News @ M-Media

Blog

  • ကက်သလစ်ဘုန်းကြီးများ ကျူးလွန်မှုကို ကာကွယ်ပေးသူမှာလည်း အပြစ်ရှိသည်ဟု ပုပ်ရဟန်းမင်းကြီးပြော

    ကက်သလစ်ဘုန်းကြီးများ ကျူးလွန်မှုကို ကာကွယ်ပေးသူမှာလည်း အပြစ်ရှိသည်ဟု ပုပ်ရဟန်းမင်းကြီးပြော

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    vatican

    – ခရစ်ယာန်ဘုန်းကြီးများ လိင်ပိုင်းဆိုင်ရာ လွန်ကျူးမှုကို ကာကွယ်ပေးသူများမှာ အပြစ်ရှိသူများဟု မှတ်ယူခံရမည်ဖြစ်ပြီး မိမိကျူးလွန်ခဲ့သည့် ထိုရာဇ၀တ်မှုအတွက် ၀န်ချတောင်းပန်ခြင်းမပြုသူ ဘုန်းကြီးများကို ဘုရားသခင်ကိုယ်တိုင် ဆုံးဖြတ်ပေးလိမ့်မည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။

    အမေရိကန်သို့ လည်ပတ်မှု အဆုံးသတ်ပြီးနောက် ဖီလာဒဲလ်ဖီးယားမှ ရောမသို့ပြန်ရန် လေယာဉ်ပေါ်သို့မတက်ခင် တနင်္ဂနွေနေ့က သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကက်သလစ်ဘုန်းတော်ကြီးများ၏ ထိုကဲ့သို့ လွန်ကျူးမှုမှာ ဘာသာတရားအား စော်ကားခြင်းသာဖြစ်ကာ ကက်သလစ်အသင်းတော်အနေဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည်ဟုလည်း ဆိုသည်။

    “ဒီအကြောင်းအရာအတွက် အသင်းတော်ကတော့ ပြတ်သားပါတယ်။ တစ်ယောက်ယောက်က ဒါမျိုးကို ဖုံးထားလို့ မရပါဘူး။ ဒီလိုဖုံးကွယ်ပေးထားတာဟာ အပြစ်ဖြစ်ပါတယ်။ တစ်ချို့ ဂိုဏ်းအုပ် ဘုန်းတော်ကြီးတွေတောင်မှ ဒါကို ဖုံးဖိပေးထားပါတယ်။ ဒါဟာ တော်တော်ဆိုးဝါးတဲ့ ကိစ္စပါ” ဟု ပုပ်ရဟန်းမင်းကြီး၏ ပြောကြားမှုကို ဗာတီကန်ရေဒီယိုက ကိုးကားဖော်ပြခဲ့သည်။

    ထိုကျူးလွန်မှုအတွင်း ထိုခိုက်ခံစားရသူများအား “ဘာမှမဖြစ်ပါဘူး” ဟု ပြောဆိုကာ နှစ်သိမ့်သူများကိုလည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပြီး ထိုပြစ်မှုအား ကျူးလွန်ကာ ၀န်ချတောင်းပန်မှု မပြုလုပ်သူကို ဘုရားသခင်ကိုယ်တိုင် စီရင်မည်ဟု ဆိုသည်။

    “တစ်ယောက်ယောက်က အမှားလုပ်မိတယ်။ အဲဒီအမှားကိုသိပြီး မှားပါတယ်လို့ ၀န်ချခြင်းမပြုဘူးဆိုရင် ဘုရားသခင် အရေးယူပါစေလို့ ကျွန်တော် တိုင်တည်ပါတယ်။ ကျွန်တော်က ခွင့်လွှတ်ပေမယ့် အဲဒီသူက လွတ်ငြိမ်းခွင့်မရပါဘူး။ ခွင့်လွှတ်မှုနဲ့ နီးကပ်သွားတာပဲ ရှိပါတယ်”

    ပုပ်ရဟန်မင်းကြီးက လူသားများ တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်ကြရန် တိုက်တွန်းခဲ့ပြီး ကက်သလစ်ဘုန်းကြီးများ၏ စော်ကားမှုကို ခံရသောသူများနှင့် ၎င်းတို့၏ မိသားစုများက ခွင့်မလွှတ်နိုင်မှုကိုလည်း မိမိအနေဖြင့် နားလည်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ကလေးငယ်များဘ၀က ကက်သလစ်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသူ ၅ ဦးနှင့် ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့ခံစားခဲ့ရသည်များကို နားမထောင်ပေးမှု၊ မယုံကြည်မှုတို့အတွက် တောင်းပန်သည်ဟု ပြောကြားခဲ့သည်။

