News @ M-Media
Blog
  • သက်တမ်းမတိုးလျှင်လည်း ဝေါလ်ကော့အား မရောင်းဟု ၀င်းဂါးဆို
    သက်တမ်းမတိုးလျှင်လည်း ဝေါလ်ကော့အား မရောင်းဟု ၀င်းဂါးဆို
    မေ ၈၊ ၂၀၁၅
    M-Media
    walcott
    – အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် မအောင်မြင်လျှင်လည်း တိုက်စစ်မှူး သီယိုဝေါလ်ကော့အား ရောင်းချမည်မဟုတ်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    လက်ရှိတစ်ပတ်လုပ်က ပေါင် ၁ သိန်း ရရှိနေသည့် ဝေါလ်ကော့၏ စာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး အာဆင်နယ်မှာ ဝေါလ်ကော့၏ ကိုယ်စားလှယ်များနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
    အသက် ၂၆ နှစ်အရွယ်ရှိ ဝေါလ်ကော့မှာ ယခုနှစ်တွင် ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ခေါ်ယူရန် ဆက်သွယ်နေသည်။
    “ဒီနေ့မှာ (ဝေါလ်ကော့ကိုရောင်းမယ်ဆိုတဲ့) ဆန္ဒမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်က သူ့ကို နေစေချင်လို့ပါ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ စိတ်အားထက်သန်ပါတယ်။ သူလည်း ဒီလိုပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား
    ပြောကြားခဲ့သည်။
    ဝေါလ်ကော့နှင့် ၀င်းဂါးတို့၏ အကြားတွင် မကျေလည်မှုများ ရှိနေသည်ဟု ပြီးခဲ့သည့်မတ်လက သတင်းများ ထွက်ပေါ်ခဲ့ပြီး ဝေါလ်ကော့ကမူ ထိုသတင်းမှာ မဟုတ်ကြောင်း Twitter မှ တစ်ဆင့် ဖြေရှင်းခဲ့သည်။
    Ref: Goal
  • ဗြိတိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ
    ဗြိတိန်ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရ
    မေ ၈၊ ၂၀၁၅
    M-Media
    k
    – ဗြိတိန်၌ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီက ပါလီမန်တွင် အမတ်နေရာ ထက်ဝက်ကျော် ရရှိကာ အနိုင်ရရှိခဲ့သည်ဟု သိရသည်။
    စုစုပေါင်း အမတ်နေရာ ၆၅၀ ရှိရာတွင် ၆၄၆ နေရာအား ရေတွက်ပြီးချိန်၌ ကွန်ဆာဗေးတစ်ပါတီမှ အမတ်နေရာ ၃၂၉ နေရာ ရရှိခဲ့ပြီး၊ ပြိုင်ဘက်လေဘာပါတီက ၂၃၂ နေရာ ရရှိခဲ့သည်။ စုစုပေါင်း အမတ်နေရာ၏ ထက်ဝက်ကျော် ရရှိမှ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်မည်ဖြစ်ပြီး စောစောပိုင်းက ကွန်ဆာဗေးတစ်ပါတီမှာ ထက်ဝက်ကျော် မရနိုင်ဟု ခန့်မှန်းခဲ့ကြသော်လည်း ယခုအခါ ထိုခန့်မှန်းချက်မှာ လွဲချော်သွားခဲ့သည်။
    လေဘာပါတီ ခေါင်းဆောင် အက်ဒ်မီလန်ဘန်နှင့် လစ်ဘရစ်ဒီမိုကရက်တစ်ခေါင်းဆောင် နစ်ကလက်တို့လည်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ အခြားပါတီများတွင် စကော့တစ်ရှ် အမျိုးသားပါတီက အမတ်နေရာ ၅၆ နေရာ၊ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ၈ နေရာ၊ ဒီယူပီ ပါတီက ၈ နေရာ အသီးသီး ရရှိခဲ့သည်။
