News @ M-Media

Blog

  • ယှဉ်ပြိုင်နိုင်စွမ်းကျလာသည့် တိုရှီဘာကုမ္ပဏီ ပြောင်းလဲမှု လုပ်မည်

    ယှဉ်ပြိုင်နိုင်စွမ်းကျလာသည့် တိုရှီဘာကုမ္ပဏီ ပြောင်းလဲမှု လုပ်မည်

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    တိုရှီဘာကုမ္ပဏီ၏ အမှုဆောင်အကြီးအကဲ မာဆာရှီ မူရိုမာချီ

    – အိမ်သုံးပစ္စည်းများ၊ တီဗီ၊ ကွန်ပျူတာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းမှုကြောင့် ကုမ္ပဏီမှ ၀န်ထမ်းတစ်ချို့ကို လျှော့ရဖွယ်ရှိနေသည်ဟု ဂျပန်အခြေစိုက် တိုရှီဘာကုမ္ပဏီ၏ အမှုဆောင်အကြီးအကဲ မာဆာရှီ မူရိုမာချီက ယနေ့တွင် ပြောကြားလိုက်ပြီး၊ နျူကလီးယား စီးပွားရေးလုပ်ငန်းတွင်လည်း မိတ်ဖက်ကုမ္ပဏီကို ရှာဖွေရမည်ဟု ဆိုသည်။

    တိုရှီဘာမှာ မကြာမီက ကန်ဒေါ်လာ ၁.၃ ဘီလီယံ တန်ဖိုးရှိ စာရင်းအင်းပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ အထိုအခက်အခဲများကို ကျော်ဖြတ်ရန်အတွက် စီမံခန့်ခွဲရေး အဖွဲ့တစ်ခုကိုလည်း ရှယ်ယာရှင်များ၏ အတည်ပြုချက်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းခဲ့သည်။

    ငွေတိုက်စာချုပ်နှင့် ရှယ်ယာတို့မှ ရန်ပုံငွေရှာဖွေနိုင်ခြင်း မရှိသည့် တိုရှီဘာမှာ လိုအပ်ပါက ဘဏ်မှချေးငွေများဖြင့် ဘဏ္ဍာရေးပြန်လည်တည်ဆောက်မှုကို ပြုလုပ်သွားမည်ဖြစ်ပြီး မူရိုမာချီကမူ ထိုလုပ်ငန်းစဉ်မှာ ကုမ္ပဏီ၏ကို ခဏတာ ထိခိုက်စေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ပက်ကွီအိုအား အနိုင်ရမည်ဟု အမီးရ်ခန်း ယုံကြည်နေ

    ပက်ကွီအိုအား အနိုင်ရမည်ဟု အမီးရ်ခန်း ယုံကြည်နေ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    – မိမိနှင့် ပက်ကွီအိုတို့ ထိုးသတ်ဖြစ်ပါက မိမိက အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းက ပြောကြားလိုက်သည်။

    ပုခုံးဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်နှစ်ဆန်းတွင် ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်ဖွယ်ရှိနေသည့် ဖိလစ်ပိုင်လက်ဝှေ့ကျော်မှာ အမီးရ်ခန်းနှင့်ထိုးသတ်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ပက်ကွီအို၏ ပွဲစီစဉ်သူက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    “ကျွန်တော် ပက်ကွီအိုနဲ့ ထိုးသတ်ချင်ပါတယ်။ ကျွန်တော်နဲ့ မန်နီ(ပက်ကွီအို)တို့ဟာ သူငယ်ချင်းဖြစ်တာကြာပါပြီ၊ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူငယ်ချင်းဆိုတဲ့ ပတ်သက်မှုကို ဘေးဖယ်ထားရပါတယ်။ ကြိုးဝိုင်းအတွင်းမှာ လေ့ကျင့်ဖက်အဖြစ် ကျွန်တော်တို့ တော်တော်များများ ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထိုးသတ်မှုတွေကို ဘယ်သူမှ မမြင်ပါဘူး။ ကျွန်တော်ဟာ ဗီဒီယိုတွေကို
    မထုတ်ပြန်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ နည်းပြတူခဲ့ပြီး ဇာတ်လမ်းတွေလည်း တူခဲ့ပါတယ်။ ကြီးကျယ်တဲ့ပွဲတစ်ခု ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ ရခဲ့တဲ့အတွေ့အကြုံတွေနဲ့အတူ ကျွန်တော်ဟာ ပက်ကွီအိုကို ထိုးသတ်သွားမှာဖြစ်ပြီး နိုင်လည်း နိုင်မှာပါ” ဟု အမီးရ်ခန်းက ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦး၏ ပွဲအတွက် ဆွေးနွေးမှုများ အောင်မြင်ပါက လာမည့် ဖေဖော်ဝါရီသို့မဟုတ် ဧပြီလတို့တွင် ပွဲဖြစ်လာနိုင်ဖွယ် ရှိနေသည်။

