News @ M-Media

Blog

  • အိန္ဒိယ ပြည်နယ်တစ်ခုတွင် မျောက်နှင့် ခွေးများ တိုက်ပွဲဖြစ်

    အိန္ဒိယ ပြည်နယ်တစ်ခုတွင် မျောက်နှင့် ခွေးများ တိုက်ပွဲဖြစ်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာ မျောက်နဲ့ ခွေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားတာကြောင့် အနည်းဆုံး ခွေးကောင်ရေ ၂၅၀ လောက် သေဆုံးပြီး၊ လူတွေကိုပါ မျောက်တွေက တိုက်ခိုက်လာတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    မျောက်ပေါက်လေးတစ်ကောင်ကို ခွေးတွေက ကိုက်သတ်ခဲ့တဲ့ ပြီးခဲ့တဲ့တစ်ပတ်ကစလို့ တိုက်ပွဲ စတင်ခဲ့ပြီး မျောက်တွေက လက်စာချေးတိုက်ခိုက်မှုတွေ ပိုလုပ်လာပါတယ်။

    ဘိဒ်ခရိုင် မာဂျာလ်ဂေါင်မြို့မှာ တိုက်ခိုက်မှုတွေ အဓိကဖြစ်ပွားတာဖြစ်ပြီး မျောက်တွေက ခွေးပေါက်လေးတွေကို ဖမ်းကာ သစ်ပစ်အမြင့်တွေ၊ တိုက်အမြင့်တွေပေါ်ကနေ အောက်ကို ပစ်ချ သတ်ဖြတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တိုက်ခိုက်မှုကြောင့် အနည်းဆုံး ခွေးအကောင်ရေ ၂၅၀ လောက်သေဆုံးခဲ့ပြီး တစ်ချို့ရွာတွေမှာ ခွေးပေါက်တွေ လုံး၀မရှိတော့သလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

    မျောက်တွေဟာ ကလေးငယ်တွေကိုပါ တိုက်ခိုက်တာ၊ ဖမ်းတာတွေ လုပ်လာတာကြောင့် သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအာဏာပိုင်တွေကို ဒေသခံတွေက တိုင်ကြားမှု ရှိလာပါတယ်။
    ဘိဒ်ခရိုင် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး တာဝန်ရှိသူ ဆာချင်ကန်က တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ မျောက်နှစ်ကောင်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

    ဒီပြဿနာနဲ့ပတ်သက်ပြီး အိန္ဒိယ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ပြန့်နှံ့နေသလို အာဏာပိုင်တွေက တိရစ္ဆာန်တွေရဲ့ သဘောသဘာ၀ကို နားမလည်ဘဲ မျောက်တွေ တုန့်ပြန်လက်စားချေတဲ့ ပုံစံမျိုး မရေးသား မပြောဆိုကြဖို့ တိုက်တွန်းထားပါတယ်။

    Ref: Vice

  • Delta ထက် ပိုကူးစက်မြန်သည့် Omicron အတွက် WHO သတိပေး

    Delta ထက် ပိုကူးစက်မြန်သည့် Omicron အတွက် WHO သတိပေး

    ဒီဇင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -ပုံပြောင်းကိုဗစ် Omicron (အိုမီခရွန်) ဟာ အရင်က Delta ထက် ပိုမိုကူးစက်မြန်ပြီး ကာကွယ်ဆေး ထိုးထားသူတွေ၊ အရင်ကိုဗစ်ကူးထားသူတွေမှာပါ ပိုမိုကူးစက်ကြောင်း တွေ့ရတဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

    ကနဦးတွေ့ရှိချက်​တွေကို အခြေခံပြီး Delta ထက် ပိုပျော့တယ်လို့ ကောက်ချက်ချခဲ့တာမျိုးဟာ အသိနည်းရာကျတယ်လို့ WHO ထိပ်တန်းသိပ္ပံပညာရှင် ဆွမ်ယာ ဆွာမီနာသန်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကူးစက်မှုတွေ မြင့်လာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေလည်း ထိခိုက်လာတယ် သူမက ဆိုပါတယ်။

    အိုမီခရွန်ဟာ ကိုဗစ်ကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားနိုင်တဲ့အတွက် နိုင်ငံတော်တော်များများမှာ လုပ်ဆောင်နေတဲ့ တတိယအကြိမ် ကာကွယ်ဆေးထိုးမှု Booster ဟာ ကိုယ်ခံအားနည်းသူတွေကို အဓိက ပစ်မှတ်ထားသင့်တယ်လို့ ​ဆွာမီနာသန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အိုမီခရွန်ကူးစက်ပြန့်နှံ့မှု မြင့်တက်လာခဲ့ပြီး ဥရောပနိုင်ငံတစ်ချို့မှာ လော့ဒေါင်းပြန်ချတာတွေ၊ ကိုဗစ်စည်းကမ်း ပိုမိုတင်းကြပ်တာတွေ၊ ခရီးသွားလာမှု ပိတ်ပင်တာတွေ ပြန်လည်လုပ်ဆောင်လာပါတယ်။

