News @ M-Media

Blog

  • တိုက်စစ်မှူးရူနီ အင်္ဂလန်ဂိုးသွင်းစံချိန်သစ် တင်ပြီ

    တိုက်စစ်မှူးရူနီ အင်္ဂလန်ဂိုးသွင်းစံချိန်သစ် တင်ပြီ

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    eng

    – အင်္ဂလန်ဘောလုံးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူနိုင်ရန် အခွင့်အရေး ပေးခဲ့သည့်အတွက် နည်းပြရွိုင်ဟဒ်ဆန်အား တိုက်စစ်မှူး ၀ိန်းရူနီက ချီးကျူးပြောဆိုလိုက်သည်။

    ရူနီမှာ စနေနေ့က ဆန်မာရီနိုအား ၆ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ယူရိုခြေစစ်ပွဲတွင် တစ်ဂိုးသွင်းယူကာ အင်္ဂလန်ဂန္တ၀င်ကစားစား ဆာ ဘော်ဘီချာလ်တန်၏ ဂိုးသွင်းစံချိန် ၄၉ ဂိုးနှင့် တူညီခဲ့သည်။

    ယနေ့မနက်က ဆွစ်ဇာလန်အား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း ဒုတိယပိုင်း၌ ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးသွင်းယူပေးခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၅၀ ဖြင့် ရူနီမှာ အင်္ဂလန်ဘောလုံးသမိုင်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။

    ပွဲအပြီးအတွင် အင်္ဂလန်အသင်းခေါင်းဆောင် ရူနီက ၎င်း စံချိန်တင်နိုင်ရန်အတွက် ကူညီပေးခဲ့သည့် နည်းပြ ဟဒ်ဆန်အား ချီးကျူးခဲ့ပြီး စံချိန်တင်နိုင်ခဲ့သည့်အတွက်လည်း ပျော်ရွှင်မိသည်ဟု ဆိုသည်။

    “ရွိုင်ရောက်လာကတည်းက ကျွန်တော်ဟာ သူ့လက်အောက်မှာ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ကြိုက်နှစ်သက်သလို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးခဲ့တဲ့အတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်။ (အင်္ဂလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ရတာ) တော်တော်လေး ကျေနပ်မိပါတယ်။ ကျွန်တော်ဟာ ဒီစံချိန်နဲ့ နီးကပ်နေပြီဆိုတာကို ပြီးခဲ့တဲ့ ပွဲအနည်းငယ်ကတည်းက သိခဲ့ပါတယ်။
    နောက်ဆုံးတော့ အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာပြီပေါ့ဗျာ” ဟု ရူနီက ITV Sport သို့ ပြောကြားခဲ့သည်။

    မန်ယူနှင့် အင်္ဂလန်တို့၏ ဂန္တ၀င်ကစားသမားဖြစ်သူ ဘော်ဘီချာလ်တန်ကလည်း ရူနီအား ချီးကျူးခဲ့ပြီး၊ ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့အတွက် ဂိုးများ ဆက်လက်သွင်းယူသွားနိုင်မည်ဟု ပြောကြားခဲ့သည်။

    “အင်္ဂလန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာတဲ့အတွက် ကျွန်တော် ရူနီကို ဂုဏ်ပြုချင်ပါတယ်။ ဒီမှတ်တမ်းကို ရူနီဟာ အချိန်အတော်ကြာ ထိန်းထားနိုင်လိမ့်မယ်ဆိုတာကိုလည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်။ အနာဂတ်မှာလည်း သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် ဂိုးတွေ ဆက်သွင်းနေမှာပါပဲ” ဟု ချာလ်တန်က မန်ယူ၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် စံချိန်ကို အချိန်ကြာကြာ ထိန်းမထားနိုင်ခြင်းအတွက်လည်း အနည်းငယ် စိတ်ပျက်မိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၈၊ ၂၀၁၅)

