News @ M-Media

Blog

  • ဘရာဇီးလ်သမ္မတ နှုတ်ထွက်ရန် ပြည်သူများ ဆန္ဒပြ

    ဘရာဇီးလ်သမ္မတ နှုတ်ထွက်ရန် ပြည်သူများ ဆန္ဒပြ

    မတ် ၁၆၊ ၂၀၁၅
    M-Media

    Demonstrators attend a protest against Brazil's President Dilma Rousseff in Manaus

    – တိုင်းပြည်၏ စီးပွားရေး ယိုင်နဲ့မှုအား မကျေနပ်သည့်အချိန်တွင် ချစားမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာသောကြောင့် ဘရာဇီးလ်၏ အမျိုးသမီးသမ္မတ ဒီလ်မာ ရူးဆက်ဖ်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဘရာဇီးလ်ပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    မြို့တော် ရီယို ဒီဂျနေရိုးအပါအ၀င် နိုင်ငံတစ်ဝှမ်း မြို့ကြီးများ၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် စုစုပေါင်း လူ ၁ သန်းခန့် ပါဝင်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းတွက်ချက်ခဲ့သည်။ တိုင်းပြည်၏ စီးပွားရေး ကျဆင်းမှုအား ထိထိရောက်ရောက် မဖြေရှင်းနိုင်သည့်အတွက် ပြည်သူများက မနှစ်မြို့နေချိန်တွင် နိုင်ငံပိုင် ပက်ထရိုဘရက်စ် ကုမ္ပဏီနှင့် ချစစားမှုများ ရှိခဲ့သည်ဆိုသည့် ကောလဟာလများက ထိုကဲ့သို့ ဆန္ဒပြမှုများအထိ ဦးတည်စေခဲ့ခြင်းဖြစ်သည်။

    ဆန္ဒပြပြည်သူများကမူ ရူးဆက်ဖ်အား တရားစွဲဆိုရန် တောင်းဆိုခဲ့ကြပြီး၊ ရာထူးမှနှုတ်ထွက်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။ ထို့ပြင် ဆန္ဒပြသူအချို့ကမူ အလုပ်သမားပါတီ၏ ၁၂ နှစ် ကြာ အာဏာဆုပ်ကိုင်ထားမှုကို အဆုံးသတ်ရေးအတွက် စစ်တပ်က ကြားဝင်ရန် တိုက်တွန်းခဲ့ကြသည်။

    ရူးဆက်ဖ်မှာ ပြီးခဲ့သည့် ၂၀၁၄ နှစ်ကုန်ပိုင်းကမှ ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရခဲ့ကာ ၎င်း၏ သမ္မတ ဒုတိယသက်တမ်းကို ထမ်းဆောင်နေခြင်း ဖြစ်သည်။

    ပက်ထရိုဘရက်စ်ကုမ္ပဏီနှင့် ချစားမှုပြဿနာအတွက် ရူးဆက်ဖ်၏ မဟာမိတ်များအပါအ၀င် နိုင်ငံရေးသမားများ၊ ပက်ထရိုဘရက်စ်ကုမ္ပဏီမှ အမှုဆောင်များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ သို့သော်လည်း မည်သူ့ကိုမှ စွဲချက်တင်ထားခြင်း မရှိချေ။ အချို့ကမူ ထိုချစားမှုပြဿနာမှာ ရူးဆက်ဖ်က ပက်ထရိုဘရက်စ်ဘုတ်အဖွဲ့၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
    ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • မိုနာကိုကွင်းတွင် ထူးခြားမှုတစ်ခုခု လုပ်ပြချင်သည်ဟု အာဆင်ဝင်းဂါးဆို

    မိုနာကိုကွင်းတွင် ထူးခြားမှုတစ်ခုခု လုပ်ပြချင်သည်ဟု အာဆင်ဝင်းဂါးဆို

    မတ် ၁၆၊ ၂၀၁၅
    M-Media

    1042012_heroa

    – ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ မိုနာကိုနှင့်ကစားစဉ် ပြုလုပ်ခဲ့သည့် မိမိတို့အမှားအား လက်စားချေရန်အတွက် ရှိနေပြီး ဒုတိယအကျော့တွင် ထူးခြားမှုတစ်ခုခုကို လုပ်ပြချင်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အိမ်ကွင်းအီမရိတ်တွင် ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့် အာဆင်နယ်အသင်းမှာ ယခုတစ်ပါတ်အတွင်း အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး နောက်တစ်ဆင့်တက်ရန်အတွက် နည်းဆုံး ၃ ဂိုး သွင်းရမည်ဖြစ်သည်။

