News @ M-Media

Blog

  • နာဆာ၏ အာကာသအခြေချ ဒီဇိုင်းပြိုင်ပွဲတွင် ပါကစ္စတန်ကျောင်းသားတစ်ဦး ဒုတိယရရှိ

    နာဆာ၏ အာကာသအခြေချ ဒီဇိုင်းပြိုင်ပွဲတွင် ပါကစ္စတန်ကျောင်းသားတစ်ဦး ဒုတိယရရှိ

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    paki

    – နာဆာမှပြုလုပ်သည့် ၂၀၁၅ အေမက်စ်အာကာသအခြေချ ဒီဇိုင်းပြိုင်ပွဲ Ames Space Settlement Design Contest 2015 တွင် ပါကစ္စတန်လူငယ်တစ်ဦးက ဒုတိယဆု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ရှား မီရ် အိုင်ဇက်ဆိုသူဖြစ်ပြီး O’ Levels ကျောင်းသားတစ်ဦးဖြစ်ကာ Beyond Infinity – Eros Outer
    Atmosphere Settlement ဟု အမည်ရသော ဒီဇိုင်းဖြင့် ဆုရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲမှာ နာဆာအေမက်စ် သုတေသနစင်တာမှ နှစ်စဉ် ကြီးမှူးကျင်းပသော ပြိုင်ပွဲဖြစ်ပြီး Grade 7 မှ Grade 12 အထိ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်ရသည်။

    ထိုပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ တစ်ဦးချင်း၊ ၂ ဦးမှ ၅ ဦးအထိပါဝင်သည့် အဖွဲ့ငယ်များ၊ ၆ ဦးနှင့်အထက် ပါဝင်သော အဖွဲ့ကြီများကို ဖိတ်ခေါ်ကာ ကျင်းပခြင်းဖြစ်ပြီး အာကာသတွင် အခြေချနေထိုင်မည့် ပုံစံများဒီဇိုင်းကို ရေးဆွဲတင်သွင်းရသည့် ပြိုင်ပွဲဖြစ်သည်။

    ယခုနှစ်ပြိုင်ပွဲမှာ အာကာသတွင် လူပေါင်း တစ်သောင်းကျော် နေထိုင်နိုင်မည့် မြို့တစ်ခုကို ရေးဆွဲတည်ဆောက်ရခြင်းဖြစ်ကာ ကျောင်းသားများ၏ အင်ဂျင်နီရာဆိုင်ရာကျွမ်းကျင်မှု၊ အာကာသ ဗဟုသုတနှင့် ဖန်တီးနိုင်စွမ်းတို့ ဖော်ထုတ်ပေးခြင်းလည်းဖြစ်သည်။

    ထိုကဲ့သို့တင်သွင်းသော ဒီဇိုင်းများကို NASA Ames မှ စီစစ်ရွေးချယ်ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲကို ၁၉၉၄ ခုနှစ်မှစတင်ကာ ကျင်းပပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကျောင်းသားပေါင်း ၃၀၀၇ ဦးမှ ဒီဇိုင်းပေါင်း ၉၉၄ ခုကို ရရှိခဲ့သည်။ ပါဝင်ယှဉ်ပြိုင်ကြသူများမှာ အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၄ ခုနှင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ဖြစ်ကြသည်။

    Ref: Tribune

  • မြန်မာလုပ်သားများ အမြတ်ထုတ်ခံရမှုကို ဖော်ထုတ်သည့် လူ့အခွင့်ရေးသမားတစ်ဦးကို ထိုင်းတရားစွဲ

    မြန်မာလုပ်သားများ အမြတ်ထုတ်ခံရမှုကို ဖော်ထုတ်သည့် လူ့အခွင့်ရေးသမားတစ်ဦးကို ထိုင်းတရားစွဲ

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    thai

    – ထိုင်းနိုင်ငံ၏ အသီးအနှံစည်သွပ်ဘူးလုပ်ငန်းတွင် တရားမ၀င် လုပ်အားအမြတ်ထုတ်မှုကို ဖော်ပြခဲ့သည့် ဗြိတိန့် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးကို ထိုင်းနိုင်ငံ ဘန်ကောက်တရားရုံးက ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှုဖြင့် တရားစွဲလိုက်သည်ဟု သိရသည်။

    တရားစွဲခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်ဒီ ဟောလ်ဆိုသူဖြစ်ပြီး ပုံနှိပ်ထုတ်ဝေဖြန့်ချီခြင်းဖြင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်ခြင်း၊ ကွန်ပျူတာရာဇ၀တ်မှု အက်ဥပဒေများဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

    ဟောလ်ကို ၎င်းသုတေသနလုပ် စစ်တမ်းကောက်ယူခဲ့သည့် Nautral Fruit ကုမ္ပဏီက ရာဇ၀တ်မှုနှင့် လူမှုရေးစွဲချက် ၄ ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လူမှုရေးရာစွဲချက်ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက ဒဏ်ငွေ ကန်ဒေါ်လာ ၁၂.၅ သန်းခန့် ပေးဆောင်ရဖွယ် ရှိနေသည်။

    စစ်တမ်းကောက်ယူမှုတွင် ဟောလ်မှာ ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ထိုကုမ္ပဏီပိုင် စည်သွပ်ဘူးစက်ရုံတွင် အိမ်နီးချင်းမြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုပ်အား ခေါင်းပုံဖြတ်ခံရမှုများ၊ ကလေးအလုပ်သမားများ၊ အလုပ်သမားများအပေါ် အကြမ်းဖက်မှုများနှင့် အခြား ခေါင်းပုံဖြတ်ခံရမှုများကို တွေ့ရှိခဲ့သည်။

    အဆိုပါ သုတေသနပြုမှုကို ဖင်လန်အန်ဂျီအိုတစ်ခုဖြစ်သော Finnwatch အတွက် လုပ်ပေးခဲ့ခြင်းဖြစ်ပြီး၊ အန်ဂျီအို၏ အမှုဆောင်ဒါရိုက်တာ ဆွန်ဂျာ ဗာတီယာလာကမူ ဟောလ်အား စွဲဆိုထားသည့် စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့မှာ လွတ်လပ်စွာဖော်ပြမှုကို ကျင့်သုံးသည့်အတွက်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေများကို ဖျက်သိမ်းရန် ၎င်းက ထိုင်းနိုင်ငံအား တိုက်တွန်းခဲ့သည်။

    ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်မှုဆိုင်ရာ တရားရုံးကမူ အောက်တိုဘာ ၁၉ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် ဟောလ်အား အမိန့်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းအား ထိန်းသိမ်းထားပြီး အာမခံလည်း လျှောက်ထားနိုင်သည်။

    ဟောလ်အား နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ ကုန်သွယ်ရေး သမဂ္ဂအဖွဲ့များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲခံနေရသည့် ထိုင်းပယ်လယ်စာလုပ်ငန်းတို့က ထောက်ခံအားပေးကြသည်။

    “သူတို့အားလုံးက ဒါကို ဆန့်ကျင်ကြပါတယ်။ (Natural Fruit) က လူတွေက ခေါင်းမာကြပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပေမယ့် ဒီအမှုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဟောလ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်စတော့ဈေးကွက် ထပ်ကျပြီး ကမ္ဘာ့ဈေးကွက်ကိုပါ ထိခိုက်လာနိုင်

    တရုတ်စတော့ဈေးကွက် ထပ်ကျပြီး ကမ္ဘာ့ဈေးကွက်ကိုပါ ထိခိုက်လာနိုင်

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    china

    – ယနေ့တွင် တရုတ်နိုင်ငံ၏ ရှယ်ယာဈေးကွက်များမှာ အလျင်အမြန် ပြုတ်ကျသွားခဲ့ပြီး တစ်နာရီအတွင်း ၈ ရာခိုင်နှုန်းအထိ ကျသွားခဲ့သောကြောင့် ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်အား ထိခိုက်လာနိုင်သော အလားအလာအတွက် ကြောက်ရွံ့မှုများလည်း တိုးလာခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်ကလည်း တရုတ်ရှယ်ယာဈေးကွက်များတွင် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အာရှရှိ စတော့ရှယ်ယာဈေးများကို ထိုခိုက်စေခဲ့သည်။ မတည်ငြိမ်သာ ဈေးကွက်များကို ထိန်းရန်အတွက် ပင်စင်ရန်ပုံငွေကို စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် တရုတ်အစိုးရက အမိန့်ပေးခဲ့သော်လည်း ဈေးကွက်မှာ ဆက်လက်ကျဆင်းနေခဲ့သည်။