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    ဒုက္ခသည်ပြဿနာ ပိုမိုကြီးထွားမည်ဟု ဥရောပဥက္ကဌ သတိပေး
    …………………………….
    စစ်မက်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များ ရောက်ရှိလာမှုမှာ အိပ်ဇိုဒက် (အစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာခြင်း) ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး အနာဂတ်တွင် ပိုမိုရင်ဆိုင်ရလိမ့်မည်ဟု ဥရောပသမဂ္ဂဥက္ကဌ ဒေါ်နယ် တက်စ်က သတိပေး ပြောကြားလိုက်သည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ဒုက္ခသည်များမှာ ဘောလ်ကန်ဒေသနှင့် မြေထဲပင်လယ်ကိုဖြတ်၍ ဥရောပသို့ လာရောက်ခိုလှုံနေကြပြီး တက်စ်ကမူ ဥရောပနိုင်ငံများအနေဖြင့် သဘောထားကွဲလွဲမှုများကို
    ဘေးဖယ်ကာ ထိုပြဿနာကို အတူတကွရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်။

    အီရတ် ဒုတိယတရားရေးဝန်ကြီး ပြန်ပေးဆွဲခံရ
    ………………………………
    အီရတ် တရားရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးမှာ ဘဂ္ဂဒတ်မြို့မြောက်ပိုင်း၌ ယနေ့တွင် ၀တ်စုံအနက်ဝတ် သေနတ်သမားများ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသည်ဟု အီရတ်လုံခြုံရေး သတင်းရင်းမြစ်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ကားဖြင့်သွားစဉ် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးနှင့် အစောင့် ၂ ဦးလည်း ပါဝင်သည်ဟု ဆိုသည်။ ထိုသတင်းအတွက် အီရတ်စစ်တပ်က မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူ ၈ ထောင်နီးပါးရှိ
    ……………………………….
    ပြီးခဲ့သည့်နှစ် ဧပြီလအလယ်ပိုင်းက စတင်ခဲ့သည့် ယူကရိန်းအရှေ့ပိုင်း မငြိမ်မသက်မှုအတွင်း သေဆုံးခဲ့ရသူ ဦးရေမှာ အနည်းဆုံး ၇၉၆၂ ဦး ရှိပြီဟု ကုလ လူ့အခွင့်အရေးရုံးက ယနေ့တွင် ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများမှာမူ ၁၇၈၁၁ ဦးရှိပြီဖြစ်ကာ လက်ရှိအချိန်တွင် တင်းမာမှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံအား ရေဘေးအကူအညီပေးရန်နှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရန် ဂျပန် ဆုံးဖြတ်

    မြန်မာနိုင်ငံအား ရေဘေးအကူအညီပေးရန်နှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရန် ဂျပန် ဆုံးဖြတ်

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    japan

    – မြန်မာနိုင်ငံတစ်ဝှမ်း ဆိုးရွားသော ရေကြီးမှုကြောင့် ဖြစ်ပွားခဲ့သည့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ပြည်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ဂျပန်ယန်း ၉ ဘီလီယံ (ကန်ဒေါ်လာ ၇၅.၄ သန်း) ထောက်ပံ့ပေးသွားရန်နှင့် နိုဝင်ဘာတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရန် ဂျပန်နိုင်ငံက ယနေ့တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အဆိုပါငွေကြေးများကို ရေကြီးမှုကြောင့် ပျက်ဆီးသွားခဲ့သည့် လမ်းများအပါအ၀င် အခြေခံအဆောက်အဦးများ ပြန်လည်တည်ဆောက်ရေးတွင် အကူအညီဖြစ်စေရန် ပေးအပ်ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါကမူ စာသင်ကျောင်းများ ဆောက်လုပ်ရန်နှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ရေးအတွက် ကူညီပေးရန် မြန်မာအစိုးရ၏ ပန်ကြားမှုကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ဂျပန်နိုင်ငံမှာ နောက်ထပ် ယန်း ၅ ဘီလီယံခန့် ကူညီပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဆိုပါ ထပ်ဆောင်းကူညီမှုကို သီးသန့်သတ်မှတ်ချက် သို့မဟုတ် အခြားသော ပုံစံမျိုးဖြင့် ပေးအပ်ရမည်လားဆိုသည်ကို မဆုံးဖြတ်ရသေးဟု ဆိုသည်။