    WHO အကြီးအကဲ Tedros Adhanom Ghebreyesus က အိုမီခရွန်ဟာ Delta ထက် ပိုမြန်မြန် ပြန့်နှံ့နေပြီး ကာကွယ်ဆေးထိုးပြီးသားသူတွေ၊ ကိုဗစ်ကူးစက်ပြီးသားသူတွေမှာ ပိုမိုကူးစက်နိုင်ချေ ရှိတယ်လို့ ပြောပါတယ်။

    အိုမီခရွန်နဲ့ပတ်သက်တဲ့ နောက်ဆုံး သုတေသနရလဒ်ကို လန်ဒန်အခြေစိုက် Imperial ကောလိပ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အိုမီခရွန်ဟာ Delta ထက်ပျော့တယ်ဆိုတဲ့ အထောက်အထားမျိုးကို မတွေ့ရဘဲ ပြန်လည်ကူးစက်နိုင်ချေကလည်း ၅ ဆ ပိုမြင့်မားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • မြန်မာစစ်သားများအား သင်တန်းပေးမှု ရပ်တန့်ရန် ဂျပန်ကို Human Rights Watch တိုက်တွန်း

    မြန်မာစစ်သားများအား သင်တန်းပေးမှု ရပ်တန့်ရန် ဂျပန်ကို Human Rights Watch တိုက်တွန်း

    ဒီဇင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -မြန်မာစစ်တပ်နဲ့ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်နေမှု၊ သင်တန်ပေးနေမှုကို ချက်ခြင်းရပ်တန့်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က တိုက်တွန်းလိုက်ပါတယ်။

    မနေ့ကထုတ်ပြန်ချက်မှာ ဂျပန်စစ်ဖက်က မြန်မာစစ်တပ်ဗိုလ်လောင်းတွေကို လက်ခံကာ ပညာသင်ကြားပေးနေမှုကို Human Rights Watch အဖွဲ့က ထောက်ပြခဲ့ပါတယ်။ ဂျပန်စစ်ဖက်အကယ်ဒမီမှာ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ သင်တန်းတက်နေတဲ့ မြန်မာဗိုလ်လောင်း ၈ ဦး ရှိနေတယ်လို့ အကယ်ဒမီ တာဝန်ရှိသူတွေက Human Rights Watch ကို အတည်ပြု ပြောဆိုပါတယ်။

    “မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အချိန်မှာ အဲဒီက စစ်သားတွေကို ဂျပန်က စစ်ရေးသင်ကြားမှုပေးနေတာ တော်တော် အံ့ဩစရာပါ။ ဒီအစီအစဉ်၊ မြန်မာစစ်တပ်နဲ့ ဆက်သွယ်တဲ့ အခြားအစီအစဉ်တွေကို ဂျပန်အစိုးရက ချက်ခြင်း ရပ်တန့်သင့်ပါတယ်” လို့ Human Rights Watch အဖွဲ့ အာရှဆိုင်ရာ တာဝန်ရှိသူ တက်ပီ ကာစိုင်က ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်​နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဂျပန်အစိုးရက အသိအမှတ်မပြုဘဲ၊ မြန်မာနိုင်ငံအပေါ် အကူအညီပေးမှု အားလုံးကိုလည်း ရပ်ဆိုင်ထားပါတယ်။ ဒါပေမယ့် မြန်မာစစ်သားတစ်ချို့ကို ဂျပန်စစ်တပ်က ဆက်လက်လေ့ကျင့်ပေးနေဆဲ ဖြစ်ပါတယ်။

    ဒီအစီအစဉ်ကို ၂၀၁၅ ခုနှစ်က စတင်ခဲ့တာလို့ ဧပြီလ အစည်းအဝေးတစ်ခုမှာ ဂျပန်ကာကွယ်ရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဂျပန်အစိုးရက ဆော်ဩတိုက်တွန်းနေပေမယ့် တစ်ဖက်မှာ စစ်ကောင်စီတပ်သားတွေကို လေ့ကျင့်ပေးနေတာဟာ အပြောနဲ့အလုပ် မညီတာကို ပြသ​နေတာလို့ Human Rights Watch အဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Jurist

  • ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒုက္ခရောက်နေသည့် အာဖဂန်ပြည်သူများအတွက် OIC က ရန်ပုံငွေထူထောင်ကာ ကူညီမည်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အာဖဂန်နစ္စတန် ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရေး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကူညီပေးဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ​က ကတိပြုလိုက်ပါတယ်။