    အာဆင်ဝင်းဂါကမူ မိုနာကိုတွင် ထူးခြားမှုတစ်ခုခု လုပ်ပြန်ရန် စိတ်ထက်သန်နေပြီး ၎င်းတို့အား ရဲရင့်သော အရှုံးသမားများအဖြစ် သတ်မှတ်ခြင်းကိုလည်း ပယ်ချခဲ့သည်။

    “အဲဒါ(အရှုံး) ကို လိုချင်တာမဟုတ်ပါဘူး။ လိုချင်တာက နောက်တစ်ဆင့်တက်ဖို့ပါ။ ကျွန်တော်တို့ ပထမပွဲမှာ မှားယွင်းခဲ့ပါတယ်။ ဘ၀မှာ လိုချင်တာက ပြန်ပြင်ဖို့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့မှာ ပြန်ပြင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါအတွက် အရာအားလုံးကို ပေးဆပ်ဖို့ ကျွန်တော်တို့ အဆင်သင့် ရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် မိုနာကိုအသင်းက နောက်တစ်ဆင့်တက်ရန် ရေပန်းစားနေပြီး ၀င်းဂါးကမူ မိမိတို့အနေဖြင့် ထူးခြားမှုတစ်ခုခုကို ဖန်တီးနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရန်လည်း ဆန္ဒရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ဒိန်းမတ်ရှိ ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့ ညီညွတ်ကြောင်းပြသ

    ဒိန်းမတ်ရှိ ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့ ညီညွတ်ကြောင်းပြသ

    မတ် ၁၆၊ ၂၀၁၅
    M-Media

    15-3-15_Muslim-Peace-Ring-Circles-Danish-Synagogue

    – ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း ခန္တီတရားထားရှိသည်ဆိုသော သတင်းစကားပေးရန် ရည်ရွယ်၍ကိုပင်ဟေဂင်မြို့ရှိ ဂျူးဘုရားကျောင်းတစ်ဝိုက်တွက် ညီညွတ်ရေးလှုပ်ရှားမှုတစ်ခုကို စနေနေ့က ပြုလုပ်ခဲ့ကြပြီး ရာပေါင်းများစွာသော မွတ်စလင်၊ ခရစ်ယာန်နှင့် ဂျူးပြည်သူများက လက်ချင်းတွဲကာ ဘုရားကျောင်းအား ၀န်းရံခဲ့ကြသည်ဟု သိရသည်။

    “ဒိန်းမတ်မှာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ကျွန်တော်တို့ လိုချင်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ အချက်ပြမှုတစ်ခုကို ကျွန်တော်တို့ ပေးချင်ပါတယ်” ဟု အဆိုပါ လှုပ်ရှားမှုကို စီစဉ်ခဲ့သည့် မွတ်စလင် နီဒဲလ် အလ်-ဂျဘာရ်က ပြောကြားခဲ့သည်။

    ကိုပင်ဟေဂင်မြို့လယ်ကောင်တွင်ရှိပြီး Krystalgade ဟုအမည်ရသည့် ဂျူးဘုရားကျောင်းတွင် ပြုလုပ်ခဲ့သော အဆိုပါလှုပ်ရှားမှုမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဘုရားကျောင်းအနီး တိုက်ခိုက်ခံရမှုကို တုံပြန့်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒိန်းမတ်ရှိ ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင် ထောင်ကျော် တက်ရောက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုအတွင်း ဂျူးလုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဒန်အူဇန်မှာ သေဆုံးခဲ့သည်။

    ထို့ပြင် အဆိုပါလှုပ်ရှားမှုမှာ မိမိတို့တိုင်းပြည်အတွင်း စည်းလုံးညီညွတ်မှုကို ပြသရန်နှင့် ဂျူများမှာ ၎င်းတို့၏ အယူဝါဒကို ငြိမ်းချမ်းစွာ လိုက်နာကျင့်သုံးနိုင်ရမည်ဟူသည့် သတင်းစကားကိုပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဂျဘာရ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုကို ပြသရန် စီစဉ်ခဲ့သည့် ထိုလှုပ်ရှားမှုအတွက် တိုက်ခိုက်မှုအတွင်း ထိခိုက်ခဲ့ရသူများ၏ မိသားစုဝင်များကလည်း မွတ်စလင်များကို ချီးကျူးခဲ့သည်။

    “လူ့သားဝါဒနဲ့ ဒီမိုကရေစီအတွက် မျှော်လင့်ချက်ရှိနေပါတယ်” ဟု ဒန်အူဇန်၏ ဖခင်ဖြစ်သူ ဆာဂျီယော့တ် အူဇန်က ပြောကြားခဲ့သည်။

    ထိုလှုပ်ရှားမှုအတွင်း ဒိန်းမတ်၏ အကြီးဆုံး ဂျူးဘုန်းတော်ကြီး ဘန့် မဲလ်ကွိုင်ယာ၊ စီးပွားရေးဝန်ကြီး မော်တန် အော့စ်တာဂါဒ်၊ ပညာရေးဝန်ကြီး ဆိုဖီ ကာဆတန်-နီလ်ဆင်နှင့် နာမည်ကြီးကဗျာဆရာ ယာယာဟူစိန် စသည့် ထင်ရှားကျော်ကြားသူအချို့လည်း တက်ရောက်ခဲ့ကြသည်။

    စနေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ရေးအတွက် ဒိန်းမတ်မွတ်စလင်များ၏ ပထမဆုံးဆောင်ရွက်သည့် လှုပ်ရှားမှုမဟုတ်ပေ။

    အခြားဒိန်းမတ်မွတ်စလင် အဖွဲ့တစ်ဖွဲ့ကလည်း ကိုပင်ဟေဂင်ရှိ မြို့တော်ခန်းမတွင် ငြိမ်းရေးဆုတောင်းပွဲတစ်ခုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ဖေဖော်ဝါရီလ အစောပိုင်းကလည်း အော်စလိုမြို့ရှိ ဂျူးဘုရားကျောင်းတစ်ခုတွင် မွတ်စလင်လူငယ်များက ငြိမ်းချမ်းရေးဂိုဏ်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံအတွင်းရှိ လူနည်းစုဂျူးများ၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဂျူးလူ့အဖွဲ့အစည်းအား ကာကွယ်သည့် သရုပ်သကန်ကို ဖော်ပြသည့်အနေဖြင့် မွတ်စလင်များက လက်ချင်းချိတ်ကာ အဆိုပါ ဂျူးဘုရားကျောင်းကို ၀န်းရံခဲ့ကြသည်။ အော်စလိုတွင် ပြုလုပ်ခဲ့သည့် ထိုအခမ်းအနားသို့ ဒိန်းမတ် မွတ်စလင် ၁၀၀၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြသည်။

    အစ္စလာမ်သာသနာမှာ လူသာရင် ပရိုက်တက်စတင့် ခရစ်ယာန် အသင်းတော်ပြီးလျှင် ဒိန်းမတ်နိုင်ငံ၌ ဒုတိယ ယုံကြည်ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး နိုင်ငံလူဦးရေ ၅.၄ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူမှာ ၃ ရာခိုင်နှုန်း ရှိလေသည်။

    Ref: Onislam

  • အီရန်နျူအရေး ကြားဖြတ်သဘောတူညီချက်တစ်ခု ရက်ပိုင်းအတွင်း ရနိုင်ဖွယ်ရှိနေ

    အီရန်နျူအရေး ကြားဖြတ်သဘောတူညီချက်တစ်ခု ရက်ပိုင်းအတွင်း ရနိုင်ဖွယ်ရှိနေ

    မတ် ၁၅၊ ၂၀၁၅
    M-Media

    U.S. Secretary of State Kerry speaks at a news conference in Sharm el-Sheikh

    – အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက် ဆောင်ရွက်သည်ကို ပြသနိုင်ပါက လာမည့်ရက်ပိုင်းအတွင်း ကြားဖြတ်သဘောတူညီချက်တစ်ခု ရကောင်းရနိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဆွဇ်လန်နိုင်ငံ လူဆန်နီမြို့တွင် ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုနှစ်လကုန် ပထမအဆင့်ဆွေးနွေးပွဲ နောက်ဆုံးရက် မတိုင်မီ မူဘောင်သဘောတူညီချက်တစ်ခု ရရှိရေး ဖြစ်နိုင်ချေနှင့်ပတ်သက်၍ ဂျွန်ကယ်ရီက တက်ကြွနေသည်။ နောက်ဆုံး သဘောတူညီချက်ကိုမူ ဇွန်လ ၃၀ ရက်နေ့မတိုင်မီ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

    သဘောတူညီချက် ရရှိခဲ့ပါက အီရန်၏ ထိလွယ်ရှလွယ်ဆုံးဖြစ်သော နျူကလီးယား လှုပ်ရှားမှုများကို အနည်းဆုံး ၁၀ နှစ်အထိ ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံများကလည်း အီရန်အပေါ် ပိတ်ဆို့ထားမှုများကို တစ်ဖြည်းဖြည်း ဖြေလျှော့ပေးမည်ဖြစ်သည်။

    “ဧပြီ၊ မေ ဒါမှမဟုတ် ဇွန်လ အတွင်းမှာ (မကောင်းတဲ့) အပြောင်းအလဲတွေဖြစ်ဖို့ ဘာမှမရှိဘူးလို့ ကျွန်တော်တို့ တကယ့်ကို ယုံကြည်ပါတယ်။ ဒါဟာ အခုအချိန်မှာ ကျွန်တော်တို့ မချနိုင်တဲ့ ဆုံးဖြတ်ချက်ကို အဲဒီအချိန်ကျရင် ချရမယ်ဆိုတာ ပြသနေတာပါပဲ။ တကယ်လို့ ငြိမ်းချမ်းမယ်ဆိုရင် လုပ်ကြရအောင်ပါ။ ပြီးတော့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်က လာမည့် ရက်တွေအတွင်းမှာ (သဘောတူညီချက်) ရကောင်းရနိုင်မယ် ဆိုတာပါပဲ” ဟု ကယ်ရီက CBS သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အီရန်နှင့် အမေရိကန် အပါအ၀င် အင်အားကြီး ၆ နိုင်ငံတို့ ပြုလုပ်နေသည့် နျူအရေး ဆွေးနွေးပွဲမှ သဘောတူညီချက်ကို အိုဘားမားအလွန် အမေရိကန်အစိုးရသစ်တွင် ပယ်ဖျက်သွားနိုင်သည်ဟု အမေရိကန် အထက်လွှတ်တော်ရှိ ရီပက်ဘလစ်ကန်အမတ်များက ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းတွင် အီရန်အား စာပို့ထားသည်။

    ကယ်ရီကမူ ထိုစာအား ရှုတ်ချခဲ့ကာ နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုကို တိုက်ရိုက် ၀င်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟုဆိုပြီး သဘောတူညီချက်ရရေး ကြိုးပမ်းမှုကို ထိခိုက်စေနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ရုန်းကန်ရမှုများက စွမ်းရည်တိုးတက်စေသည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူဆို

    ရုန်းကန်ရမှုများက စွမ်းရည်တိုးတက်စေသည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူဆို

    မတ် ၁၅၊ ၂၀၁၅
    M-Media

    977042_heroa

    – မိမိအနေဖြင့် လက်ရှိအချိန်တွင် ရုန်းကန်နေရသော်လည်း ထိုရုန်းကန်ရမှုများက အဖိုးတန်သည့် အတွေ့အကြုံများနှင့် တိုးတက်မှုများကို ရရှိစေသည်ဟု အဲဗာတန်တိုက်စစ်မှူး လူကာကူက ပြောကြားလိုကသည်။

    ရာသီအစ ချယ်ဆီးမှ အငှားဖြင့်ရောက်လာကာ အံ့သြဖွယ်ခြေစွမ်းများကို ပြသခဲ့သည့် လူကာကူမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီးကတည်းက ခြေစွမ်းပြနိုင်ခြင်း မရှိတော့ပေ။

    “ဒီရာသီဟာ အဓိကလူ ဘယ်လိုမျိုးဖြစ်ရမယ်ဆိုတာကို ခံစားနားလည်ဖို့ လိုအပ်တဲ့ရာသီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီရာသီက ကျွန်တော့်ကို အများကြီးသင်ပေးပြီး အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပေါ့ဗျာ” ဟု လူကာကူက ပြောကြားခဲ့သည်။

    ၎င်းမှာ ယူရိုပါလိဂ်တွင် ၇ ဂိုး သွင်းပေးထားနိုင်သော်လည်း ပရီးမီးယားလိဂ်တွင်မူ ဂိုးပေါက်ပျောက်နေကာ ယခုအချိန်အထိ ၇ ဂိုးသာ သွင်းထားနိုင်သည်။

    သို့သော်လည်း လူကာကူက မိမိမှာ စိတ်ဓာတ်ခိုင်မာသူတစ်ဦးဖြစ်ပြီး ပရိတ်သတ်များက မိမိထံမှ ပို၍ မျှော်လင့်ကြကြောင်း၊ ဂိုးသွင်းနိုင်ပြီဆိုလျှင် ဝေဖန်ပြောကြားမှုများ ပျောက်သွားပြီး ဂိုးမသွင်းနိုင်လျှင် အဆိုပါ ဝေဖန်မှုများမှ တစ်ဖန်ပြန်ရောက်လာကြောင်း လူကာကူက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com