စက်တင်ဘာ ၁၀၊ ၂၀၁၅
M-Media
– ဆူမားတြားကျွန်း တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှု အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်ဒိုနီးရှား စစ်တပ်က စစ်သား ၁၀၀၀ ကျော်ကို ယနေ့မနက်ပိုင်းတွင် ဂျကာတာ လေတပ်အခြေစိုက်စခန်းမှ စေလွှတ်လိုက်သည်ဟု သိရသည်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာ တောမီးလောင်သည့် နေရာ ၁၄ နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး အာဏာပိုင်များကမူ ထိုနေရာများမှာ စိုက်ပျိုးရေးကုမ္ပဏီများမှ ပိုင်ဆိုင်သည့် နေရာများဖြစ်သည်ဟု ဆိုသည်။ မီးလောင်သည့်နေရာများမှ အချို့မှာ အမျိုးသား ပန်းခြံများမှ နေရာများဖြစ်သည်။
အင်ဒိုနီးရှား သဘာဝန်ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး စီတီ နူရ်ဘာယာ ဘာကာရ်က “ကိုသြဒိနိတ်မျဉ်းတွေကိုသုံးပြီး မီးလောင်နေတဲ့နေရာတွေကို ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကြောင့် တစ်ဦးတစ်ယောက်ချင်းစီတင် မကပါဘူး။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ထိခိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။
သမ္မတ ဂျိုကို ၀ီဒိုဒိုကမူ ကုမ္ပဏီပိုင်မြေများတွင် မီးလောင်မှုများအတွက် အဆိုပါ စိုက်ပျိုးရေးကုမ္ပဏီများက တာဝန်ယူရမည်ဟု ဆိုသည်။ သို့သော်လည်း မီးရှို့သူများကို တွေ့ရှိခဲ့လျှင်ပင် တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးလုပ်ငန်းစဉ်အရ ၎င်းတို့အား တရားစွဲဆိုရန် အခက်အခဲများ ရှိမည်ဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သော စုပေါင်းအဖွဲ့များမှာ မီးငြှိမ်းသက်ရန် ကြိုးစားနေပြီး မီးခိုးများမှာ ဆူမားတြားပြည်နယ်မှ ကာလီမန်တန်ပြည်နယ်အထိ ပြန့်နှံ့နေပြီဖြစ်သည်။ မီးခိုးများကြောင့် ကျောင်းများနှင့် လေဆိပ်များကိုလည်း ပိတ်ပစ်ခဲ့ရသည်။
အဆိုပါ မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အထိလည်း ရောက်ရှိခဲ့ပြီး ထိုနိုင်ငံများမှ လေထုအရည်အသွေးမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အဆင့်သို့ပင် ရောက်ရှိနေသည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.