သြဂုတ် ၂၄၊ ၂၀၁၅
M-Media
– ဘီဘာအိုအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည့် လာလီဂါအဖွင့်ပွဲစဉ်တွင် မိမိတို့အသင်းမှာ ပြည့်ဝသည့်စွမ်းရည်ကို ပြသခဲ့သည်ဟု ဘာစီလိုနာအသင်းနည်းပြ အန်းရစ်က အသင်းအား ချီးကျူးပြောဆိုလိုက်သည်။
စပိန်စူပါဖလားတွင် နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဘီဘာအိုအား ယမန်နေ့လာလီဂါ ပွဲစဉ် ၁ တွင် ဘာစီလိုနာက ဆွာရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အန်းရစ်ကမူ အသင်း၏ စွမ်းဆောင်ရည်အတွက် ကျေနပ်နေသည်။
“ကျွန်တော်တို့ရဲ့ လိဂ်ပြိုင်ပွဲကို အဆင့်မြင့်မြင့်နဲ့ စတင်နိုင်ခဲ့ပါတယ်။ သူတို့ အန္တရာယ်မပေးနိုင်အောင်လည်း ကျွန်တော်တို့ တားဆီးခဲ့ပါတယ်။ တစ်ကွင်းလုံးမှာ ကျွန်တော်တို့ တကယ် ပြည့်စုံခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေ ကျွန်တော်တို့ ရခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ပြင်းပြင်းထန်ထန်လူကပ်မှုကို ခံစားခဲ့ရပါတယ်” ဟု သတင်းထောက်များအား အန်းရစ်က ပြောကြားခဲ့သည်။
ဘာကာတိုက်စစ်မှူးနေးမာမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အန်းရစ်ကမူ မိမိအနေဖြင့် ထိုကိစ္စကို မဆွေးနွေးချင်ဟု ဆိုသည်။
“နေးမာနဲ့ပတ်သက်ပြီး လူတွေနဲ့ အခြားကလပ်အသင်းတွေ ပြောနေတာကို ကျွန်တော်ကြားခဲ့ရပါတယ်။ ကျွန်တော်ဂရုမစိုက်ပါဘူး။ ကောလဟာလတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပြောမှာမဟုတ်ပါဘူး”
ဘာစီလိုနာ၏ ခါးသီးသောပြိုင်ဘက် ရီးယဲလ်ကမူ အဖွင့်ပွဲစဉ်တွင် တန်းတက် စပို့တင်းဂီဂျွန်အသင်းအပေါ် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးများ ရခဲ့သော်လည်း အသုံးမချနိုင်သောကြောင့် ဂိုးမရှိသရေကျခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.