News @ M-Media

Blog

  • အကောင်းဆုံး အရှုံးသမား အာဆင်နယ်၊ ဘာစီလိုနာတို့ သက်သေပြနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များ

    အကောင်းဆုံး အရှုံးသမား အာဆင်နယ်၊ ဘာစီလိုနာတို့ သက်သေပြနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များ

    မတ် ၁၉၊ ၂၀၁၅
    M-Media

    2223544_w2

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာကစားခဲ့ပြီး လက်ကျန် အင်္ဂလိပ် ၂ သင်း ဒီအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

    မိုနာကို ၀-၂ အာဆင်နယ် (နှစ်ကျော့ပေါင်း ၃ ဂိုးစီသရေဖြစ်နေသော်လည်း အဝေးဂိုးဖြင့် မိုနာကို နောက်တစ်ဆင့်တက်)

    ပထမအကျော့ အီမရိတ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ ၃ ဂိုးပြတ်နဲ့အနိုင်ရဖို့လိုနေတဲ့ အဆင်နယ်တို့ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး မိုနာကို ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျရူးနဲ့ ရမ်ဆေးတို့က ၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ကံတရားရဲ့ ဖေးမမှု မရရှိခဲ့တာကြောင့် အာဆင်နယ်တို့ ငါးနှစ်ဆက်တိုက် ဒီအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။ နောက်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ပထမအကျော့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့ အသင်း ပြိုင်ပွဲကနေ မထွက်ရတဲ့ အစဉ်အလာကလည်း ဆက်ပြီး တည်တံ့နေခဲ့ပါတယ်။ မိုနာကိုကတော့ ၂၀၀၃/၂၀၀၄ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အက်သလက်တီကို ၁-၀ လေဗာကူဆင် (နှစ်ကျော့ပေါင်ရလဒ် ၁ ဂိုးစီဖြစ်နေ၊ ပယ်နယ်တီဖြင့် အက်သလက်တီိကို နောက်တစ်ဆင့်တက်)

    ပထအကျော့မှာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးထားတဲ့ အက်သလက်တီကိုတို့ ပထမပိုင်း ၂၇ မိနစ်မှာပ မာရီယိုဆွာရက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဂိုးရဖို့အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် နောက်ထပ်ဂိုး ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပိုအထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မနှစ်က ဒုတိယရခဲ့တဲ့ အက်သလက်တီကိုတို့ရဲ့ သမ္ဘာက စကားပြောသွားပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နောက်တစ်ဆင့်တက်စေမယ့် ပယ်နယ်တီကိုတော့ ချယ်ဆီးက ပြန်ပြောင်းလာတိုက် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    ဒေါ့မွန် ၀-၃ ဂျူဗင်တပ်စ် (နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးဖြင့် ဂျူဗင်တပ်စ် နောက်တစ်ဆင့်တက်)

    အဝေးကွင်းဖြစ်ပေမယ့် ဂျူဗင်တပ်စ်တို့ကတော့ သက်တောင့်သက်သာနဲ့ပဲ အနိုင်ကစားခဲ့ပြီး ၃ နှစ်အတွင်း ကွာတားဖိုင်နယ်ကို ဒုတိယအကြိမ်မြောက် တက်ရောက်လာနိုင်ခဲ့ပါတယ်။ ပထမအကျော့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားထားတဲ့ ဂျူဗင်တပ်စ်အတွက် တီဗက်ဇ်က ၃ မိနစ်မှာပဲ ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့တာကြောင့် အခြေအနေက ပိုကောင်းသွားခဲ့တာပါ။ ဒေါ့မွန်တို့ကတော့ ပွဲကို စိုးမိုးဖို့ကြိုးစားပေမယ့် ဂျူဗင်တပ်စ်နောက်တန်းကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ မိနစ် ၇၀ နဲ့ ၇၉ မိနစ်တို့မှာ မိုရာတာနဲ့ တီဗက်ဇ်တို့က တစ်ဂိုးစီ ထပ်သွင်းခဲ့တာကြောင့် ရလဒ်ဟာ ပြတ်ပြတ်သားသား ဖြစ်ခဲ့ပါတယ်။

    ဘာစီလိုနာ ၁-၀ မန်စီးတီး (နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် ဘာစီလိုနာ နောက်တစ်ဆင့်တက်)

    ပထမအကျော့ အင်္ဂလန်မြေမှာ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ထားတဲ့ ဘာစီလိုနာတို့ ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်းဆိုတာကို သက်သေပြနိုင်တဲ့ပွဲပါ။ ဒါတောင် ဂိုးပေါက်ကန်သွင်းခွင့် ၁၁ ကြိမ်လောက်ရခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် မသေချာမှုကြောင့် ၁ ဂိုး တည်းနဲ့ ကျေနပ်ခဲ့ရတာပါ။ ဘာစီလိုနာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၃၁ မိနစ်မှာ ရာကီတစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာတို့ ၈ နှစ်ဆက်တိုက် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးတို့ကတော့ သမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်မယ့် အိပ်မက်တွေ ပျက်ပြယ်ခဲ့ရပါတယ်။