    ထို့ပြင် ယခုကဲ့သို့ တရုတ်ရှယ်ယာဈေးကွက် ဆက်တိုက်ကျဆင်းမှုကြောင့် ကမ္ဘာ့ရှယ်ယာဈေးကွက်များကို ထိုခိုက်စေမည်ဟူသော စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

    Shanghai Composite Index မှာ ၈.၅ ရာခိုင်နှုန်းကျဆင်းကာ ၃၂၀၉.၉၁ ပွိုင့်အထိ ရောက်သွားပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့က ၈.၈ ရာခိုင်နှုန်း ကျဆင်းပြီးနောက်ပိုင်း တစ်နေ့တည်းတွင် အကြီးမားဆုံး ကျဆင်းခြင်းလည်း ဖြစ်သည်။ အညွှန်းကိန်း ထိပ်ဆုံးရောက်ခဲ့သည့် ဇွန်လ ၁၂ ရက်နေ့နှင့် ယှဉ်လျှင် ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းလည်း ဖြစ်သည်။

    ဟောင်ကောင်စတော့ဈေးကွက် Hang Seng Index မှာမူ ဈေးကွက်စဖွင့်သည့် အစောပိုင်းမိနစ်အနည်းငယ်တွင် ၄ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး၊ သြစတေးလျ ဈေးကွက်ကမူ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဂျပန်နှင့် ထိုင်ဝမ်ဈေးကွက်များမှာ ၂ ရာခိုင်နှုန်းကျော် တက်ခဲ့သည်။

    သြဂုတ် ၁၁ ရက်နေ့က တရုတ်နိုင်ငံမှ ယွမ်ငွေတန်ဖိုး လျော့ချပြီးနောက်ပိုင်း ကမ္ဘာ့ရှယ်ယာဈေးကွက်၌ ကန်ဒေါ်လာ ၅ ထရီလီယံကျော် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ ဒုတိယ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးမှာ ထင်ထားသည်ထက် ပိုမိုအားနည်းသွားမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

    Ref: Aljazeera

  • ဗလီခိုးဆောက်သည့်ဟု လှုံ့ဆော်ဝါဒဖြန့် သတင်းမှား မန်းစည်ပင်ဖြေရှင်း

    ဗလီခိုးဆောက်သည့်ဟု လှုံ့ဆော်ဝါဒဖြန့် သတင်းမှား မန်းစည်ပင်ဖြေရှင်း

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media
    သီဟ
    .Mandalay City Development Committee
    ချမ်းအေးသာစံမြို့နယ် ဒေးဝန်း(အနောက်)ရပ်ကွက်တွင် ဗလီ တစ်လုံးခိုးဆောက်နေသည့် သတင်းမှာ သတင်း အမှားဖြစ်ကြောင်း မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက ဖြေရှင်းတဲ့ သတင်း ထုတ်ပြန်ချက် တခုကို ၄င်းတို့ရဲ့ တရားဝင် FB စာမျက်နှာက တဆင့် ထုတ်ပြန်လိုက်ပါတယ်။
    .
    အဆိုပါသတင်းမှာ လွန်ခဲ့သည့် ၅ ရက်ခန့် အရင် မွတ်စလင် ဆန့်ကျင်ရေး လှုံဆောင်မှုများ အဆက်မပြတ်ရေးသား လုပ်ဆောင်နေသည့် ဆိုရှယ်မီဒီယာ အကောင့်များမှတဆင့် အွန်လိုင်းတွင်ပြန့်နှံခဲ့ပြီး နောက် ၅ ရက်အကြာမှ မန်းစည်ပင်က ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန်လိုက်ခြင်းပဲဖြစ်ပါတယ်။

