စက်တင်ဘာ ၁၆၊ ၂၀၁၅
M-Media
– နယ်စပ်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့သော်လည်း ဒုက္ခသည် ၀င်ရောက်လာမှုမှာ လျော့ပါးသွားမည့် လက္ခဏာ မတွေ့ရချိန်တွင် ဒုက္ခသည်ခွဲတမ်းများကို လက်မခံသော ဥရောပနိုင်ငံများကို ဥရောပသမဂ္ဂက ငွေဒဏ်များ ချမှတ်ရေး စဉ်းစားရန် ဂျာမနီက တိုက်တွန်းလိုက်သည်။
ဥရောပတိုက်အတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များကို သမဂ္ဂအောက်ရှိ နိုင်ငံများက ခွဲဝေလက်ခံရန် သတ်မှတ်ထားသော်လည်း ဥရောပနိုင်ငံငယ်အချို့က ထိုအစီအစဉ်ကို သဘောမတူကြပေ။ ထို့ကြောင့် ဂျာမန် ပြည်ထဲရေးဝန်ကြီး သောမက်စ် ဒီ မိုင်ဇီရီက အဆိုပါနိုင်ငံများမှာ သမဂ္ဂမှ ငွေကြေအထောက်အပံ့ယူထားသည့် နိုင်ငံများဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒုက္ခသည်များကို ရေရှည်ခွဲတမ်းဖြင့် လက်ခံရေး သဘောတူညီရန် ဆောင်ရွက်ရာ၌ ဥရောပသမဂ္ဂတွင် နည်းလမ်းတစ်ချို့ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
“ဒါ့ကြောင့် ကျွန်တော်တို့ ဖိအားပေးဖို့ နည်းလမ်းတွေအကြောင်း မဖြစ်မနေ ပြောရပါမယ်” ဟု ဒီ မိုင်ဇီရီက ဆိုပြီး ဒုက္ခသည်များအား လက်မခံသည့်နိုင်ငံများကို ဥရောပသမဂ္ဂမှ ပေးထားသည့် ထောက်ပံ့ငွေများဖြတ်တောက်ပစ်ရမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ထိုကိစ္စကို နိုင်ငံအချို့က သဘောမတူကြဘဲ ဥရောပသမဂ္ဂဆိုင်ရာ ချက်နိုင်ငံခြားရေးဝန်ကြီး သောမက်စ် ပရူဇာက ထိုသို့ ထောက်ပံ့ကြေး ဖြတ်တောက်ခြင်းမှာ ဥပဒေနှင့်မညီဟု ပြောကြားခဲ့သည်။
“အလယ်ဥရောပနိုင်ငံတွေကို ရန်ပုံငွေဖြတ်တောက်ပြီး အရေးယူဖို့ ဂျာမနီရဲ့ ခြိမ်းခြောက်မှုဟာ အလုပ်မဖြစ်ဘဲ အားလုံးအတွက် ပျက်ဆီးမှုပဲ ဖြစ်သွားပါလိမ့်မယ်”
စလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုကလည်း မတူညီသော သဘောထား ရှိခြင်းအတွက် နိုင်ငံတစ်နိုင်ငံကို အပြစ်ပေးမှုမှာ ယခင်က မရှိခဲ့ဘဲ ထိုသို့ ဆောင်ရွက်ပါက ဥရောပသမဂ္ဂ အဆုံးသတ်သွားမည်ဟု ဆိုသည်။
ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၈ သိန်းကို လက်ခံရန် ရာထားသော်လည်း တစ်သန်းခန့်အထိ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.