    ချယ်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကိုတော့ မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။

  • ခရိုင်းမီးယားအား သိမ်းပိုက်သည့် တစ်နှစ်ပြည့်အခမ်းအနား ရုရှားပြုလုပ်

    ခရိုင်းမီးယားအား သိမ်းပိုက်သည့် တစ်နှစ်ပြည့်အခမ်းအနား ရုရှားပြုလုပ်

    မတ် ၁၈၊ ၂၀၁၅
    M-Media

    crimea-anniversary

    – ရုရှားလိုလားသည့် သမ္မတ ယာနူကိုဗစ်ခ်ျ ပြုတ်ကျပြီးနောက်ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်ခဲ့မှု တစ်နှစ်ပြည့်အခမ်းအနားကို ရုရှားအစိုးရ၏ စီစဉ်မှုဖြင့် ခရိုင်းမီးယားရှိ အဓိက မြို့များနှင့် ရုရှားနိုင်ငံတို့တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်နှစ် အစောပိုင်း သမ္မတ ယာနူကိုဗစ်ခ်ျပြုတ်ကျပြီးနောက် ရုရှားစကားပြောသူ အများစုရှိသည့် ခရိုင်းမီးယားကျွန်းဆွယ်မှာ မတည်မငြိမ်ဖြစ်လာခဲ့ပြီး ဖေဖော်ဝါရီလအတွင်း လက်မောင်းတံဆိပ်မတပ်ထားသည့် တပ်ဖွဲ့ဝင်များက ကျွန်းဆွယ်အတွင်းသို့ ၀င်ရောက်၍ လေဆိပ်၊ မြို့တော်များနှင့် ယူကရိန်း စစ်အခြေစိုက်စခန်းများ အပါအ၀င် အချက်အခြာကျသည့် ရောများကို သိမ်းပိုက်ခဲ့သည်။

    ထို့နောက် ကျွန်းဆွယ်အား ယူကရိန်းမှ ခွဲထွက်၍ ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဒေသခံများက ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ်ပြီး ရုရှားက တရားဝင်သိမ်းပိုက်ခဲ့သည်။

    သိမ်းပိုက်ခြင်း တစ်နှစ်တာပြည့်မြောက်ပြီးနောက် ရုရှားအစိုးရက ယခင်ရုရှားပိုင်ဒေသမှာ ရုရှားလက်အောက်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး စစ်ရေးပြအခမ်းနားမှ ပျော်ပွဲရွှင်ပွဲများအထိ အခမ်းအနားပေါင်းများစွာကို ခရိုင်းမီးယားနှင့် ရုရှားတို့တွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။

    “ခရိုင်းမီးယားဟာ ရုရှားနဲ့ ပြန်ပေါင်းတာ မှန်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မတို့လို့ ရုရှားတွေဟာ အဲဒီမှာနေပြီး သူတို့ဟာ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ဖို့ လိုအပ်ပါတယ်ဟု မော်စကိုပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

    အခြားတစ်ဦးကလည်း ခရိုင်းမီးယားဒေသ ရုရှားသို့ဝင်ရောက်ခြင်းမှာ ရုရှားပြည်သူများသာမက ခရိုင်းမီးယားရှိ ရုရှားစကားပြောသူများ အတွက်ပင် ကြီးမားသည့် အခမ်းအနားဖြစ်ကြောင်း၊ ခရိုင်းမီယားကို နှစ်ပေါင်း ၂၀၀ ခန့် မိမိတို့က ပိုင်ဆိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သိမ်းပိုက်မှုကြောင့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများနှင့် ရုရှားတို့၏ ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အဆိုးဝါးဆုံးဖြစ်ခဲ့ပြီး ရုရှားမှာ ထိုနိုင်ငံများ၏ ပိတ်ဆို့မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

    Ref: Channelnewsasia

  • နျူအရေး နည်းပညာဆိုင်ရာကိစ္စ ၉၀ ရာခိုင်နှုန်းဖြေရှင်းပြီးဟု အီရန်ဆို

    နျူအရေး နည်းပညာဆိုင်ရာကိစ္စ ၉၀ ရာခိုင်နှုန်းဖြေရှင်းပြီးဟု အီရန်ဆို

    မတ် ၁၈၊ ၂၀၁၅
    M-Media

    Iran-says-90-of-technical-issues-solved-in-nuclear-talks_muscatdaily

    – မိမိတို့နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူအရေး ဆွေးနွေးမှုအတွင်း နည်းပညာပိုင်းဆိုင်ရာကိစ္စရပ် အားလုံးနီးပါးကို ဖြေရှင်းနိုင်ခဲ့ပြီဟု အီရန်က ပြောကြားလိုက်သည်။

