News @ M-Media

Blog

  • မန်စီးတီး၊ မန်ယူ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့ ၃ မှတ်စီရယူနိုင်ခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    မန်စီးတီး၊ မန်ယူ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့ ၃ မှတ်စီရယူနိုင်ခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    အောက်တိုဘာ ၁၊ ၂၀၁၅

    M-Media

    uefa
    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဒုတိယ ပွဲစဉ်တွေမှာတော့ အက်သလက်တီကို မက်ဒရစ်ကလွဲလို အသင်းကြီးတွေအားလုံး နိုင်ပွဲရခဲ့ကြပါတယ်။

     

    အုပ်စု A
    ———
    ရှက်တာဒိုးနက် ၀-၃ ပီအက်စ်ဂျီ
    မာလ်မို ၀-၂ ရီးယဲလ်

    ပီအက်စ်ဂျီတို့ ဂိုးပြတ်နဲ့ ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပေမယ့် ရှက်တာဒိုးနက်ကို ကစားပုံအသာရခဲ့တာတော့ မဟုတ်ပါဘူး။ ပွဲအစ ၂၃ မိနစ်အတွင်းမှာပဲ သြရီအာနဲ့ ဒေးဗစ်လူးဝစ်ဇ်တို့က တစ်ဂိုးစီသွင်းပေးနိုင်ခဲ့တာကြောင့် နောက်ပိုင်းပွဲချိန်ကို ဖိအားသိပ်မရှိဘဲ ကစားခဲ့ရပါတယ်။ နောက်ဆုံးမိနစ်မှာ အိမ်ရှင်အသင်းက ကိုယ်ဂိုးကိုယ်သွင်းမှုနဲ့ ပီအက်စ်ဂျီတို့ တစ်ဂိုးထပ်ရခဲ့ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့အတွက် မျှော်လင့်ချက်တွေ ပိုမိုရှင်သန်လာခဲ့ပါပြီ။

    အသင်းငယ်မာလ်မိုကို ရီးယဲလ်တို့ သက်တောင့်သက်တာနဲ့ပဲ အနိုင်ရခဲ့ပါတယ်။ အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းပေးခဲ့တဲ့ ရော်နယ်ဒိုကတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ဂိုးပေါင်း ၅၀၁ ဂိုး ပြည့်မြောက်ခြင်းနဲ့အတူ ရီးယဲလ် ဂန္တ၀င်တိုက်စစ်မှူး ရာအူးလ်ရဲ့ အသင်းအတွက်
    ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပါတယ်။

    အုပ်စု B
    ——–
    မန်ယူ ၂-၁ ၀ုလ်ဖ်ဘာ့ဂ်
    စီအက်စ်ကေအေ ၃-၂ ပီအက်စ်ဗီ

    အဖွင့်ပွဲမှာရှုံးခဲ့တဲ့ မန်ယူတို့ ဒီပွဲမှာလည်း ပွဲအစ ၄ မိနစ်မှာ ဂိုးပေးခဲ့ရပေမယ့် မာတာရဲ့ ခြေစွမ်းပြမှုနဲ့အတူ အနိုင်ရှိခဲ့ပါတယ်။ ၃၄ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ချေပဂိုးသွင်းပေးခဲ့တဲ့ မာတာဟာ ၅၃ မိနစ်မှာ စမောလင်းသွင်းတဲ့ဂိုးကိုလည်း လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

    ပီအက်စ်ဗီက ကစားပုံမဆိုးပေမယ့် ပထမပိုင်းမှာ ပေးလိုက်ရတဲ့ ဂိုး ၃ ဂိုးကြောင့် အထိနာရခဲ့ရတာ ဖြစ်ပါတယ်။ အိမ်ရှင် စီအက်စ်ကေအေအတွက် ပယ်နယ်တီတစ်လုံးအပါအ၀င် ၂ ဂိုးသွင်းပေးခဲ့တဲ့ ဒွန်ဘီယာ နောက်ထပ် ပင်နယ်တီတစ်လုံးကို ၀င်အောင်မကန်နိုင်တာကြောင့် ဟက်ထရစ်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ပီအက်စ်ဗီကတော့ ဒုတိယပိုင်းမှာ ပိုကြိုးစားခဲ့ပြီး ၂ ဂိုးရခဲ့ပေမယ့် ရလဒ်ကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