    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သြဂုတ်လနှောင်ပိုင်းအထိ သေဆုံးသူမှာ ၁၁၇ ဦးရှိခဲ့ပြီး လူဦးရေ ၁.၆ သန်းခန့်မှာ ရေဘေးသင့်ခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်မှုအရ သိရသည်။

    ရွေးကောက်ပွဲအား ဂျပန်နိုင်ငံမှ ပံ့ပိုးပေးရန်နှင့် ပတ်သက်၍ မစ္စတာ ကီရှီဒါက မိမိတို့မှာ မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဂျပန်အထူးကိုယ်စားလှယ် ယိုဟီ ဆာဆာကာဝါ ခေါင်းဆောင်သည့် လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါစောင့်ကြည့်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၁၀ ဦး ပါဝင်မည်ဖြစ်ပြီး နိုဝင်ဘာလ အစောပိုင်းတွင် စေလွှတ်မည်ဖြစ်သည်။

    “ရွေးကောက်ပွဲကို လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ကျွန်တော်တို့ ပံ့ပိုးပေးသွားမှာပါ” ဟု မစ္စတာ ကီရှီဒါက ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပြီး ဒီမိုကရေစီကျင့်သုံးရေး ကြိုးပမ်းမှုတွင် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံက မျှော်လင့်သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Bangok Post

  • နယူးဇီလန်တွင် လိင်ပိုင်းဆိုင်ရာဖော်ပြချက်ပါသည့် ၀တ္ထုတစ်အုပ်ကို ပိတ်ပင်

    နယူးဇီလန်တွင် လိင်ပိုင်းဆိုင်ရာဖော်ပြချက်ပါသည့် ၀တ္ထုတစ်အုပ်ကို ပိတ်ပင်

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    nz

    – နယူးဇီလန်မှာ စာရေးဆရာ တက်ဒ်ဒါဝီ၏ ၀တ္ထုတစ်ပုဒ်ကို စော်ကားသည့် အသုံးအနှုန်းများနှင့် မလိုအပ်သည့် လိင်ပိုင်းဆိုင်ရာ ဖော်ပြမှုများ ပါဝင်သည့်အတွက် ပိတ်ပင်လိုက်ပြီး ၂၂ နှစ်တာကာလအတွင်း စာအုပ်တစ်အုပ်ကို ပထမဆုံး ပိတ်ပင်လိုက်ခြင်းလည်း ဖြစ်သည်။

    တက်ဒ်ဒါဝီ၏ အဆိုပါဝတ္ထုမှာ Into the River ဟု အမည်ရပြီး မိသားစုဆိုင်ရာ အသိပညာပေး အဖွဲ့ဖြစ်သော Family First မှ တိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံ၏ ရုပ်ရှင်နှင့် စာပေဘုတ်အဖွဲ့က ထုတ်ဝေဖြန့်ချီခြင်းကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါအဖွဲ့မှာ ရိုင်းစိုင်းသော အသုံးအနှုန်း၊ ပြင်းထန်သည့် လိင်ပိုင်းဆိုင်ရာဖော်ပြချက်၊ ကလေးငယ်များအား လိင်ဆက်ဆံခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကဲ့သို့ ဆိုးရွားသည့် အရာများ အပါအ၀င် ၀တ္ထုစာအုပ်တွင် ပါဝင်သော အသုံးအနှုန်းနှင့် ဇာတ်လမ်းကို ဆန့်ကျင်ခဲ့သည်ဟု Family First မှ ဒါရိုက်တာဖြစ်သူ ဘော့ဘ် မက်ကရော့စကီးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အဖွဲ့မှာ ထိုဝတ္ထုအား ပိတ်ပင်ရန် တိုက်တွန်းခဲ့ခြင်းမရှိဘဲ၊ အသက်ကန့်သတ်ရန်သာ ဆော်သြခဲ့သော်လည်း မိဘများက မိမိတို့အဖွဲ့၏ ရပ်တည်ချက်ကို ထောက်ခံအားပေးခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “မိဘနေရာက ကျွန်တော် ဒါကို ဖတ်ကြည့်ပါတယ်။ ဖခင်တွေနဲ့ ကျွန်တော်ပြောကြည့်တဲ့အခါ ဘယ်သူမှ သူတို့ကလေးတွေကို ဒီစာအုပ် မဖတ်စေချင်ကြပါဘူး။ ဒီစာအုပ်ဖတ်နေတဲ့သူတွေနဲ့ ကျွန်တော့်သမီး တွဲသွားတွဲလာလုပ်တာကို ကျွန်တော် မလိုချင်ပါဘူး” ဟု မက်ကရော့စကီးက ဆိုသည်။