    ဒေးဗစ်ကင်မရွန်းမှာ အနိုင်ရကြောင်း မိန့်ခွန်းပြောကြားခဲ့ရာ ယခုညမှာ မိမိတို့ ကွန်ဆာဗေးတစ်ပါတီအတွက် ခိုင်မာသည့်ညဖြစ်ကြောင်း၊ အချို့သူများက ရွေးကောက်ပွဲနေ့တွင် သဘောထားအမြင်တစ်ခုသာရှိသည်ဟု ဆိုကြပြီး ထိုပြောစကားမှာ ယနေ့ညထက်ပို၍
    မှန်ကန်သည့်အချိန် ရှိမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကင်မရွန်းမှာ ၀န်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်းသို့ ပြန်သွားပြီဖြစ်သည်။
    Ref: BBC, Aljazeera
  • ဘေးလ်မှာ ဝေဖန်မှုများကို ရင်ဆိုင်ရန် သင်ယူရမည်ဟု နေးမာဆို
    ဘေးလ်မှာ ဝေဖန်မှုများကို ရင်ဆိုင်ရန် သင်ယူရမည်ဟု နေးမာဆို
    မေ ၈၊ ၂၀၁၅
    M-Media
    bale
    – ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်မှာ ကစားသမားကောင်းဖြစ်ပြီး ဝေဖန်မှုများကြားတွင် ရှင်သန်နိုင်ရန် သင်ယူရမည်ဟု ဘာစီလိုနာအသင်း၏ ဘရာဇီလ်းတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ် နွေရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၈၆ သန်းဖြင့် စပါးမှ ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ ရီးယဲလ်တွင် ပုံမှန်ခြေစွမ်း မပြနိုင်ဘဲ ယခုနှစ် ရာသီကုန်တွင် အသင်းမှ ပြန်လည်ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    သို့သော်လည်း နေးမာကမူ ဘေးလ်၏ လက်ရှိအခြေအနေမှာ ထိပ်တန်းကစားသမား ဖြစ်ရခြင်း၏ အနေအထားတွင် ကြုံတွေ့ရပုံမျိုးဖြစ်သည်ဟု ဆိုသည်။
    “ဝေဖန်မှုနဲ့ ဖိအားဆိုတာ ဘောလုံးလောကမှာ ပုံမှန်ရှိတဲ့ အရာမျိုးပါ။ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကျွန်တော်တို့အားလုံး ရင်ဆိုင်ရတာပါပဲ။ အဲဒါတွေနဲ့အတူ ရှင်သန်ဖို့ သင်ယူရပါမယ်။ ဂါရက်ဘေးလ်ဟာ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော် သံသယ မရှိပါဘူး” ဟု နေးမာက ပြောကြားခဲ့သည်။
    ဘေးလ်အား ခေါ်ယူရန်အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းများ ဖြစ်ကြသည့် ချယ်ဆီးနှင့် မန်ယူနှင့် မန်စီးတီးတို့က စိတ်ဝင်စားနေကြသည်။
    နေးမာမှာ ဘာစီလိုနာသို့မရောက်ခင် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ စိတ်ဝင်စားခြင်း ခံခဲ့ရပြီး နေးမာကမူ ပရီးမီးယားလိဂ်သို့ မျက်စပစ်နေတုန်းဟု ဆိုသည်။