    အုပ်စု C
    ———
    အက်သလက်တီကို ၁-၂ ဘင်ဖီကာ
    အက်စ်တာနာ ၂-၂ ဂါလာတာစာရေး

    အိမ်ရှင် အက်သလက်တီကိုအတွက် ခြေစွမ်းပိုင်းနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ ၂၃ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပြီး နောက်ပိုင်းမှာလည်း ပွဲဖြတ်နိုင်မယ့်အခွင့်အရေးတွေ ရခဲ့ပေမယ့် ကစားသမားတွေ အဆုံးသတ် ညံ့ဖျင်းခဲ့တာ၊ ဘင်ဖီကာနောက်တန်း ကောင်းလွန်းတာတွေကြောင့် အရာမထင်ခဲ့ပါဘူး။ ပထမပွဲ ၃ မှတ်ရထားတဲ့ ဘင်ဖီကာက ရခဲ့တဲ့ အပိုင်အခွင့်အရေး ၂ ကြိမ်ကို ဂိုးအဖြစ် အသုံးချသွားခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ယူနိုင်ခဲ့ပါတယ်။

    အုပ်စုအတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ အက်စ်တာနာဟာ ဂါလာတာစာရေးကစားသမားနှစ်ဦးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ချန်ပီယံလိဂ် ပထမဆုံး ၁ မှတ် ရခဲ့ပါတယ်။ ဂါလာတာစာရေးတို့ ၃၁ မိနစ်မှာ ဘီလာလ်ကီစာရဲ့ဂိုး၊ ၈၆ မိနစ်မှာ အိမ်ရှင်ဂိုးသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ၃ မှတ်တော့ မရခဲ့ပါဘူး။ အက်စတာနာနည်းပြက ဒီပွဲဟာ အသင်းနဲ့
    ကာဇက်စတန်နိုင်ငံအတွက် သမိုင်းဝင်ပွဲလို့တောင် တင်စားခဲ့ပါတယ်။

    အုပ်စု D
    ———
    မိုချက်ဂလဒ်ဘက်ခ်ျ ၁-၂ မန်စီးတီး
    ဂျူဗင်တပ်စ် ၂-၀ ဆီဗီးလား

    နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲမရှိသေးတဲ့ မန်စီးတီး ဒီပွဲမှာလည်း ဦးဆောင်ဂိုးပေးခဲ့ရကာ ရုန်းကန်ခဲ့ရပြီး အိမ်ရှင်နောက်ခံလူ ခရစ်တန်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ မိနစ် ၉၀ မှ အဂူရိုရဲ့ ပင်နယ်တီတွေနဲ့ ကံကောင်းထောက်မစွာ ၃ မှတ်ရခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဂိုးသမားဂျိုးဟတ် ပင်နယ်တီတစ်လုံးအပါအ၀င် အပိုင်ဂိုးသွင်းခွင့်တစ်ချို့ကို ကာကွယ်နိုင်ခဲ့တာကြောင့် သက်သာရာရခဲ့တာပါ။

    စီးရီအေမှာ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂျူဗင်တပ်စ်တို့ ပုံမပျက်ပါဘူး။ တစ်ပွဲလုံး ဟာကွက်မရှိ ကစားသွားခဲ့ပြီး ပထမပိုင်း ၄၁ မိနစ်မှာ မိုရာတာကတစ်ဂိုး၊ ဒုတိယပိုင်း ၈၇ မိနစ်မှာ ဇာဇာက တစ်ဂိုးနဲ့ ချန်ပီယံလိဂ် ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

  • မဘသက ငြိုငြင်မည်စိုးသောကြောင့် မွတ်စလင်ကိုယ်စားလှယ်လောင်းများကို NLD က မရွေးခဲ့ခြင်းဟု ဦးဝင်းထိန်ပြော

    မဘသက ငြိုငြင်မည်စိုးသောကြောင့် မွတ်စလင်ကိုယ်စားလှယ်လောင်းများကို NLD က မရွေးခဲ့ခြင်းဟု ဦးဝင်းထိန်ပြော

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    – လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် အောင်နိုင်ရန် မိမိတို့ပါတီ၏ မဟာဗျူဟာ အစိတ်အပိုင်းအဖြစ် မွတ်စလင်အမတ်လောင်းများကို တမင် ချန်လှန်ခဲ့ခြင်းဖြစ်သည်ဟု အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အကြီးတန်းပါတီဝင် ဦးဝင်းထိန်က ပြောကြားလိုက်သည်။

    အသက် ၇၄ နှစ်အရွယ်ရှိပြီး လက်ရှိ NLD ကိုယ်စားပြု လွှတ်တော်အမတ်လည်းဖြစ်သူ ဦးဝင်းထိန်က နိုင်ငံရေးအကြောင်းအရင်းများမှာ မွတ်စလင်အမတ်လောင်းများကို ချန်လှပ်ရန် ဖိအားဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့မှာ အရည်အသွေးပြည့်ဝတဲ့ မွတ်စလင်ကိုယ်စားလှယ်လောင်းတွေ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကြောင်းအရင်းတွေကြောင့် သူတို့ကို့ မရွေးခဲ့ရပါဘူး။ ပြီးတော့ မွတ်စလင်ကိုယ်စားလှယ်လောင်းတွေကလည်း ကျွန်တော်တို့ရဲ့ အခြေအနေကို သိထားတာကြောင့် ကျွန်တော်တို့ကို နားလည်ပေးပါတယ်” ဟု ဦးဝင်းထိန်က ပြောကြားခဲ့သည်။

    သဘောထားတင်းမာသော ဘုန်းကြီးများ ဦးဆောင်ဦးရွက်ပြုသည့် အမျိုးသားရေးဝါဒနှင့် မွတ်စလင်ဆန့်ကျင်ရေး သဘောထားရားများ ကြီးထွားလာခြင်းက မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေးပါတီနှစ်ခုကို ဖိအားဖြစ်စေခဲ့သည်။ ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံတွင်
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ခုစလုံးမှာ မွတ်စလင် ကိုယ်စားလှယ်လောင်းများကို ရှောင်ရှားခဲ့သည်။

    ဦးဝင်ထိန်ကမူ မဘသ၏ သြဇာလွှမ်းမိုးမှုကို အပြစ်တင်ခဲ့သည်။ မဘသမှ ထင်ရှားသည့် အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ၏ မွတ်စလင်လူနည်းစုများအပေါ် ဆန့်ကျင်သည့် သွေးဆူစေသော စကားများကို ပြောကြားမှုဖြင့် နာမည်ထွက်သည့် ဘုန်းကြီးများဖြစ်သည်။

    “တကယ်လို့များ ကျွန်တော်တို့က မွတ်စလင်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ရင် မဘသက ကျွန်တော်တို့ကို လက်ညှိုးထိုး အပြစ်တင်မှာပါ။ ဒါ့ကြောင့် ကျွန်တော်တို့က ဒါကို ရှောင်ခဲ့ရတာပါ” ဟု ဦးဝင်းထိန်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းသူ ၁၂၄ ဦးကို အငြင်းပွားဖွယ် နိုင်ငံသားဖြစ်မှု လုပ်ငန်းစဉ်ပြီးနောက် ပယ်ချခဲ့ပြီး အများစုမှာ မွတ်စလင်များဖြစ်သည်။

    ထိုကဲ့သို့ ပယ်ချခဲ့သော ကိုယ်စားလှယ်လောင်းများတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်အရွေးခံခဲ့ပြီး အမတ်ဖြစ်ခဲ့သည့် မွတ်စလင်အမတ် ဦးရွှေမောင်လည်း ပါဝင်ခဲ့သည်။ ကော်မရှင်က ၎င်း၏ တစ်သီးပုဂ္ဂလကိုယ်စာလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှုကို ၎င်းမွေးဖွားသည့်အချိန်က မိဘများမှာ နိုင်ငံသားမဖြစ်ဆိုသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။