    Ref: Dailymail

  • ကုလတွင် ဗီတိုကန့်သတ်ရေး ပြင်သစ်၏ အဆိုပြုချက်ကို နိုင်ငံအများအပြား လက်မှတ်ထိုး

    ကုလတွင် ဗီတိုကန့်သတ်ရေး ပြင်သစ်၏ အဆိုပြုချက်ကို နိုင်ငံအများအပြား လက်မှတ်ထိုး

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    – ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအနေဖြင့် အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများတွင် ၎င်းတို့၏ ဗီတိုအာဏာကို အသုံးမပြုရေးအတွက် ပြင်သစ်နိုင်ငံ၏ အဆိုပြုချက်ကို နိုင်ငံအများအပြားက လက်မှတ်ရေးထိုးခဲ့ကြသည်။

    လက်မှတ်ရေးထိုးကြသူများတွင် ဥရောပ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့မှ နိုင်ငံပေါင်း ၇၅ နိုင်ငံခန့် ပါဝင်ခဲ့ပြီး ပြင်သစ်တာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် အခြားနိုင်ငံများလည်း ပါဝင် လက်မှတ်ရေးထိုးရန် မျှော်လင့်နေသည်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှာ စုစုပေါင်း ၁၉၃ နိုင်ငံ ရှိနေသည်။

    “ရက်စက်ကြမ်းကြုတ်မှုတွေ အလွန်အမင်းဖြစ်နေပြီး ဗီတိုကြောင့် ကုလက ဘာမှမလုပ်နိုင်တဲ့ ဆီးရီးယားမှာလို အခြေအနေမျိုးတွေ အသေအချာ ပပျောက်သွားလိုတဲ့ စိတ်ဆန္ဒတွေ ကျွန်တော်တို့မှာ ပိုပြီးရှိရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရင့် ဖာဘီယက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ပြင်သစ်နိုင်ငံမှာ ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် နိုင်ငံဖြစ်သော်လည်း အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အလားအလာရှိသော အခြေအနေများတွင် ထိုအာဏာကို အသုံးမပြုဟု စိတ်ပိုင်းဖြတ်ထားကြောင်း၊ အခြားသူများလည်း ထိုကဲ့သို့လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပြင်သစ်၏အဆိုပြုချက်ကို အခြားသော ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် အမေရိကန်၊ တရုတ်၊ ဗြိတိန်နှင့် ရုရှားတို့က လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

    “အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှု လုပ်ငန်းမျိုး ပါဝင်တဲ့ အခြေအနေကို တားဆီးဖို့ ဒါမှမဟုတ် အဆုံးသတ်သွားဖို့ ရည်ရွယ်တဲ့ အရေးယူမှုမျိုးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဗီတိုအာဏာသုံးပြီး တားဆီးတာမျိုး မရှိသင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ပြင်သစ်၏ ဗီတိုကန့်သက်ရေး အဆိုပါ မူကြမ်းတွင် ရေးသားဖော်ပြထားသည်။

    “ဗီတိုအာဏာဟာ အခွင့်ထူးမဟုတ်ဘဲ နိုင်ငံတကာက တာဝန်ဝတ္တရားလို့ ကျွန်တော်တို့ ထောက်ပြချင်ပါတယ်”

    ဆီးရီးယားပြဿနာတွင် လုံခြုံရေးကောင်စီမှ အရေးယူရန် ဆောင်ရွက်မှု လေးကြိမ်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

    ကုလသမဂ္ဂမှသံတမန်များ၏ ပြောကြားချက်အရ ဗြိတိန်မှာ ထိုအဆိုပြုချက်ကို ထောက်ခံပြီး အမေရိကန်က အပြုသဘောဆောင်သည့် ဘက်က စဉ်းစားနေသည်ဟု သိရသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့ကမူ ထိုအဆိုပြုချက်ကို ကြိုက်နှစ်သက်ခြင်းမရှိဟု ဆိုသည်။

    လူ့အခွင့်အရေးအဖွဲ့များက ထိုကဲ့သို့ ဗီတိုအသုံးပြုမှုကန့်သတ်ရေးအတွက် အချိန်အတော်ကြာကတည်းကပင် ဆော်သြတိုက်တွန်းခဲ့ကြပြီး၊ အစိုးရများ၏ ဆိုးရွားသော ရာဇ၀တ်မှုများကို ဗီတိုပါဝါရှိသူ နိုင်ငံ ၅ ခုက ကာကွယ်ပေးနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။

    “ဗီတိုဆိုတာ မဟာမိတ်တွေကို ကာကွယ်ဖို့ အသုံးမပြုသင့်ပါဘူး။ ဒါမျိုးကို အာဆတ်အာဏာရှင်ကိစ္စမှာ မြင်တွေ့နေရပါတယ်” ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch အဖွဲ့မှ အကြီးအကဲဖြစ်သူ ကန်နက်သ် ရို့သ်က ပြောကြားခဲ့သည်။

