News @ M-Media

ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်

စက်တင်ဘာ ၁၀၊ ၂၀၁၅
M-Media

bri

– ဗြိတိန်မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်လေးမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်များ ဖြစ်ကြသော အဲလ်လဘတ်အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် ဥာဏ်ရည် (IQ) ပိုမြင့်ကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

လီဒီယာ စီဘက်စတီယန်ဆိုသူဖြစ်ပြီး ဗြိတိန် Mensa ၏ IQ စစ်ဆေးသည့် မေးခွန်းဖြစ်သော Cattell III B တွင် အမှတ်ပေါင်း ၁၆၂ မှတ်ရရှိခဲ့ကာ ထိုသို့ ရရှိမှုက အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်ကြောင်းကို ပြသနေခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ကိုချက်စတာ ကောင်တီ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ၎င်းက မိမိအနေဖြင့် ထိုနှိုင်းယှဉ်မှုကို စိတ်တိုင်းမကျဟု ဆိုသည်။

“အဲလ်လဘတ်အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့လိုမျိုး ကြီးကျယ်တဲ့ ပညာရှင်တွေနဲ့ သမီး နှိုင်းယှဉ်နိုင်တယ်လို့ မထင်ပါဘူး။ သူတို့က အောင်မြင်မှုတွေ အများကြီး ရခဲ့တာပါ။ ဒီနှိုင်းယှဉ်မှုဟာ မှန်ကန်တယ်လို့ သမီး မထင်ပါဘူး” ဟု လီဒီယာက ပြောကြားခဲ့သည်။

သူမမှာ အဆိုပါ ဥာဏ်စမ်းမေးခွန်းကို ဖြေဆိုရန် မိဘများအား ပူဆာခဲ့ပြီးနောက် နွေရာသီကျောင်းပိတ်ရက်တွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ လီဒီယာကမူ မေးခွန်းများမှာ ထင်သလောက်မခက်ဟု ဆိုသည်။

“မဖြေခင်မှာ သမီး တကယ့်ကို ကြောက်ခဲ့ပြီး တော်တော်ခက်ခဲမယ်လို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်စဖြေတဲ့အခါမှာ ထင်ထားတာထက် ပိုလွယ်နေတယ်လို့ သမီး သိခဲ့ပါတယ်”

ကျောင်းပြီးသွားသည့်အခါ မည့်သည့်လိုင်း လိုက်ရမည်ကို လီဒီယာက မဆုံးဖြတ်ရသေးဘဲ၊ သင်္ချာမှာ မိမိ၏ အကြိုက်ဆုံး ဘာသာရပ်များထဲမှ တစ်ခုဖြစ်သောကြောင့် သင်္ချာနှင့်ပတ်သက်သည့် ဘာသာရပ်ကိုပင် ယူဖြစ်မည်ဟု ဆိုသည်။

“သမီး လုပ်သွားမယ့်အရာအားလုံးကို တတ်နိုင်သလောက် ကြိုးကြိုးစားစား လုပ်သွားမှာပါ။ ပြီးတော့မှ ဘယ်နေရာရမလဲ ကြည့်တာပေါ့” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ Cattell III စစ်ဆေးမှုတွင် အရွယ်ရောက်ပြီးသူများ အများဆုံး ရရှိထားသည့်အမှတ်မှာ ၁၆၁ မှတ်ဖြစ်ပြီး လီဒီယာက ၁၆၂ မှတ် ရခဲ့သောကြောင့် လာရောက်ဖြေဆိုသူများထဲမှ ထိပ်ဆုံး ၁ ရာခိုင်နှုန်းစာရင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

Ref: CNN

Comments

Leave a Reply