    Ref: ucanews

  • ဆီးရီးယားစစ်ပွဲသို့ ရုရှားဝင်လာ

    ဆီးရီးယားစစ်ပွဲသို့ ရုရှားဝင်လာ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    russia

    – ရုရှားနိုင်ငံမှာ ယမန်နေ့တွင် ဆီးရီးယား၌ လေကြောင်းတိုက်ခိုက်မှုကို စတင်ပြုလုပ်ခဲ့ပြီး လေးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ၀င်ရောက်လာက ဆိုဗီယက်ယူနီယံအဖြစ် ၁၉၇၉ ခုနှစ် အာဖဂန်နစ္စတန်အား ကျူးကျော်သိမ်းပိုက်ခဲ့ပြီနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတွင် စစ်ရေးအရ ပါဝင်ခြင်းလည်း ဖြစ်သည်။

    ဆီးရီးယားအစိုးရက မိမိတို့မှာ ဟာမာနှင့် ဟုမ်းစ်ပြည်နယ်များမှ အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီး လာတာကီယာပြည်နယ်၌ တိုက်ခိုက်မှုတွင် ရုရှားလေတပ်က ကူညီပေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ရုရှားကလည်း မိမိတို့၏ ပါဝင်မှုမှာ IS အဖွဲ့အား ပစ်မှတ်ထားရန်အတွက်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်က ရုရှားမှာ ၎င်းတို့ဖော်ပြသလို IS ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ သမ္မတ ဘာရှာအလ်အာဆတ်ကို ခြိမ်းခြောက်နေသည့် သူပုန်များကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    Ref: Channelnewsasisa

  • ကုလသမဂ္ဂတွင် ပါလက်စတိုင်းအလံ လွှင့်ထူနိုင်ပြီ

    ကုလသမဂ္ဂတွင် ပါလက်စတိုင်းအလံ လွှင့်ထူနိုင်ပြီ

    အောက်တိုဘာ ၁၊ ၂၀၁၅
    M-Media

    plas

    – ယမန်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က မိန့်ခွန်းပြောကြားခဲ့ပြီးနောက်ပိုင်း ကုလအဆောက်အဦးရှေ့တွင် ပါလက်စတိုင်းအလံ လွှင့်တင်ပွဲအခမ်းအနားကို ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင် အခမ်းအနားဖြင့် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သံတမန်များနှင့် သတင်းထောက်များ တက်ရောက်ခဲ့သည်။

    တက်ရောက်လာသူများကို ပြောကြားသည့် အဘတ်စ်၏ မိန့်ခွန်းတွင် ထိုအခမ်းအနားက “တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြသည့် အာဇာနည်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် အကျဉ်းကျခံနေရသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ယခုကဲ့သို့ အလံလွှင့်တင်နိုင်ခွင့်ရအောင် ကြိုးစားရင်း အသက် ဆုံးရှုံးခဲ့ရသူများ” ကို ရည်ရွယ်သည်ဟု ဆိုသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ရာဇာအာရာဖတ် ရင်ပြင်တွင် ပါလက်စတိုင်းပြည်သူများမှာ ထိုအလံလွှင့်တင်ပွဲအခမ်းအနားကို တီဗီစခရင်ကြီးများဖြင့် တိုက်ရိုက် ကြည့်ရှုခဲ့ကြကာ ပါလက်စတိုင်းအလံများကို ဝှေ့ယှမ်း၍ နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြသည်။