    “နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ် ၉၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ သဘောတူညီခဲ့ပါပြီ။ ကိစ္စရပ်အများစုမှာ ကျွန်တော်တို့ဟာ အပြန်အလှန်သဘောတူညီချက်တွေရခဲ့ပြီး အဓိကပြဿနာတစ်ခုမှာပဲ မတူညီမှုတွေရှိနေကာ ဒီညနေ့ ဆွေးနွေးမှုမှာ ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားသွားပါမယ်” ဟု အီရန် နျူကလီးယားအကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီ၏ ပြောကြားမှုကို နိုင်ငံပိုင်ရုပ်သံဌာနက ဖော်ပြခဲ့သည်။

    မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးအဖြစ် သတ်မှတ်ထားသည့် လက်ရှိဆွေးနွေးမှုကို ဆွဇ်လန်နိုင်ငံတွင် ကျင်းပပြုလုပ်နေပြီး နောက်ဆုံးအဆင့် ဆွေးနွေးပွဲကို ဇူလိုက်လတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ မိမိတို့ဆွေးနွေးမှုမှ ရက်ပိုင်းအတွင်း ကြားဖြတ်သဘောတူညီချက် ရနိုင်ဖွယ်ရှိနေသည်ဟု ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

    နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးနှင့်ပတ်သက်သည့် အမည်မဖေါ်လိုသော တာဝန်ရှိသူတစ်ဦးကမူ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ခက်ခဲသည့် ပြဿနာအချို့ကို ဖြေရှင်းရန် ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အီရန်မှာ ၎င်းတို့၏ နျူးကလီးယား ရည်ရွယ်ချက်မှာ စွမ်းအင်ထုတ်လုပ်ရန်နှင့် အရပ်ဘက်တွင် အသုံးပြုရန် ဖြစ်သည်ဟု ပြောဆိုထားသော်လည်း အနောက်နိုင်ငံများကမူ နျူကလီးယားဗုံးထုတ်လုပ်ရန်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်မှာ တစ်နှစ်အတွင်း နျူကလီးယားဗုံးထုတ်လုပ်နိုင်တော့မည်ဟု ထွင်လုံးထုတ် ပြောဆိုခဲ့ဖူးသည်။

    Ref: Channelnewsasia

  • ချန်ပီယံလိဂ်ညမျိုးအတွက် အက်သလက်တီကိုသို့ ပြန်လာခဲ့သည်ဟု တောရက်စ်ဖွင့်ဟ

    ချန်ပီယံလိဂ်ညမျိုးအတွက် အက်သလက်တီကိုသို့ ပြန်လာခဲ့သည်ဟု တောရက်စ်ဖွင့်ဟ

    မတ် ၁၈၊ ၂၀၁၅
    M-Media

    1103732_heroa (1)

    – မိမိအနေဖြင့် အက်သလက်တီကိုမက်ဒရစ်သို့ ပြန်လာခြင်းမှာ ယနေ့နံနက် ကစားခဲ့သည့်ပွဲမျိုးအတွက် ဖြစ်သည်ဟု တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့က ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည် အက်သလက်တီကိုမှာ ယနေ့နံနက် ဒုတိယအကျော့တွင် ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုးစီသရေဖြစ်နေသောကြောင့် အချိန်ပို ဆက်ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ပင်နယ်တီကန်ခဲ့ရာ အက်သလက်တီကိုက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အနိုင်ရရှိမည့် ပင်နယ်တီကို တောရက်စ်က သွင်းယူပေးခဲ့ပြီး အသင်းအား ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့သည်။

    ထိုပွဲတွင် ဒုတိယပိုင်းမှ လူစားဝင်ရောက်လာသည့် တောရက်စ်ကမူ ထိုပွဲ၏ ရန်ခုန်လှိုက်မောဖွယ်ရာကောင်းသည့် အခြေအနေမျိုးက အက်သလက်တီကိုမက်ဒရစ်သို့ ပြန်လည်ပြောင်းရွှေ့လာခြင်း၏ အဓိက ဆွဲဆောင်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပွဲအစကနေ အဆုံးအထိ ပရိတ်သတ်တွေ ရွှင်မြူးနေတာကိုမြင်ရတာ ကျွန်တော်ပျော်ပါတယ်။ ကယ်လ်ဒါရွန်ကွင်းကြီးထဲက ဒီလိုညမျိုးတွေမှာ ကျွန်တော် ထပ်ပြီး သက်ဝင်လှုပ်ရှားချင်ပါတယ်” ဟု တောရက်စ်က ပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။