    “ဘုန်းကြီးတွေနဲ့ ဂိုဏ်းအုပ်များတွေက သူတို့ရဲ့ ကျူးလွန်မှု ဒါမှမဟုတ် ကလေးငယ်တွေကို မကာကွယ်နိုင်မှုတွေအတွက် တာဝန်ယူရပါလိမ့်မယ်”

    Ref: Huffingtonpost

  • တင်းနစ်မယ် ဆီရီနာဝီလီယံ ယခုနှစ်တင်းနင်းပြိုင်ပွဲများမှ အနားယူ

    တင်းနစ်မယ် ဆီရီနာဝီလီယံ ယခုနှစ်တင်းနင်းပြိုင်ပွဲများမှ အနားယူ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    seri

    – မိမိရရှိခဲ့သော ဒဏ်ရာများ အရှင်းပျောက်ကင်းစေရန်နှင့် ခန္ဓာကိုယ်အား အနားပေးရန်အတွက် တရုတ်နိုင်ငံ၌ လက်ရှိကျင်းပနေသည့် Wuhan Open တင်းနစ်ပြိုင်ပွဲနှင့် စင်ကာပူတွင် ကျင်းပရန်ရှိနေသည့် ယခုနှစ် တင်းနစ်ရာသီ၏ နောက်ဆုံးပြိုင်ပွဲ WTA Finals တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဟု အမေရိကန်နာမည်ကြီးတင်းနစ်မယ် ဆရီနာဝီလီယံက ပြောကြားလိုက်သည်။

    ဆရီနာမှာ ပြီးခဲ့သည့်လက US အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်၌ ရောဘတ်တာဗင်ချီအား ရှုံးနိမ့်ခဲ့ပြီး တစ်နှစ်အတွင်း ဂရန်းစလမ်ဆုဖလားများ စံချိန်တင်ရယူနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။

    “တစ်နှစ်ပတ်လုံးမှာ ဒဏ်ရာအနာတရတွေနဲ့ ရုန်းကန်နေရတယ်ဆိုတာ ကျွန်မ လျှို့ဝှက်မထားခဲ့ပါဘူး။ ကျွန်မရဲ့ တံတောင်ဆစ်၊ ဒူးခေါင်း၊ နောက်ဆုံးကစားခဲ့တဲ့ ယူအက်စ်အိုးပင်းမှာ နှလုံးရောဂါတွေပေါ့။ ကျွန်မဟာ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်တတ်သူပါ။ ကျွန်မ ဘယ်လောက်ကြာကြာတတ်နိုင်သလဲ အဲဒီလောက်ကို ယှဉ်ပြိုင်ချင်တာပါ။ ဒါ့ကြောင့် ကျွန်မ အပြောင်းအလဲလုပ်ခဲ့တာဖြစ်ပြီး ကျွန်မရဲ့
    ကျန်းမာရေးပြဿနာကို ဖြေရှင်းဖို့၊ ဒဏ်ရာတွေအရှင်းပျောင်းကင်းအောင် အချိန်ပေးဖို့ ဘေဂျင်းနဲ့ စင်ကာပူပြိုင်ပွဲတွေကနေ နှုတ်ထွက်ခဲ့တာပါပဲ”

    Ref: Dailymail

  • IS အား ဆန့်ကျင်ရေးမှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟု ဆော်ဒီ အစ္စလာမ့်ဓမ္မပညာရှင်များကောင်စီ ပြောကြား

    IS အား ဆန့်ကျင်ရေးမှာ မွတ်စလင်တိုင်း၏ တာဝန်ဖြစ်သည်ဟု ဆော်ဒီ အစ္စလာမ့်ဓမ္မပညာရှင်များကောင်စီ ပြောကြား

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    is
    – မွတ်စလင်များအား သင်းကွဲအောင် ဆောင်ရွက်မှုနှင့် အရှေ့အလယ်ပိုင်းတွင် တရားဥပေဒစိုးမိုးရေးကို ပျက်ပြားစေသည့် လုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် IS အဖွဲ့ကို ဆော်ဒီရှိ အစ္စလာမ့်ဓမ္မပညာရှင်များ ကောင်စီမှ ရှုတ်ချလိုက်သည်။

    အင်္ဂါနေ့က ကြေညာချက်တစ်စောင်ထုတ်ကာ ရှုတ်ချလိုက်ခြင်းဖြစ်ပြီး IS အဖွဲ့နှင့် ၎င်းတို့အား သစ္စာခံသူများကို ဆော်ဒီအစိုးရက ချေမှုန်းသုတ်သင်မှုများကိုလည်း ထောက်ခံသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    ဆော်ဒီပြည်သူများနှင့် နိုင်ငံခြားမှ လာရောက်အလုပ်လုပ်ကိုင်နေသူများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သင့်ပြီး IS အဖွဲ့နှင့် ဆက်သွယ်သူ မည်သူ့ကိုမဆို တွေ့ရှိပါက အာဏာပိုင်များထံ အကြောင်းကြားရန် အစ္စလာမ့်ဓမ္မပညာရှင်များကောင်စီက တိုက်တွန်းခဲ့သည်။