    “ဒီလိုအလံလွှင့်တင်တဲ့နေ့မျိုးဟာ ကျွန်တော်တို့ ပါလက်စတိုင်းနိုင်ငံတော်ရဲ့ မြို့တော်ဖြစ်တဲ့ ဂျေရုစလင်မှာလည်း မကြာမီ ဖြစ်လာပါလိမ့်မယ်။ နှစ်စဉ်နှစ်တိုင်း ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့ဟာ ပါလက်စတိုင်းအလံတော်နေ့ ဖြစ်မှာပါပဲ” ဟု အဘတ်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုကဲ့သို့ အလံလွှင်တင်နိုင်မှုက ပါလက်စတိုင်းများ၏ ကိုယ်ပိုင်နိုင်ငံထူထောင်လိုမှုကို ထောက်ခံသည်ဟုဆိုသော ကတိက၀တ်ကို ရောင်ပြန်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အဆောက်အဦး၌ ပါလက်စတိုင်းအလံလွှင့်ထူရန် ဆုံးဖြတ်ချက်ကို အစ္စရေးနှင့် အမေရိကန်တို့က ကန့်ကွက်ခဲ့ကြသော်လည်း စက်တင်ဘာ ၁၀ ရက်နေ့တွင် အထွေထွညီလာခံ၌ မဲအများစုဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • “IS အဖွဲ့က မွတ်စလင်တွေကို ကာကွယ်နေတာမဟုတ်ပါဘူး။ သတ်ဖြတ်နေတာပါ”

    “IS အဖွဲ့က မွတ်စလင်တွေကို ကာကွယ်နေတာမဟုတ်ပါဘူး။ သတ်ဖြတ်နေတာပါ”

    စက်တင်ဘာ ၃၀ ၊ ၂၀၁၅
    M-Media

    IS ၏ အခြားတစ်ဖက်၌ ……

    01_ISIS_CNNPH

    – IS အဖွဲ့ထံသို့ အမျိုးသား၊ အမျိုးသမီးငယ်လေးများ ဆက်သွယ်ပူးပေါင်းကြသည့်အကြောင်းကို လူတော်တော် များများက ရေးသားကြသည်။ သူတို့၏ အထုပ္ပတ္တိများ၊ ဦးတည်ရာလမ်းကြောင်းများ၊ နောက်ခံဘက်ဂရောင်းနှင့် လှုံ့ဆော်မှုများအကြောင်းကိုလည်း မိမိတို့က တရင်းတနှီး သိကြသည်။

    သို့သော်လည်း ထို IS အဖွဲ့မှ စွန့်ခွာသူများအကြောင်းကိုတော့ ဘာမှ မသိ။ တွေ့မြင်ရသည်များကို နှစ်သက်ခြင်းမရှိသည့် “စွန့်ခွာသူများ” က ၎င်းတို့၏ ရဲဘော်ရဲဘက်များကို အဆက်ဖြတ်ကာ IS အဖွဲ့မှ ထွက်ပြေးကြသည်။ ၎င်းတို့၏ ဇာတ်လမ်းများက နိုင်ငံရပ်ခြားမှ တိုက်ခိုက်ရေးသမားများ စီးဆင်းနေမှုကို ရပ်တန့်ရန်၊ IS အဖွဲ့၏၀ါဒဖြန့်မှုကို တန်ပြန်တုန့်ပြန်ရန်နှင့် လိမ်ညာမှုများ၊ သူရဲဘောကြောင်မှုများကို ဖော်ထုတ်ရန် အဓိက သော့ချက်များ ဖြစ်လေသည်။

    IS အဖွဲ့အား စွန့်ခွာသူများ၏ ဇာတ်လမ်းများနှင့် ထိုစွန့်ခွာမှုနှင့် ပတ်သက်၍ ၎င်းတို့၏ ပြောကြားမှုများကို ကျွန်တော် စုဆောင်း သိမ်းဆည်းထားခဲ့သည်။ ထိုသို့ စုစည်းရာတွင် IS အဖွဲ့မှ စွန့်ခွာသူ ၅၈ ယောက်အကြောင်းကို ရရှိခဲ့သည်။ ထိုအရေအတွက်မှာ မှတ်သားလောက်သည့် အရေအတွက်ဖြစ်သော်လည်း IS အဖွဲ့အား စိတ်ပျက်နေသော သို့မဟုတ် ထွက်ခွာရန် အဆင့်သင့်ဖြစ်နေသူများ အရေအတွက်၏ အစိတ်အပိုင်းတစ်ခုလောက်သာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။