    ထိုဝတ္ထုအား အစောပိုင်းတွင် အသက်ကန့်သတ်ချက် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ဖြုတ်လိုက်သောကြောင့် Family First အဖွဲ့က စောဒကတက်ခဲ့သည်။ ထို့နောက် ရုပ်ရှင်နှင့် စာပေဘုတ်အဖွဲ့က ပြန်လည်သုံးသပ်ခဲ့ပြီး စာအုပ်အား နယူးဇီလန်တစ်ဝှမ်းတွင် ဖြန့်ဖြူးခြင်း၊ ဖော်ပြခြင်း မပြုရန် သတ်မှတ်ခဲ့သည်။

    ထိုပိတ်ပင်မှုအမိန့်အား ချိုးဖောက်ပါက ထိုစာအုပ်ကို ၀ယ်သူမှာ ဒဏ်ငွေ နယူးဇီလန်ဒေါ်လာ ၃၀၀၀ (ကန်ဒေါ်လာ ၁၈၈၃)၊ ရောင်းချသည့်ဆိုင်မှာ နယူးဇီလန် ဒေါ်လာ ၁၀၀၀၀ (ကန်ဒေါ်လာ ၆၂၇၈) အသီးသီး ပေးဆောင်ရမည်ဟု ဘုတ်အဖွဲ့က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် အသိပေး လွှင့်တင်ထားသည်။

    စာရေးဆရာ ဒါဝီကမူ ၎င်း၏ ၀တ္ထုအတွက် ကာကွယ်ပြောဆိုခဲ့ပြီး ကလေးငယ်များ ဘ၀တွင်ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို လေ့လာသိရှိနိုင်စေရန် ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ ပိတ်ပင်မှုအတွက် နယူးဇီလန်နိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုမှုအခွင့်အရေးကို မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။

    Ref: CNN

  • မေ၀ယ်သာ၏ နောက်ဆုံးပွဲ ပရိသတ်စိတ်ဝင်စားမှုနည်း

    မေ၀ယ်သာ၏ နောက်ဆုံးပွဲ ပရိသတ်စိတ်ဝင်စားမှုနည်း

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    may

    – ယခုလအတွင်း ထိုးသတ်မည့် အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာ၏ နောက်ဆုံးပွဲမှာ ပရိတ်သတ်များအကြား စွဲဆောင်မှု သိပ်မရှိဘဲ လက်မှတ်ရောင်းအားမှာ ထင်ထားသည်ထက် အလွန်အမင်း နည်းပါးနေသည်ဟု သိရသည်။

    လက်ဝှေ့သမားဘ၀ သက်တမ်းတစ်လျှောက်တွင် ရှုံးပွဲမရှိသေးသည့် မေ၀ယ်သာမှာ စက်တင်ဘာ ၁၂ ရက်နေ့တွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုနှင့် ထိုးသတ်မည်ဖြစ်ပြီး ထိုပွဲမှာ ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဖြစ်မည်ဟု မေ၀ယ်သာက ကြေညာခဲ့သည်။