    ဩဂုတ်လက တာလီဘန်တွေ သိမ်းပိုက်အုပ်စိုးပြီးနောက်ပိုင်း အာဖဂန်စီးပွားရေး သိသိသာသာ ကျဆင်းသွားပြီး၊ ဘဏ်လုပ်ငန်း ပြိုလုမတတ်ဖြစ်လာတာ၊ ကုန်စျေးနှုန်းတက်တာ၊ ငွေတန်ဖိုးကျဆင်းတာတွေ ဖြစ်နေတာပါ။ တာလီဘန်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် အာဖဂန်ပိုင်ငွေတွေကို နိုင်ငံတကာဘဏ်တွေက တာလီဘန်ထံ ပြန်လွှဲမပေးသေးဘဲ အစိုးရဝန်ထမ်းတွေ လခမရတဲ့ အနေအထားမျိုးလည်း ဖြစ်နေပါတယ်။

    ဒီပြဿနာတွေနဲ့ မိုးခေါင်ရေရှားမှုလို သဘာ၀ဘေး အန္တရာယ်ကြောင့် အာဖဂန်ပြည်သူတွေဟာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို အကြီးအကျယ် ကြုံတွေ့နေရပါတယ်။

    OIC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက အာဖဂန်က အခြေအနေတွေကို ချက်ခြင်းမဖြေရှင်းနိုင်ရင် ၀ရုန်းသုန်းကားဖြစ်လိမ့်မယ်လို့ မနေ့က OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ကြေငြာချက်မှာ အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ကာ အာဖဂန်နစ္စတန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    အာဖဂန်ကိုအုပ်စိုးတဲ့ တာလီဘန်အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး သတ်မှတ်ချက်တွေ၊ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို အပြည့်အ၀ လေးစားလိုက်လာဖို့လည်း OIC ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

    အစည်းအဝေးကို တာလီဘန်က ခန့်ထားတဲ့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်း မွတ်သကီ တက်ရောက်ခဲ့ပေမယ့် တရားဝင်ထုတ်ပြန်တဲ့ အစည်းအဝေးဓာတ်ပုံမှာ မွတ်သကီ ပါဝင်ခြင်း မရှိပါဘူး။ ဒါဟာ တာလီဘန်အစိုးရကို OIC က တရားဝင်အသိအမှတ်မပြုသေးကြောင်း ဖော်ပြမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ကနီ​မြို့နယ်တွင် မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို BBC ဖော်ထုတ်

    ကနီ​မြို့နယ်တွင် မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို BBC ဖော်ထုတ်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ ဇူလိုင်လက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှုအပြီး အနည်းဆုံး လူ ၄၀ လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကို ဘီဘီစီသတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ထုတ်တင်ပြလိုက်ပါတယ်။

    အဖြစ်အပျက်ကို မျက်မြင်ကြုံတွေ့ရသူတွေ၊ စစ်သားတွေရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာသူတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ ယူကေအခြေစိုက် မြန်မာ့အရေးတက်လှုပ်ရှားနေတဲ့အဖွဲ့ Myanmar Witness က စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေကို ကိုးကားပြီး ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    စစ်သားတွေ ကနီမြို့နယ်က ကျေးရွာတွေကို ဝင်စီးမှုအတွင်း အသက် ၁၇ နှစ်လောက်သာရှိသေးတဲ့ လူငယ်လေးတွေအပါအဝင် လူ ၄၀ လောက်ကို ဖမ်းဆီးသွားပြီး အနည်းဆုံး ၄ နေရာခွဲကာ သတ်ဖြတ်မြှုပ်နှံခဲ့တာပါ။

    အလောင်းတွေကို ပြန်လည်တူးဖော်မှုအရ အများစုဟာ အသတ်မခံရခင်မှာ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း တွေ့ရပါတယ်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှု အဓိကဖြစ်ပွားတဲ့နေရာက ကနီမြို့နယ် ယင်းရွာမှာဖြစ်ပြီး အနည်းဆုံး အမျိုးသား ၁၄ ဦး နှိပ်စက်သတ်ဖြတ်ခံခဲ့ရကာ အလောင်းတွေကို တောထဲကချောက်ထဲမှာ စစ်သားတွေက ပစ်ထားခဲ့ကြပါတယ်။

    ယင်းရွာက မျက်မြင်ကြုံခဲ့ရသူတွေက စစ်သားတွေက ကြိုးတွေနဲ့တုပ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