    နောက်ပိုင်းတွင် IS အဖွဲ့မှ ထွက်ခွာခြင်းမှာ မြင့်တက်လာလေသည်။ အထိုအဖြစ်အပျက် ၅၈ ခုတွင် ၃ ပုံ ၂ ပုံက IS အဖွဲ့ကို ၂၀၁၅ ခုနှစ်အတွင်း စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ကျန် ၃ ပုံ ၁ ပုံကတော့ ယခုနှစ် နွေရာသီလများတွင် ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။

    စွန့်ခွာသူများ၏ အတွေ့အကြုံများကတော့ မျိုးစုံသည်။ လူတိုင်းက လစ်ဘရယ်ဒီမိုကရေစီကို နှစ်နှစ်ကာကာ ထောက်ခံကြသူများ မဟုတ်။ တကယ်တော့ အချို့မှာ ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြသူများ ဖြစ်သည်။ တူညီသည့် အချက်တစ်ခု ၎င်းတို့မှာ ယခုခေတ်၏ အကြမ်းတမ်းဆုံး၊ ကြောက်စရာအကောင်းဆုံး အကြွင်းမဲ့အာဏာရှင် အဖွဲ့အစည်းကို စိတ်လွတ်ကိုယ်လွတ် ထောက်ခံကြ သူများဖြစ်သည်။ သို့ရာတွင် ယခုအချိန်မှာတော့ ထိုအဖွဲ့က အဆိုးဝါးဆုံး ရန်သူများဖြစ်နေသည်ကို သူတို့ နားလည်သွားကြပြီဖြစ်သည်။

    သူတို့၏ ၀န်ခံပြောကြားမှုများက ကွဲပြားခြားနားသည်။ IS အဖွဲ့အား စွန့်ခွာခြင်းအတွက် တိကျသည့် အခြေအနေ၊ အကြောင်းအရင်းများကလည်း အမြဲတမ်း ရှင်းရှင်းလင်းလင်းမရှိ။ ယုံကြည်စိတ်ချရသည့် ၎င်းတို့၏ ဇာတ်လမ်းများတွင် ကျွန်တော့်အား စွဲဆောင်သည့် အချက်က ၎င်းတို့၏ သတင်းစကားများ မည်မျှ လျှော်ကန်သင့်မြတ်ခြင်း ဖြစ်သည်။

    IS အဖွဲ့အား စွန့်ခွာခဲ့သူ ၅၈ ယောက်၏ ဇာတ်လမ်းများတွင် ပြောကြားမှု လေးခုမှာ အလွန်ခိုင်မာသည်ကို တွေ့ခဲ့ရသည်။

    ISအဖွဲ့အား ဝေဖန်မှုများထဲမှ လူပြော အများဆုံးအချက်က အခြားသော စွန်နီအဖွဲ့များကို IS က တိုက်ခိုက်နေခြင်းဖြစ်သည်။ စွန့်ခွာလာသူများ၏ ပြောကြားမှုအရ ဆီးရီးယား အာဏာရှင် အာဆတ်အား ဖြုတ်ချရေးမှာ IS အဖွဲ့၏ ဦးစားပေး ဟုတ်ပုံမရဘဲ၊ အာဆတ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရသည့် စွန်နီအဖွဲ့များကိုလည်း အကူညီမပေးဟု ဆိုသည်။

    IS အဖွဲ့မှ အများစု၏ သဘောထားက အခြားသော သူပုန်အဖွဲ့များနှင့် ရန်ဖြစ် တိုက်ခိုက်ရန်ဖြစ်ပြီး ခေါင်းဆောင်ပိုင်းလည်း စပိုင်များ၊ သစ္စာဖောက်များ ရှိနေသည်ဟု စွဲလမ်းမှု ရှိနေသည်။ ထိုအခြေအနေက စွန့်ခွာသူများ အီရတ်နှင့် ဆီးရီးယားသို့ တိုက်ခိုက်ရန် လာရောက်ကြသည့် အခြေအနေမျိုးမဟုတ်။