    သို့သော်လည်း ထိုပွဲအား ပရိတ်သတ်များ၏ စိတ်ဝင်စားမှုမှာ နည်းပါးနေသည်။ မေလဆန်းပိုင်းက ထိုးသတ်ခဲ့သည့် မေ၀ယ်သာနှင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့၏ပွဲတွင် လက်မှတ်ဈေးမှာ ကန်ဒေါ်လာ ၁၅၀၀ မှ ၁၀၀၀၀ အထိ ရှိခဲ့ပြီး ၂ နာရီအတွင်းပင် ရောင်းကုန်သွားခဲ့ကာ မှောင်ခိုဈေးကွက်တွင်လည်း အဆိုပါ လက်မှတ်ဈေးနှုန်းမှာ အဆမတန် များပြားခဲ့သည်။

    ဘာတိုနှင့် ယခုပွဲတွင်မူ အမြင့်ဆုံးလက်မှတ်ဈေးနှုန်းမှာ ဒေါ်လာ ၁၅၀၀ သာဖြစ်ပြီး ထိုအတန်းအတွက် ယခုအချိန်အထိ ထိုင်ခုံ ၁၅၀ သာ ရောင်းချရသေးသည်။

    တစ်ပွဲစာ ၀ယ်ယူကြည့်ရှုရသည့် အမေရိကန် အခပေးရုပ်သံလိုင်းများတွင်လည်း မေ၀ယ်သာနှင့် ဘာတိုတို့၏ ပွဲအတွက် ၀ယ်ယူမှုမှာ ပက်ကွီအိုနှင့်ပွဲ ၀ယ်ယူမှုထက် ၃ ပုံ ၁ ပုံပင် မရှိသေးချေ။ ပက်ကီအိုနှင့်ပွဲတွင် တစ်ပွဲစာ ရုပ်သံဈေးနှုန်းမှာ ဒေါ်လာ ၁၀၀ မှ ၇၄.၉၅ ဒေါ်လာအထိ ရှိခဲ့ပြီး ၀ယ်ယူကြည့်ရှုသူ သန်း ၄၀၀ ခန့်ရှိခဲ့ကာ လက်ဝှေ့သမိုင်းတွင် စံချိန်တင်ခဲ့ခြင်းလည်းဖြစ်သည်။

    ယခုပွဲမှာ မေ၀ယ်သာနှင့် ကေဘယ်ရုပ်သံလိုင်း Showtime တို့၏ စာချုပ်ချုပ်ထားမှုမှ ဆဌမနှင့် နောက်ဆုံးပွဲဖြစ်ပြီး မေ၀ယ်သာမှာ ကန်ဒေါ်လာ ၃၈ သန်း ရရှိမည်ဖြစ်သည်။ မေ၀ယ်သာကမူ ပရိတ်သတ် စိတ်ဝင်စားမှုအတွက် မိမိက မစိုးရိမ်ဟု ဆိုသည်။

    “လူတွေက တီဗီဖွင့်ကြည့်နိုင်သလို၊ မကြည့်ချင်လည်း ပိတ်ထားလို့ရပါတယ်။ ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော့်ရဲ့ လက်ဝှေ့သမိုင်းကြောင်းက ရှိပြီးသွားပါပြီ။ တစ်ပွဲစာ ၀ယ်ယူကြည့်ရှုမှုမှာ စံချိန်တင်သွားခဲ့တာ အပါအ၀င်ပေါ့”

    မေ၀ယ်သာမှာ လက်ရည်ညီဖွယ်ရှိသည့် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်း၏ ကမ်းလှမ်းမှုကို ပယ်ချ၍၊ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသော ဘာတိုအား ရွေးချယ်မှုအတွက် ကျွမ်းကျင်သူများနှင့် ပရိတ်သတ်များ၏ ဝေဖန်မှုကို ခံခဲ့ရပြီး၊ အနိုင်ရရန် လွယ်ကူမည့် ပြိုင်ဘက်အား ရွေးချယ်ခြင်းဖြစ်သည်ဟု ပြစ်တင်ခဲ့ကြသည်။

    Ref: Dailymail