိုင်းဒါးအဖွဲ့ဝင်ဟောင်း ဇာကာရီယက်စ် မူဆာအီ၏ ဖြောင့်ချက်ပေးမှု အပါအ၀င် စွပ်စွဲချက်အသစ်များဖြင့် တရားစွဲဆိုမှုအား ထပ်ဖြည့်ခဲ့ခြင်းဖြစ်သည်။

    ဒန်နီယဲလ်ကမူ တရားလိုများက ထိုကဲ့သို့ စွပ်စွဲချက်အသစ်များ ထပ်မံ ပေါင်းထည့်သော်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို အရပ်ဖက်၊ သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆို၍ မရဟူသော သတ်မှတ်ချက်ကို မကျော်နိုင်သောကြောင့် အချီးအနှီးသာ ဖြစ်သည်ဟု ဆိုသည်။

    ထိုစွဲချက်အတွက် ဆော်ဒီကို တရားရင်ဆိုင်သူအဖြစ်မှ ယခင်ကတည်း ပယ်ဖျက်ခဲ့သော်လည်း ဖက်ဒရယ် အယူခံခုံရုံးက ၂၀၁၃ ခုနှစ်တွင် ထိုအမှုအား ပြန်လည်အသက်ဝင်စေခဲ့ခြင်း ဖြစ်သည်။

    တရားလို ရှေ့နေအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အယူခံဆက်ဝင်သွားမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ရှေ့နေတစ်ဦးဖြစ်သူ စီယန်ကာတာရ်က ယခုကဲ့သို့ တရားရုံးက ပယ်ချမှုမှာ ၎င်းတို့အမှုအတွက် အထောက်အကူဖြစ်စေသော အထောက်အထားများကို လျှို့ဝှက်ထားရန် အမေရိကန်အစိုးရက ဆုံးဖြတ်ထားခြင်း၏ ရလဒ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၉/၁၁ အဖြစ်အပျက်မှ ထိခိုက်ခံစားခဲ့ရသူများ၏ ဆွေမျိုးများက ဆော်ဒီအစိုးရမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် လေယာဉ်ပြန်ပေးသမားများကို အမေရိကန်တွင် နေထိုင်ခွင့်အပါအ၀င် အကူအညီများပေးခဲ့သည်ဟု စွပ်စွဲထားသည်။

    Ref: Aljazeera

  • အင်္ဂလန်နှစ်သင်း ရှုံးပွဲတွေ့ခဲ့ပြီး အသင်းငယ်တွေ ခြေစွာခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲ

    အင်္ဂလန်နှစ်သင်း ရှုံးပွဲတွေ့ခဲ့ပြီး အသင်းငယ်တွေ ခြေစွာခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲ

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    cham

    – ချန်ပီယံလိဂ် အုပ်စုလေးခုရဲ့ ဒုတိယပွဲစဉ်တွေကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး အသင်းငယ်တွေ ခြေစွမ်းပြခဲ့ကာ အာဆင်နယ်၊ ချယ်ဆီးနဲ့ ရိုးမားတို့ အံ့ဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။

    အုပ်စု E

    ဘာစီလိုနာ ၂-၁ လေဗာကူဆင်
    BATE ၃-၂ ရိုးမား

    အဖွင့်ပွဲမှာ ရိုးမားနဲ့သကျေခဲ့တဲ့ ဘာစီလိုနာ အိမ်ကွင်းမှာ လေဗာကူဆင်ကို နောက်ဆုံး ၁၀ မိနစ်အတွင်း ရတဲ့ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကို ရှိန်မနေတဲ့ လေဗာကူဆင်ဟာ ပထမပိုင်းမှာ ကရီယာကို့စ် ပါပါဒိုပူးလို့စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး အိမ်ရှင်အတွက် ဂိုးတွေကိုတော့ မိနစ် ၈၀ မှာ ဆာဂျီယို ရော်ဘက်တိုနဲ့ ၈၂ မိနစ်မှာ ဆွာရက်ဇ်တို့က သွင်းပေးခဲ့တာပါ။