    “ကျွန်မတို့ မကြည့်ရက်တော့လို့ ငိုပြီးခေါင်းငုံ့နေရတယ်။ မလုပ်ဖို့ ကျွန်မတို့တောင်းပန်တယ်။ သူတို့ ဂရုမစိုက်ဘူး။ ‘နင်တို့ယောကျ်ားတွေ ဒီအထဲမှာပါလား။ ပါရင် သရဏဂုံသာတင်ထားလိုက်တော့’ လို့ စစ်သားတွေက ပြောတယ်” လို့ အစ်ကိုတစ်ယောက်၊ တူတစ်ယောက်နဲ့ ခဲအိုအသတ်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    အသတ်မခံရဘဲ လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးကလည်း စစ်သားတွေဟာ ဖမ်းသွားသူတွေကို မသတ်ခင် နာရီတော်တော်ကြာ ဆိုးဆိုးရွားရွား နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။

    “ကြိုးတွေတုပ်ပြီး ကျောက်ခဲတွေနဲ့ပေါက်တယ်။ ဒေနတ်ဒင်နဲ့ရိုက်တယ်။ တစ်နေ့လုံး ညှင်းသတ်တာ။ တစ်ချို့စစ်သားတွေက ၁၇၊ ၁၈ လောက်ပဲရှိအုံးမယ်။ တစ်ချို့တွေက တော်တော် အသက်ကြီးနေပြီ။ သူတို့အထဲမှာ စစ်သမီးတစ်ဦးလည်း ပါတယ်”

    ဇီးပင်တွင်း

    ဇီးပင်တွင်းကျေးရွာမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ အလောင်း ၁၂ လောင်းကျင်းတိမ်တိမ်လေးထဲ​ မြှုပ်နှံထားတာကို တွေ့ရပါတယ်။ က​လေးလို့ထင်ရတဲ့ အလောင်းသေးသေးတစ်လောင်း၊ မသန်စွမ်းတစ်ဦးရဲ့အလောင်းတို့ ပါဝင်ပြီး တစ်ချို့အလောင်းတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။

    မလှမ်းမကမ်းက သစ်ပင်တစ်ပစ်မှာ အသက် ၆၀ ကျော်အရွယ် အဖိုးအိုတစ်ဦးကို ကြိုးတုပ်သတ်ထားတာကိုလည်း တွေ့ရပါတယ်။ အဘိုးအို အလောင်းတွေကို ဘီဘီစီက လေ့လာမှုအရ နှိပ်စက်ညှင်းပမ်းခံရတဲ့ လက္ခဏာတွေကို ထင်ထင်ရှားရှားတွေ့ရပါတယ်။

    ရွာထဲကို စစ်သားတွေဝင်လာချိန် သားနဲ့ မြေးတွေက ဘေးလွတ်ရာကို ထွက်ပြေးသွားပြီး၊ အသက်ကြီးနေတဲ့ မိမိကို စစ်သားတွေက ဘာမှလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်တာကြောင့် အဖိုးအိုက အိမ်မှာ နေခဲ့တယ်လို့ မိသားစု၀င်တွေက ပြောပါတယ်။

    ကျန်ရစ်တဲ့ မိသားစုဝင်တွေက အသတ်ခံလိုက်ရသူတွေဟာ စစ်ကောင်စီကို တိုက်ခိုက်မှုမှာ ပါဝင်သူတွေမဟုတ်ဘူးလို့ ပြောပါတယ်။ ယင်းရွာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ မောင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက သူ့မောင်ဟာ လေးခွတောင် ကောင်းကောင်းမပစ်တတ်ဘူးလို့ စစ်သားတွေကို ပြောဆိုတောင်းပန်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

    “ဘာမှလာမပြောတဲ့။ ငါတို့မောနေပြီ။ သတ်ပစ်လိုက်ရမလား၊ အကုန်သတ်မှာပဲ” လို့ စစ်သားတစ်ဦးက သူမကို ပြန်ပြောခဲ့ပါတယ်။

    ကနီမြို့နယ်က ဒီသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီသတင်းဌာနရဲ့ အရင်မေးမြန်းမှုမှာ စစ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလုပ်တယ်ဆိုတာကို သူက မငြင်းပါဘူး။

    “ဒါမျိုးကဖြစ်နိုင်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ရန်သူလို ဆက်ဆံတဲ့အခါမှာ ကျွန်တော်တို့ကလည်း ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့်ရှိပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တုန့်ပြန်တဲ့ လက်နက်ကိုင်တော်လှန်မှု ဖြစ်ပွားရာဒေသတွေမှာ မြန်မာစစ်တပ်ဟာ မဆိုင်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ လုပ်ဆောင်တယ်လို့ မြန်မာ့အရေး ​လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

    Ref: BBC