    Mandalay Masjid
    .
    သတင်းထုတ်ပြန်ချက်တွင် ချမ်းအေးသာစံမြို့နယ် ဒေးဝန်း (အနောက်)ရပ်ကွက်၊ လမ်း(၉၀) ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ရတနာပုံဒေးဝန်းဗလီမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လဆန်းတွင် ဆန်းလက်ဖက်ရည်ဆိုင်မှ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် မီးကွင်းပစ်ခံခဲ့ရသော ဗလီဖြစ်ပြီး ပဋိပက္ခအပြီးတွင် ခွင့်ပြုချက်မရှိဘဲ ပြန်လည်ပြင်ဆင်နေသဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ ကတည်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုချက် မရှိဘဲ လုံးဝ ပြင်ဆင်ခြင်း မပြု တားမြစ်ခဲ့ကြောင်း ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ချမ်းအေးသာစံ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါဝင်သော ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့ ဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ရာ အင်တာနက် စာမျက်နှာများတွင် တွေ့ရှိရသော သတင်းများ တွင် ပါရှိသကဲ့သို့ ပြင်ဆင်နေခြင်း ၊ အသစ်ပြုလုပ်ဆောင်ရွက်ခြင်းများ လုံးဝ (လုံးဝ) မရှိပါဘဲ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရပ်ဆိုင်းထား စဉ်က အတိုင်းပင် ဖြစ်ပါကြောင်း ရေးသား ဖော်ပြထားပါတယ်။
    .
    ၂၀၁၂ ခုနှစ် နောက်ပိုင်း ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် သတင်းအမှားများဖြင့် မွတ်စလင် ဆန့်ကျင်ေ၇း သွေးထိုးလှုံ့ဆော်မှုများကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ထိရောက်စွာ အရေးယူတားဆီးမှု အားနည်းလျက် ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
    .
    မန်းစည်ပင်ရဲ့ သတင်းထုတ်ပြန်ကြေညာချက် Link=>https://www.facebook.com/MCDCIT/posts/802431876520709

    ဗလီခိုးဆောက်သည့်ဟု လုပ်ကြံဝါဒဖြန့်ခဲ့သူများ
    1. https://www.facebook.com/QingMinya2/posts/557587621046663
    2. https://www.facebook.com/permalink.php?story_fbid=1448947215434975&id=100009591311757

  • လာလီဂါအဖွင့်ပွဲ ဘာစီလိုနာ၏ စွမ်းဆောင်ရည်အတွက် နည်းပြအန်းရစ် ချီးကျူး

    လာလီဂါအဖွင့်ပွဲ ဘာစီလိုနာ၏ စွမ်းဆောင်ရည်အတွက် နည်းပြအန်းရစ် ချီးကျူး

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    bac

    – ဘီဘာအိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည့် လာလီဂါအဖွင့်ပွဲစဉ်တွင် မိမိတို့အသင်းမှာ ပြည့်ဝသည့်စွမ်းရည်ကို ပြသခဲ့သည်ဟု ဘာစီလိုနာအသင်းနည်းပြ အန်းရစ်က အသင်းအား ချီးကျူးပြောဆိုလိုက်သည်။

    စပိန်စူပါဖလားတွင် နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဘီဘာအိုအား ယမန်နေ့လာလီဂါ ပွဲစဉ် ၁ တွင် ဘာစီလိုနာက ဆွာရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အန်းရစ်ကမူ အသင်း၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။

    “ကျွန်တော်တို့ရဲ့ လိဂ်ပြိုင်ပွဲကို အဆင့်မြင့်မြင့်နဲ့ စတင်နိုင်ခဲ့ပါတယ်။ သူတို့ အန္တရာယ်မပေးနိုင်အောင်လည်း ကျွန်တော်တို့ တားဆီးခဲ့ပါတယ်။ တစ်ကွင်းလုံးမှာ ကျွန်တော်တို့ တကယ် ပြည့်စုံခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ ကျွန်တော်တို့ ရခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ပြင်းပြင်းထန်ထန်လူကပ်မှုကို ခံစားခဲ့ရပါတယ်” ဟု သတင်းထောက်များအား အန်းရစ်က ပြောကြားခဲ့သည်။

    ဘာကာတိုက်စစ်မှူးနေးမာမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အန်းရစ်ကမူ မိမိအနေဖြင့် ထိုကိစ္စကို မဆွေးနွေးချင်ဟု ဆိုသည်။

    “နေးမာနဲ့ပတ်သက်ပြီး လူတွေနဲ့ အခြားကလပ်အသင်းတွေ ပြောနေတာကို ကျွန်တော်ကြားခဲ့ရပါတယ်။ ကျွန်တော်ဂရုမစိုက်ပါဘူး။ ကောလဟာလတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပြောမှာမဟုတ်ပါဘူး”

    ဘာစီလိုနာ၏ ခါးသီးသောပြိုင်ဘက် ရီးယဲလ်ကမူ အဖွင့်ပွဲစဉ်တွင် တန်းတက် စပို့တင်းဂီဂျွန်အသင်းအပေါ် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင်သောကြောင့် ဂိုးမရှိသရေကျခဲ့သည်။

    Ref: Goal