    ““သာသနာတော်ကနေ သွေဖီနေတဲ့” ဒီအုပ်စုကို ဆန့်ကျင်ဖို့ မွတ်စလင်အားလုံးရဲ့ တာဝန်ပါပဲ။ ဒီအုပ်စုဟာ မွတ်စလင်နိုင်ငံတွေ ပြိုကွဲအောင် ရည်ရွယ်ပြီး ဆောင်ရွက်နေတာသာဖြစ်တယ်” ဟု ထိုကြေငြာချက်တွင် သတိပေးထားသည်။

    ထို့ပြင် ပညာရှင်များက IS အဖွဲ့အား အစ္စလာမ်သာသနာကို ပုံဖျက်လိုသူများက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ထိုအကြမ်းဖက်သမားများမှာ ဗလီဝတ်ကျောင်းတော်များတွင် လူသတ်ခြင်းက အပြစ်မရှိဟူသော အယူအဆကို သွတ်သွင်းရန် ကြိုးစားနေသည်ဟုလည်း ပြောကြားခဲ့သည်။

    IS အဖွဲ့၏ သဘောတရားများကို ကမ္ဘာတစ်ဝှမ်းလုံးမှ အစ္စလာမ့်ဓမ္မပညာရှင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့များ အားလုံးက ရှုတ်ချခဲ့သည်။

    ဆော်ဒီမွဖ်သီချုပ် ရှိခ်အဘ်ဒူလ် အဇစ် အလ်-ရှိခ်က IS အဖွဲ့မှာ မွတ်စလင်လူငယ်များ၏ စိတ်ဓာတ်ကို အဆိပ်ခပ်ရာတွင် အလ်-ကိုင်းဒါးကဲ့သို့ အခြားသော အကြမ်းဖက်အုပ်စုများထက် တစ်ပန်းသာသည်ဟု သတိပေးခဲ့သည်။ ထို့ပြင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များအနေဖြင့် လူငယ်များအား ထိုကဲ့သို့ လမ်းမှားခြင်းမှ တားဆီးရန် ဆောင်ရွက်ရမည်ဖြစ်ပြီး မိသားစုနှင့် လှုမှုရေးလုပ်ငန်များဖြင့်လည်း လုပ်ဆောင်ရမည်ဟု မွဖ်သီကြီးက ထည့်သွင်း အကြံပြုခဲ့သည်။

    Ref: Arabnews

  • မာတာမှာ အကောင်းဆုံးပုံစံမရောက်သေးဟု ဗန်ဂါးလ်ပြော

    မာတာမှာ အကောင်းဆုံးပုံစံမရောက်သေးဟု ဗန်ဂါးလ်ပြော

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    mata

    – ယနေ့မနက် ချန်ပီယံလိဂ် ၀ုလ်ဖ်ဘာ့ဂ်နှင့်ပွဲတွင် ခြေစွမ်းပြခဲ့သော်လည်း ကွင်းလယ်လူမာတာမှာ အကောင်းဆုံးအခြေအနေသို့ မရောက်သေးဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် မန်ယူက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် ထိုပွဲတွင် မာတာမှာ ခြေစွမ်းကောင်းများ ပြသခဲ့ပြီး ချေပဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းပေးခဲ့သလို၊ စမောလင်းသွင်းသည့် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “တစ်ဦးကောင်းတစ်ယောက်ကောင်းအကြောင်း ကျွန်တော် မပြောပါဘူး။ ဒါပေမယ့် မာတာက ဒီပွဲမှာကစားတာထက် ပိုကောင်းကောင်း ကစားတာမျိုး ကျွန်တော်မြင်ဖူးပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ သူ တော်တော်ကောင်းတယ်ဆိုပြီး ပြောလို့ရတယ်လို့ ခင်ဗျားက ဆိုလာရင်တော့ ကျွန်တော် အဲ့ဒါကို သဘောမတူပါဘူး” ဟု ဗန်ဂါးလ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ နေရာအလိုက်ကစားပုံများကို ကျေနပ်သော်လည်း ယခုကဲ့သို့ပင် တောင့်တောင့်တင်းတင်း ဆက်ရှိနေရမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာနိုင်ငံအတွင်း လူမှုသဟဇာတဖြစ်ရေး We are Myanmar လှုပ်ရှားမှု စတင်