    အခြားပြောကြားမှု တစ်ခုက IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ပတ်သက်သည်။ တော်တော်များများက အပြစ်မဲ့ပြည်သူများအား နှိပ်စက်ငြှင်းပမ်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့အား ပြစ်တင်ပြောဆိုခဲ့သည်။ ပြန်ပေးဆွဲထားသူများအား အရမ်းကာရော သတ်ဖြတ်မှုများ၊ ရွာသားများအား စနစ်တကျ ညှင်းဆဲမှုများနှင့် တပ်မှူးများကိုယ်တိုင်က ၎င်းတို့၏ တိုက်ခိုက်ရေး သမားများအား ကွပ်မျက်မှုများအကြောင်းကိုလည်း ၎င်းတို့က ပြောကြားခဲ့သည်။

    သို့သော်လည်း ၎င်းတို့ ပြောကြားသမျှ ဇာတ်လမ်းများတွင် လူနည်းစုများအကြောင်း မပါ။ ရက်စက်ကြမ်းကြုတ်မှုကို ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုဟု မထင်ဘဲ ဂိုဏ်းဂန မျက်လုံးများဖြင့် ကြည့်ကြပြီး ကျူးလွန်ခံရသူများက အခြားသော စွန်နီများ ဖြစ်မှသာ ရုတ်ရုတ်သဲသဲ ဖြစ်ကြလေသည်။

    တတိယ မြောက်အကြောင်းအရာက ခြစားမှုဖြစ်သည်။ မည်သူကမှ အဆိုပါအကျင့်ပျက်ခြစားမှုမှာ စနစ်တကျဖြစ်နေသည်ဟု မယုံကြည်ကြဘဲ အများစုက တပ်မှူးနှင့် အမီရ်တစ်ဦးချင်းစီ၏ လုပ်ရပ်ကို သဘောမတူကြ။ ဆီးရီးယား IS မှ စွန့်ခွာလာကြသူများက နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများမှာ အခွင့်ထူးများ ခံစားရသည်ဟု ဝေဖန်ကြသည်။

    အများစုက စစ်ပွဲ၏ ခက်ခဲကြမ်းတမ်းမှုကို ခါးစည်းခံရန် ဆန္ဒရှိကြသော်လည်း တရားမဲ့မှု၊ မျှတမှုနှင့် လူမျိုးရေးခွဲခြားမှု အဖြစ်အပျက်များကို လက်ခံရန် မဖြစ်နိုင်သည်ကို နားလည်ခဲ့ကြသည်။ “ဒါဟာ တရားမျှတပြီး မြင့်မြတ်တဲ့ စစ်ပွဲ မဟုတ်ပါဘူး” ဟု အသားအရေကြောင့် အိမ်သာဆေးရန် အတင်းအဓမ္မ ခိုင်းစေခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားတစ်ဦက ပြောကြားခဲ့သည်။

    စတုတ္ထ အကြောင်းအရာက IS အဖွဲ့၏အောက်တွင် နေထိုင်ရသည့်ဘ၀က ခက်ခဲကြမ်းတမ်းပြီး စိတ်ပျက်စရာကောင်းမှု ဖြစ်သည်။ ထိုအကြောင်းကို ပြောသည့် IS အဖွဲ့ဝင်ဟောင်းများက တစ်ကိုယ်ရေ ကောင်းစားရေးအတွက် ထိုအဖွဲ့နှင့် ဆက်သွယ် ချိတ်ဆက်ကြသူများ ဖြစ်သည်။ သို့သော်လည်း IS က ပေးမည်ဟု ကတိပြုထားသည့် ဇိမ်ခံပစ္စည်းများနှင့် ကားများကို အကောင်အထည်ပင် မမြင်ရ။