    “ကျွန်တော် စောင့်ကြည့်ဖို့နှစ်သက်တဲ့ လိဂ်တစ်ခုပါပဲ။ အသင်းကောင်းတွေရှိတယ်၊ ကစားသမားကောင်းတွေရှိတယ်။ ဒါပေမယ့် ကျွန်တော် အခု ဘာကာမှာ အရမ်းအဆင်ပြေနေပါတယ်။ ကျွန်တော်ဟာ လာလီဂါကို စောင့်ကြည့်ရတာလည်း နှစ်သက်ပါတယ်” ဟု နေးမာ က ပြောကြားခဲ့သည်။
    Ref:Dailmail
  • နီပေါငလျင်အတွက် ရန်ပုံငွေ ၅ ရာခိုင်နှုန်းသာရရှိ
    နီပေါငလျင်အတွက် ရန်ပုံငွေ ၅ ရာခိုင်နှုန်းသာရရှိ
    မေ ၈၊ ၂၀၁၅
    M-Media
    c926ad0416d044479f89dfd9dc7d4de5_18
    – နီပေါငလျင်အတွက် ကုလသမဂ္ဂမှ တောင်းဆိုခဲ့သည့် ရန်ပုံငွေစုစုပေါင်း၏ အနည်းငယ်ကိုသာ ရရှိထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ပြဿနာများက နိုင်ငံတကာမှ အလှူအရှင်များအတွက် မကြုံစဖူး တောင်းဆိုမှုများကို ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂ ပြောကြားလိုက်သည်။
    ကုလမှာ အဖွဲ့ဝင်နိုင်ငံများနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့များထံမှ ပြီးခဲ့သည့်တစ်ပတ်က နီပေါငလျင်အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၄၁၅ သန်း တောင်းခံခဲ့သော်လည်း လက်ရှိအချိန်အထိ ၂၂.၄ သန်းသာ ရရှိထားကာ ၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။
    “အားနည်းတဲ့ တုန့်ပြန်မှုပါပဲ” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ အော်လာ ဖာဂန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် အလှူးရှင်များထံမှ တောင်းဆိုမှု မြင့်မားနေသည့် ဆီးရီးယားနှင့် အီရတ်ရှိ ပဋိပက္ခများကဲ့သို့ နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် ကာလရှည် ပြဿနာများကလည်း အလှူရှင်များ ပြတ်လတ်ရခြင်း အကြောင်းအရင်းဟု မှတ်ယူနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဧပြီလ ၂၅ ရက်နေ့က နီပေါနိုင်ငံမြို့တော် ခတ္တာမန်ဒူတွင် ပြင်းအား ၇.၈ မဂ္ဂနီကျုရှိသော ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ယခုချိန်အထိ လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၂ သောင်းနီးပါးရှိနေကာ အိုးအိမ်ပေါင်း ၃ သိန်းကျော် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။
    ငလျင်အလွန် နီပေါအစိုးရ၏ ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုများမှာလည်း ဝေဖန်မှုများနှင့် ရင်ဆိုပ်နေရပြီး ကျေးလက်ဒေသရှိ ပြည်သူများမှာ ယခုအချိန်အထိ အစိုးရ၏ အကူအညီကို ရရှိခြင်း မရှိသေးပေ။
    ကုလနှင့် အနောက်နိုင်ငံများကမူ အခွန်ကောက်ခြင်း နယ်စပ်ဒေသတွင် ထောက်ပံ့ရေးပစ္စည်းများ စီးဆင်းမှု နှောင့်နှေးခြင်းတို့နှင့် ပတ်သက်၍ နီပေါ အုပ်ချုပ်ရေး ယန္တယားကို ပြစ်တင်ပြောဆိုခဲ့သည်။
    Ref: Aljazeera