    တရုတ်၏ထောက်ခံမှုဖြင့် ဆီးရီးယားအစိုးရအား ရုရှားက ဗီတိုသုံး၍ ကာကွယ်မှုများအတွက် ဝေဖန်မှုများ ရှိသကဲ့သို့ အစ္စရေး၏ ပါလက်စတိုင်းများအပေါ် ကျူးလွန်မှုများကိုလည်း အမေရိကန် အကြိမ်ကြိမ်အခါခါ ဗီတိုသုံး၍ ကာကွယ်ပေးမှုများအတွက် ဝေဖန်မှုများလည်း ရှိနေသည်။

    Ref: reuters

  • ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို မီဒီယာများကို ဝေဖန်

    ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို မီဒီယာများကို ဝေဖန်

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    rnl

    – မီဒီယာများမှာ မိမိအား လေးစားမှုမရှိဘဲ ၎င်းတို့လိုချင်တာကိုသာ သိကြသည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ယနေ့မနက် ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားလိုက်သည်။

    ရော်နယ်ဒိုက မီဒီယာများမှာ ၎င်း၏ ပြောကြားမှုများနှင့် ကိုယ်ပိုင်ဘ၀များအား ဖော်ပြလွန်းသည်ကို မကြိုက်သဖြင့် ၎င်းတို့နှင့် တွေ့ဆုံခြင်းမရှိသည်မှာ ၆ လနီးပါး ကြာမြင့်ခဲ့ပြီး ယနေ့တွင်မှ El Partido de las 12 နှင့် အင်တာဗျူးခဲ့သည်။

    “ကျွန်တော် သိပ်သဘောမကျလို့ စာနယ်ဇင်းနဲ့ ကစားမပြောတာပါ။ လူတိုင်းက သူတို့လိုချင်တာလောက်ပဲ တွေးကြတယ်ဗျ။ မေးခွန်းတွေက မကောင်းတာကြောင့် စာနယ်ဇင်းဆို ကျွန်တော် စကားမပြောပါဘူး။ လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်က ဖြစ်ခဲ့တာတွေကို ဘာဖြစ်လို့ လာပြန်မေးနေတာလဲ။ လက်ရှိအကြောင်းကို မေးပေါ့။ နောက်ပြီး မေးတိုင်း ကျွန်တော်က ဖြေရမှာလား။ ကျွန်တော်တို့မှာ ဖြေဖို့ တာဝန်မရှိဘူးလေ။ ကျွန်တော်မဖြေရင် နောက်တစ်ယောက်က ဖြေမှာပေါ့” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်ဂန္တ၀င်တိုက်စစ်မှူး ရာအူးလ်၏ သွင်းဂိုးအများဆုံးစံချိန်ကို မှီခဲ့သည့်အတွက် ပျော်ရွှင်မိပြီး ထိုစံချိန်ကိုမှီမည်ဟု မစဉ်းစားဖူးကြောင်း ၀န်ခံခဲ့သည်။

    Ref: Goal

  • ဒုက္ခသည်များအတွက် အခြေခံဥပဒေကို အာရဘီဘာသာပြန်၍ ဂျာမနီထုတ်ဝေ

    ဒုက္ခသည်များအတွက် အခြေခံဥပဒေကို အာရဘီဘာသာပြန်၍ ဂျာမနီထုတ်ဝေ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    german

    – ဂျာမနီနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၅ သိန်းခန့်မှာ ဂျာမန်လူ့အဖွဲ့အစည်းအတွင်း အလျင်အမြန် ၀င်ဆန့်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမဆုံး အခန်း ၂၀ ကို အာရဘီဘာသာစကားဖြင့် ဘာသာပြန်ဆိုပြီး ရိုက်နှိပ်ထုတ်ဝေခဲ့သည်ဟု ဂျာမန် နိုင်ငံရေးသမားများက ပြောကြားလိုက်သည်။

    အဆိုပါ အခြေခံဥပဒေ ဘာသာပြန်များကို လက်ခံရေးစင်တာများမှတစ်ဆင့် ဒုက္ခသည်များထံ ဝေငှသွားမည်ဖြစ်သည်။ ဂျာမန်ဘာသာစကား မတတ်သော ၎င်းတို့မှာ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေး၊ တာဝန် စသည်တို့ကို မသိရှိဘဲ လူ့အဖွဲ့အစည်းအတွင်း မည်ကဲ့သို့ အကောင်းဆုံး ပေါင်းစည်းနိုင်မည်ဆိုခြင်းနှင့် ပတ်သက်၍ မိမိတို့မှာ သောကရောက်နေသည်ဟု
    ဒုတိယ၀န်ကြီးချုပ် ဆစ်ဂါမာ ဂါဘရီယဲလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဂျာမနီမှာ ယနှစ်အတွင်း စံချိန်တင်ပမာဏအဖြစ် ဒုက္ခသည် ၈ သိန်းခန့်ကို လက်ခံရန် မျှော်လင့်ထားသည်။ ဒုက္ခသည်များအတွက် ဘာသာစကားနှင့် ယဉ်ကျေးမှု သတင်တန်းတို့ကိုလည်း ဂျာမန်အစိုးရက စီစဉ်ပေးထားသည်။

    Ref: Aljazeera