    မြန်မာနိုင်ငံအတွင်း လူမှုသဟဇာတဖြစ်ရေး We are Myanmar လှုပ်ရှားမှု စတင်

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    we

    – USAIDS နှင့် ရန်ကုန်ရှိ အမေရိကန်သံရုံးတို့၏ ပူးပေါင်းပါဝင်မှုဖြင့် လူငယ်နှင့် လူမှုသဟဇာတဖြစ်မြောက်ရေးစင်တာမှာ We are Myanmar ဟု အမည်ပေးထားသည့် လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “တစ်လှေထဲစီး တစ်ခရီးထဲသွား မြန်မာနိုင်ငံသား” ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးတွင် တရားဝင်စတင်ခဲ့ခြင်းဖြစ်သည်။

    လှုပ်ရှားမှုတွင် ပါဝင်သူများမှာ ဘာသာရေးနှင့် လူမျိုးရေး အတူယှဉ်တွဲနေထိုင်မှုနှင့် သဟဇာတဖြစ်ရေးတို့ကို အားပေးတိုက်တွန်းချက်များ ရေးသားထားသည့် လက်ကမ်းစာစောင်များအား ရန်ကုန်မြို့ရှိ လမ်းဆုံများတွင် ဝေငှခဲ့သည်။ ထို့ပြင် အမျိုးသားအမှတ်သညာ၊ ပဋိပက္ခများနှင့် နိုင်ငံရေးသဘောထားများကဲ့သို့ ကိစ္စရပ်များကို တစ်အိမ်တက်ဆင်း လိုက်လံ၍ ပြည်သူများနှင့် ဆွေးနွေးခဲ့ကြသည်။

    “မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံသားအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တူညီတဲ့အခွင့်အရေး အပ်နှင်ထားခံရတယ်ဆိုတာကို အသိပညာပေးဖို့ We are Myanmar လှုပ်ရှားမှုကို ဆောင်ရွက်တာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံသားတွေအကြားမှာ စည်းလုံးညီညွတ်မှုကို အခြေခံပြီး အောင်မြင်တဲ့ နိုင်ငံ ဖြစ်လာစေဖို့ပါပဲ” ဟု လူငယ်နှင့် လူမှုသဟဇာတဖြစ်မြောက်ရေးစင်တာမှ ကိုသက်ဆွေဝင်းက ပြောကြားခဲ့သည်။

    ကန်တော်ကြီးတွင်ပြုလုပ်သော လှုပ်ရှားမှုစတင်သည့် အခမ်းအနား၌ အကအဖွဲ့များ ပါဝင်ဖျော်ဖြေခဲ့ကာ We are Myanmar စာတမ်းနှင့် အတူယှဉ်တွဲနေထိုင်ရေးကို အားပေးသည့် အခြားသော စာတမ်းများကို ရေးထိုးထားသော တီရှပ်အင်္ကျီများကိုလည်း တက်ရောက်လာသူများအား ဝေငှခဲ့သည်။

    အခမ်းအနားစီစဉ်သူ ဇွဲနေအောင်က မိမိတို့မှာ မြန်မာနိုင်တစ်ဝှမ်းလုံးတွင် ခန္တီတရားတိုးပွားရေး ရည်ရွယ်သည်ဟု ဆိုသည်။

    “ဘာသာတရားတွေ၊ လူမျိုးရေးနောက်ခံတွေ၊ အယူအဆတွေ ကွဲပြားခြားနားသော်လည်း ကျွန်တော်တို့အားလုံးဟာ တစ်ခုတည်းသောနိုင်ငံ၊ တစ်ခုတည်းသော ကြမ္မာကိုသာ မျှဝေကြတဲ့ မြန်မာနိုင်ငံသားတွေသာ ဖြစ်တယ်ဆိုတာကို ဒီလှုပ်ရှားမှုကနေတစ်ဆင့် ကျွန်တော်တို့ သတင်းစကားပေးချင်ပါတယ်” ဟု ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    လူငယ်နှင့် လူမှုသဟဇာတဖြစ်မြောက်ရေးစင်တာမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နေကြည်ထွန်းနိုင်ကလည်း လာမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် လူမျိုးရေးနှင့် ဘာသာရေးအား အသုံးချမှုကို ရှုတ်ချခဲ့သည်။

    “လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေမှာ ဘာသာရေးပြဿနာကို အသုံးချတယ်ဆိုတဲ့ ကိစ္စတွေ ရှိနေပါတယ်။ နိုင်ငံရဲ့ အကျိုးကို တကယ်သယ်ပိုးထမ်းဆောင်ချင်တယ်ဆိုရင် (နိုင်ငံရေးပါတီတွေဟာ) ဘာသာရေးကို မထိပါးဘဲနဲ့ မဲဆွယ်လို့ရတယ်ဆိုတာ ပြောချင်ပါတယ်။ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ချပြမှုတွေနဲ့သာ မဲဆွယ်ကြပါ”

    Ref: DVB