  • ပက်ကွီအိုမှာ သရဲဘောကြောင်သူဟု မေ၀ယ်သာခနဲ့
    ပက်ကွီအိုမှာ သရဲဘောကြောင်သူဟု မေ၀ယ်သာခနဲ့
    မေ ၈၊ ၂၀၁၅
    M-Media
    meayweather
    – ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုဟာ သူရဲဘောကြောင်သူတစ်ဦးဖြစ်ပြီး သူနဲ့ နောက်တစ်ခေါက် ထပ်ထိုးမယ်ဆိုတဲ့ သတင်းတွေဟာလည်း မဟုတ်ဘူးလို့ အမေရိကန် နာမည်ကြီးလက်ဝှေ့ကျော် မေ၀ယ်သာက ပြောလိုက်ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ ထိုးခဲ့တဲ့ ရာစုနှစ်ရဲ့အကောင်ဆုံးပွဲမှာ ပက်ကွီအိုကို မေ၀ယ်သာတစ်ယောက် အမှတ်နဲ့ အနိုင်ရခဲ့ပြီး လက်ဝှေ့သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
    နောက်ပိုင်းမှာ ပက်ကွီအိုက သူဟာ လေ့ကျင့်စဉ်အတွင်းမှာ ပုခုံးဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အောင်မြင်စွာခွဲစိတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မေ၀ယ်သာကတော့ ဒီလို ဒဏ်ရာရှိတယ်လို့ ထုတ်ဖော်ပြောကြားမှုအပြီးမှာ ပက်ကွီအိုအပေါ်ထားရှိတဲ့ လေးစားမှုတွေ ပျောက်သွားခဲ့ပြီလို့ ဆိုပါတယ်။
    စနေနေ့မှာ ထုတ်လွှင့်ဖို့ရှိတဲ့ Showtime အစီအစဉ်နဲ့ အင်တာဗျူးမှာ မေ၀ယ်သာက ပက်ကွီအိုဟာ ဆင်ခြေတွေပေးနေတယ်လို့ ခနဲ့ခဲ့ပါတယ်။
    “သူက သိပ်မြန်တယ်။ ဘယ်ဘက်လက်ကလည်း မြန်တယ်။ ညာဘက်လက်ကလည်း မြန်တယ်။ နှစ်ဘက်စလုံးနဲ့ မြန်ဆန်ပြီး ပြင်းထန်တဲ့ လက်သီးတွေ ပစ်သွင်းခဲ့တယ်။ အရေးမပါတာတွေကို ကျွန်တော်လက်မခံပါဘူး။ ပရိတ်သတ်ကိုလည်း လက်မခံစေချင်ပါဘူး။ သူရှုံးခဲ့တယ်။ သူရှုံးတယ်ဆိုတာလည်း သူသိတယ်။ ဒါမျိုးတွေ ဖြစ်လာတဲ့နောက် သူ့ကို လေးစားမှုတွေ ပျောက်ဆုံးသွားပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
    လက်ဝှေ့ပွဲပြီးသွားတဲ့အချိန်တုန်းက မေ၀ယ်သာဟာ သူ့အနေနဲ့ ပက်ကွီအိုဒဏ်ရာတွေ ပျောက်သွားရင် နောက်တစ်ပွဲထပ်ထိုးဖို့ စီစဉ်မယ်လို့ ESPN က ရုပ်သံကြေညာသူတစ်ဦးကို မက်ဆေ့ခ်ျ ပေးပို့ခဲ့ပါတယ်။
    ဒါပေမယ့် မေ၀ယ်သာက စက်တင်ဘာမှာဖြစ်မယ့် သူ့ရဲ့နောက်ဆုံးထိုးပွဲဟာ ပက်ကွီအိုနဲ့ မဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။
    “သူ့နဲ့ နောက်တစ်ခေါက်ထပ်ထိုးမယ်လို့ ကျွန်တော် စတီဖင် အေ စမစ်ကို မက်ဆေ့ပို့ခဲ့တာလား။ အခု ကျွန်တော် စိတ်ပြောင်းသွားပါပြီ။ ဒီအချိန်မှာ လုံးဝပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူက အမှတ်နဲ့ အရှုံးသမားဖြစ်ပြီး သရဲဘောကြောင်သူတစ်ဦး ဖြစ်လို့ပါပဲ။ တကယ်လို့ ခင်ဗျားရှုံးရင် အရှုံးကိုလက်ခံလိုက်။ “မေ၀ယ်သာရေ… မင်းကတော့ ပိုကောင်းတဲ့ လက်ဝှေ့သမား”လို့ ပြောလိုက်” ဒါပါပဲ”
    Ref: Dialymail