    အခြားသူများက တိုက်ပွဲအတွေ့အကြုံမှာ ၎င်းတို့မျှော်လင့်ထားသည့် လှုပ်ရှားမှု၊ သူရဲကောင်းဝါဒမျိုးနှင့် ကိုက်ညီခြင်းမရှိခဲ့ဟု ဆိုသည်။ တစ်ဦးဆိုလျှင် ၎င်း၏ တာဝန်များအား “အရေးမပါသော တာဝန်များ” ဟု ရည်ညွှန်းခဲ့သည်။ အခြားတစ်ဦးကတော့ နိုင်ငံခြား တိုက်ခိုက်ရေးသမားများမှာ ၎င်းတို့အပေါ် အမြတ်ထုတ်ကြပြီး၊ ၎င်းတို့၏ အသက်ကို တန်ဖိုးမထားကြဟု ဆိုသည်။

    ထိုဇာတ်လမ်းများက တာသွားသည်။ IS အဖွဲ့အား စွန့်ခွာသူများ အလုံးအရင်းနှင့် ရှိလာမှုက ထိုအဖွဲ့ ၀ါဒဖြန့်ချင်သည့် စည်းလုံးညီညွတ်မှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှု ပုံရိပ်များကို ပျက်ဆီးစေခဲ့သည်။ စွန့်ခွာသူများ ပြန်လည်ပြောပြသည့် အကြောင်းအရာများက IS အဖွဲ့၏ အမြီးအမောက် မတည့်မှုနှင့် သူရဲဘောကြောင်မှုများကို မီးမောင်းထိုးပြနေသည်။

    ထို စွန့်ခွာသူများ၏ ဥပမာက အခြား IS အဖွဲ့ဝင်များလည်း ထိုအဖွဲ့မှ ထွက်ခွာရန် တွန်းအားဖြစ်စေပြီး၊ ခိုင်မာသည့် ထိုအကြောင်းအရင်းများက IS အဖွဲ့ဝင်ဖြစ်ချင်သူများ သွားရောက်ပူးပေါင်းခြင်းကို ဟန့်တားရန် အထောက်အကူ ဖြစ်လိမ့်မည်ဖြစ်သည်။

    အစိုးရနှင့် လူ့အဖွဲ့အစည်းက IS အဖွဲ့အား စွန့်ခွာလာသူများ၏ တန်ဖိုးကို အသိအမှတ်ပြုသင့်ပြီး၊ ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်အောင် ဆောင်ရွက်ပေး သင့်သည်။ ဖြစ်နိုင်ပါက အစိုးရကိုယ်တိုင် ထိုစွန့်ခွာလာသူများအား ပြန်လည်နေရာ ချထားပေးပြီး၊ လုံခြုံရေးအတွက်လည်း တာဝန်ယူသင့်လေသည်။ ထို့ပြင် အများပြည်သူများရှေ့မှောက်သို့ သွားရောက်မှုကို အဟန့်အတားဖြစ်စေသည့် တရားဥပေဒအရ ကန့်သတ်ထားမှုများကိုလည်း ဖယ်ရှားပေးသင့်လေသည်။

    IS အဖွဲ့မှ စွန့်ခွာသူတိုင်းမှာ သူတော်စဉ်များမဟုတ်ကြ။ ထို့ပြင် လူ့အသိုင်းအ၀ိုင်းတွင် ထင်ထင်ပေါ်ပေါ် နေထိုင်ရင် ဆန္ဒရှိသူများ သို့မဟုတ် အဆင်သင့်ဖြစ်သူများလည်း မဟုတ်ကြ။ သို့သော်လည်း ၎င်းတို့၏ မှတ်ချက်ကတော့ ရှင်းလင်းပြတ်သားလေသည်။

    “IS အဖွဲ့က မွတ်စလင်တွေကို ကာကွယ်နေတာမဟုတ်ပါဘူး။ သတ်ဖြတ်နေတာပါ” ဟူ၍ ဖြစ်သည်။

    သူတို့ ကြားမှ ကြားပါလေစ….

    CNN မှ Peter R. Neumann ၏ ISIS is killing Muslims, not protecting them ဆောင်းပါးကို လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။