    ရိုးမားက အဝေးကွင်းမှာ ကောင်းရှုံးဖြစ်ခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာ BATE ကို ၃ ဂိုးပေးလိုက်ရတာက ရောမသားတို့အတွက် အထိနာခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ တစ်ပိုင်းလုံးနီးပါး ရိုးမားတို့ ဖိကစားခဲ့ပြီး ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းခဲ့ပေမယ့် ၂ ဂိုးသာရခဲ့တာကြောင့် ၂ ပွဲကစား ၁ မှတ်နဲ့ အုပ်စုအောက်ဆုံးကို ရောက်ခဲ့ရပါတယ်။

    အုပ်စု F

    ဘိုင်ယန်မြူးနစ် ၅-၀ ဒိုင်နမိုဇာရက်ဘ်
    အာဆင်နယ် ၂-၃ အိုလံပီယာကော့စ်

    အဖွင့်ပွဲမှာ အာဆင်နယ်ကို အနိုင်ကစားခဲ့တဲ့ ဒိုင်နမိုဇာဂရဘ်ကို ဘိုင်ယန်က အိမ်ကွင်းမှာ သာသာယာယာပဲ ၅ ဂိုးပြတ်နဲ့ နှိပ်ကွပ်ပြခဲ့ပါတယ်။ ပထမပိုင်းမှာတင် လေးဂိုးရခဲ့ပြီး၊ ဒီပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ လီဝမ်ဒေါ့စကီးကတော့ ဘိုင်ယန်အတွက် နောက်ဆုံး ၃ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။

    အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ချန်ပီယံလိဂ် ရာနှုန်းပြည့်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာ ဂိုးသွင်းခွင့်အသာရခဲ့ပေမယ့် ဒီအရှုံးကတော့ အာဆယ်နယ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာပါပြီ။ အိုလံပီယာကော့စ်က အင်္ဂလန်မြေမှာ ပထဆုံး အနိုင်ရပါပဲ။

    အုပ်စု G

    တဲလ်အဗီး ၀-၂ ဒိုနမိုကိဗ်
    ပေါ်တို ၂-၁ ချယ်ဆီး

    အုပ်စုအတွင်းမှာ အင်အားအနည်းဆုံးဖြစ်တဲ့ တဲလ်အဗီးကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ဒိုင်နမိုကိဗ် သိပ်ပြီး ပြဿနာမရှိခဲ့ပါဘူး။ ပထမပိုင်းနဲ့ ဒုတိယပိုင်းအစတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး အုပ်စုကို ဦးဆောင်နေပါတယ်။

    အသင်းဟောင်းပေါ်တိုကို ပြန်လည်ရင်ဆိုင်ရတဲ့ပွဲမှာ မော်ရင်ဟို မျက်နှာပန်း မလှခဲ့ပါဘူး။ အိမ်ကွင်းမှာ ပေါ်တိုက ပိုကောင်းခဲ့ပြီး အနိုင်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ပေါ်တိုရဲ့ ရီးယဲလ်ဂိုးသမားဟောင်း ကာစီးလက်စ်ကတော့ ချန်ပီယံလိဂ် ၁၅၂ ပွဲနဲ့ ပွဲအများဆုံးကစားနိုင်တဲ့ စံချိန်ကို တင်နိုင်ခဲ့ပါတယ်။

    အုပ်စု H

    လိုင်ယွန် ၀-၁ ဗလင်စီယာ
    ဇင်းနစ် ၂-၁ ဂျန့်

    အဖွင့်ပွဲမှာ ဇင်းနစ်ကိုရှုံးခဲ့တဲ့ ဗလင်စီယာဟာ လိုင်ယွန်နဲ့ ဒီပွဲမှာတော့ အမှားမခံတော့ပါဘူး။ ၄၂ မိနစ်မှာ ဖဂ်ဟူလီက အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် အဲဒီမတိုင်ခင် အပိုင်ဂိုးသွင့်ခွင့် ၂ ကြိမ်လောက် ရခဲ့ပါသေးတယ်။ အိမ်ရှင်တို့ကလည်း ဂိုးသွင်းခွင့် ၃ ခါလောက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    ဇင်းနစ်ကလည်း အိမ်ကွင်းမှာ ရာသီသစ် ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ ရုရှားကလပ် ဂျန့်အသင်းကို အသာသိပ်မရခဲ့ပေမယ့် တိုက်စစ်မှူးတွေ ဂိုးသွင်းတတ်တာကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။