    ဂျာမန်ကလပ် လေဗာကူဆင်အသင်းမှာ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ် ဒုတိယ ရရှိခဲ့သည့် အက်သလက်တီကိုအား ဒုက္ခပေးနိုင်ခဲ့ပြီး တောရက်စ်ကလည်း ပြိုင်ဘက်အသင်းကို ချီးကျူးခဲ့သည်။

    “လူတွေထင်သလောက် မလွယ်ပါဘူး။ ကျွန်တော်တို့ တော်တော်လေးခံစားခဲ့ရပြီး ဒါက ကျွန်တော်တို့ကို ပိုပြီး သတိဝိရိယ ရှိစေပါတယ်။ သူတို့ ပွဲကို စိုးမိုးဖို့ကြိုးစားလာတဲ့အခါ ကျွန်တော်တို့က ပြန်ထိန်းချုပ်ခဲ့ရပါတယ်။ ပင်နယ်တီထိ ရောက်လာတဲ့အခါမှာတော့ အဆုံးသတ်ပိုကောင်းတဲ့သူက အနိုင်ရခဲ့တာပါပဲ”

    Ref: Goal.com

  • ဆီးရီးယား၏ ဓာတုလက်နက်အသုံးပြုမှုမှာ စစ်ရာဇ၀တ်မှု အထောက်အထားဟု လူ့အခွင့်အရေးအဖွဲ့ပြော

    ဆီးရီးယား၏ ဓာတုလက်နက်အသုံးပြုမှုမှာ စစ်ရာဇ၀တ်မှု အထောက်အထားဟု လူ့အခွင့်အရေးအဖွဲ့ပြော

    မတ် ၁၈၊ ၂၀၁၅
    M-Media

    chlorine-syria_2920759b

    – သူပုန်များကြီးစိုးရာ အစ်ဒလစ်ဘ်ပြည်နယ်တွင် ဆီးရီးယားအစိုးရက ကလိုရင်းဓာတ်ငွေ့အသုံးပြုတိုက်ခိုက်ခြင်းမှာ စစ်ရာဇ၀တ်မှုကျူးလွန်သည့် နောက်ထပ် အထောက်အထားဖြစ်သည်ဟု နိုင်ငံတာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး အစ်ဒလစ်ဘ်တွင် ဆီးရီးယားအစိုးရမှ ကလိုရင်းဓာတ်ငွေ့ဟု ယူဆရသည့် လက်နက်ဖြင့် တိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါအ၀င် မိသားစု တစ်ခုလုံးမှာ ဆိုးရွားသည့် သေဆုံးခြင်းကို ခံစားခဲ့ရကာ ဆီးရီးယားအစိုးရတပ်များမှာ စစ်ရာဇ၀တ်မှုကို အထိန်းအကွပ်မဲ့စွာ ကျူးလွန်နေသည်ဟု Amnesty International မှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ အစီအစဉ်ဒါရိုက်တာဖြစ်သူ ဖိလစ်လူသာက ဆိုသည်။

    “ဆီးရီးယားက အခြေအနေကို အရေးကြီးတဲ့ကိစ္စအဖြစ် နိုင်ငံတကာရာဇ၀တ်ခုံရုံးကို မဖြစ်မနေ လွှဲပြောင်းပေးရပါမယ်”

    အစ်ဒလစ်ဘ်အရှေ့တောင်ပိုင်း ဆာရ်မင်မြို့သို့ ဆီးရီးယားအစိုးရက အမြောက်ဖြင့် ပစ်ခတ်မှုတွင် ကလေးငယ် ၃ ဦး မိခင်၊ ဖခင်နှင့် အဘွားဖြစ်သူတို့မှာ အသက်ရှူကြပ်၍ သေဆုံးခဲ့ကြပြီး ဆရာဝန်များကမူ ထိုသို့သေဆုံးခြင်းက ဓာတ်ငွေ့ကြောင့်ဖြစ်သည်ကို ပြသနေပြီး အမြောက်ဆံမှ ထုတ်လွှတ်ပေးသော ကလိုရင်းဓာတ်ငွေ့ကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့ကြောင်း Syrian Observatory for Human Rights က ဆိုသည်။

    ဆီးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ ထိုသို့ တိုက်ခိုက်မှုများမရှိဟု ငြင်းဆိုခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက IS အဖွဲ့သားများအား ပစ်မှတ်ထား၍ ရက်ကာမြို့၌ ဆီးရီးယားအစိုးရ၏ တိုက်ခိုက်မှုအတွင်း အရပ်သား ၁၀၀ ခန့် သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုကိုလည်း Amnesty က အကြင်နာမဲ့သော တိုက်ခိုက်မှုအဖြစ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ကာ မိမိတို့အနေဖြင့် စစ်ရာဇ၀တ်မှု၏ အချက်အလက်တိုင်းကို ကောက်ယူနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazaeeraေ