မတ် ၁၅၊ ၂၀၁၅
M-Media
– အီရတ်နိုင်ငံ မြောက်ပိုင်း တီကရစ်မြို့ရှိ IS တပ်ဖွဲ့များအား အီရတ်စစ်တပ်မှ ၀ိုင်းထားလိုက်ပြီး တီကရစ်မြို့မှာ ၃ ရက်အတွင်း လွတ်မြောက်နယ်မြေဖြစ်တော့မည်ဟု အီရတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
ပြောကြားလိုက်သည်။
IS တပ်ဖွဲ့များ ထိန်းချုပ်ထားရာ တီကရစ်မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် အီရန်မှ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်၊ လူမျိုးစု တပ်ဖွဲ့များနှင့် အီရတ်စစ်တပ်တို့ ပူးပေါင်းကာ ပြုလုပ်ခဲ့သည့် ထိုးစစ်မှာ ၂ ပတ်တာ ကြာမြင့်နေပြီဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိကာ ယခုအချိန်တွင် တီကရစ် မြို့ထဲသို့ ၀င်ရောက်နိုင်ပြီဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ပါသည့် ဘဒါရ် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး စေတနာ့ဝန်ထမ်း တပ်ဖွဲ့ Popular Mobilisation ၏ ပြောရေးဆိုခွင့်ရှိသူ ကရင်မ် အလ်-နူရီကလည်း မိမိတို့တပ်ဖွဲ့များမှာ မြို့လယ်ကောင်တွင် အန္တရာယ်ကင်းစွာ ပုန်းအောင်နေနိုင်ပြီး IS တပ်များကို လေးဖက်လေးတန်မှ ၀န်းရံထားကြောင်း၊ IS တပ်ဖွဲ့အရေအတွက်မှာ ၆၀ မှ ၇၀ အကြားတွင်သာ ရှိတော့ကြောင်း AFP သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
ယခုလက်ရှိတွင် အီရတ်တပ်ပေါင်းစုမှာ တိုက်ခိုက်မှုများကို ရပ်နားထားပြီး စစ်ကူကိုစောင့်ဆိုင်းနေသည်။ IS တပ်များကလည်း မြို့လည်ကောင်တွင် ထောင်ပေါင်းမျာစွာသော ဗုံးများကို ထောင်ထားပြီး ထိုဗုံးများကို ရှင်းလင်းနိုင်သည့်အချိန်တွင်မှ တီကရစ်မြို့ လွတ်မြောက်ကြောင်း ကြေညာမည်ဟု နူရီက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ စစ်ဆင်ရေး အောင်မြင်သွားခဲ့ပါက အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်အား ထပ်မံသိမ်းပိုက်ရေး အီရတ်စစ်တပ်အတွက် ခွန်အားလည်း ဖြစ်လာမည်ဖြစ်သည်။
Ref: Aljazeera