News @ M-Media

Blog

  • MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

    MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

    မတ် ၈၊ ၂၀၁၅
    M-Media

    plane 3

    – ပြီးခဲ့သည့်နှစ် မတ်လက ပျောက်သွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 ၏ တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို လေယာဉ်ပေါ် ပါသွားကြသူများ၏ ကျန်ရစ်သူ မိသားစုများက ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ကျန်ရစ်သူမိသားစုများ ဖွဲ့စည်းထားသည့် Voice 370 အဖွဲ့မှာ မလေးရှားမြို့တော် ကွာလာလမ်ပူရှိ ရှော့ပင်းမောလ်တစ်ခုတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

    ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား လမ်းတွင် ပျောက်ဆုံးခဲ့သည့် အဆိုပါလေယာဉ်ကို ရှာဖွေမှုမှာ တစ်နှစ်ရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့် သဲလွန်စမှ တွေ့ရှိရခြင်း မရှိသေးပေး။ အဆိုပါ ရှာဖွေမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရက ယနေ့တွင် ကြားဖြတ် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရန် ရှိနေသည်။

    ရှာဖွေမှုများကို လုပ်ဆောင်နေသည့် မလေးရှား၊ တရုတ်နှင့် သြစတေးလျ နိုင်ငံများကမူ အဆိုပါ လေယာဉ်မှာ တောင်အိန္ဒိယသမုဒ္ဒရာတွင် ပျက်ကျသွားသည်ဟု သံသယရှိနေပြီး ရှာတွေ့လိ့မ်မည်ဟုလည်း ယုံကြည်နေသည်။

    “အဖြေနဲ့ အပျက်အစီးအပိုင်းအစလိုမျိုး တိကျတဲ့သက်သေ မရှိခြင်းက ဒါကိုပြောဖို့ ပိုပြီး ခက်ခဲစေပါတယ်။ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့မှာ ရှိနေတဲ့ အထောက်အထား အနည်းငယ်နောက်ကို ဆက်လိုက်သွားမှာပါ။ မလေးရှားအနေနဲ့ ရှာဖွေမှုကို ဆက်လုပ်သွားမှာဖြစ်ပြီး MH 370 ကို ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်မှာ မတော်တဆ ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပေါ် ပါလာသူအားလုံးလည်း သေဆုံးသွားပြီဟု မှတ်ယူကြောင်း မလေးရှားအစိုးရက ဇန်န၀ါရီနှောင်းပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကျန်ရစ်သူမိသားစုများကမူ အဆိုပါ သတင်းထုတ်ပြန်မှုအတွက် ကျေနပ်ခြင်း မရှိကြပေ။

    Ref: Aljazeeraa

  • အသင်းမှ ထုတ်ပယ်ပါက ခေါင်းမော့ရင်ကော့၍ ထွက်သွားမည်ဟု အင်ဇာဂီဆို

    အသင်းမှ ထုတ်ပယ်ပါက ခေါင်းမော့ရင်ကော့၍ ထွက်သွားမည်ဟု အင်ဇာဂီဆို

    မတ် ၈၊ ၂၀၁၅
    M-Media

    inzaghi

    – အသင်းအား ရလဒ်ကောင်းများရရှိအောင် မစွမ်းဆောင်နိုင်သည့်အတွက်ကြောင့် မိမိအား အသင်းမှ ထုတ်ပယ်ခဲ့ပါက မိမိအနေဖြင့် ခေါင်းမော့ရင်ကော့၍ ထွက်ခွာသွားမည်ဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သော ဗီရိုနာအသင်းနှင့်ပွဲစဉ်တွင် အေစီမီလန်မှာ ပွဲပြီးသည်အထိ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရနေခဲ့သော်လည်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ချေပဂိုးတစ်ဂိုး ထပ်ပေးလိုက်ရသောကြောင့် ၂ ဂိုးစီသရေဖြင့် ပွဲပြီးခဲ့သည်။

    ထိုပွဲအနိုင်မရပါက အင်ဇာဂီမှာ အသင်းမှ ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အင်ဇာဂီကမူ မိမိနေဖြင့် လာမည့်ပွဲကိုသာ အာရုံစိုက်နေသည်ဟု ဆိုသည်။

    “ကျွန်တော် အထုတ်ခံရမယ်ဆိုတာလား။ ကျွန်တော့်ကိုမမေးပါနဲ့။ ခေါင်းမော့ရင်ကော့ပြီး သွားမှာပါ။ ကျွန်တော်တို့ ဒီနေ့ ကစားပုံဆိုးခဲ့တယ်လို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်လိုစိတ်တော့ မလျော့ခဲ့ပါဘူး” ဟု ပွဲအပြီးတွင် အင်ဇာဂီက Sky Sport Italia သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းသားများမှာ လေ့ကျင့်ရေးကွင်းတွင် စိတ်ဓာတ်ကောင်းများဖြင့် လေ့ကျင့်ကြကြောင်း၊ မိမိတို့အနေဖြင့် ပိုကောင်းအောင် ကစားနိုင်ရမည်ဖြစ်သော်လည်း ယခုအချိန်တွင် လာမည့်ပွဲအတွက်သာ ကြည့်ရမည်ဖြစ်ကြောင်း အင်ဇာဂီက ထပ်လောင်းပြောကြားခဲ့သည်။

    အေစီမီလန်မှာ လက်ရှိအချိန်တွင် စီးရီးအေ အမှတ်ပေးဇယား၏ အဆင့် ၁၀ နေရာတွင်ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာထက် ၇ မှတ်ကွာဟနေသည်။

    Ref: Goal.com

  • နေတန်ယာဟုအား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခု အစ္စရေးပြည်သူများ ပြုလုပ်

    နေတန်ယာဟုအား ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခု အစ္စရေးပြည်သူများ ပြုလုပ်

    မတ် ၈၊ ၂၀၁၅
    M-Media

    telaviv

    – ထောင်ပေါင်းများစွာသော အစ္စရေးပြည်သူများမှာ မြို့တော်တလ်အဗီးရှိ ရင်ပြင်တွင် ယမန်နေ့က စုဝေးခဲ့ကာ မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုအား အစားထိုးရန်အတွက် တောင်းဆိုခဲ့သည်ဟု သိရသည်။

    ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း မီဒီယာများက အဆိုပါ ဆန္ဒပြမှုတွင် လူပေါင်း ၃ သောင်းခန့်ရှိမည်ဟု ဖော်ပြခဲ့ကြပြီး ၎င်းတို့မှာ “အစ္စရေးက အပြောင်းအလဲ လိုချင်တယ်” ဟူသော စာတမ်းများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    အဆိုပါဆန္ဒပြပွဲတွင် မော့ဆက် ထောက်လှမ်းရေးအကြီးအကဲဟောင်း မီရ် ဒါဂန်က မိန့်ခွန်းပြောကြားခဲ့ပြီး ဆန္ဒပြသူများက “ဘီဘီ။ မင်းရှုံးသွားပြီ။ အိမ်ပြန်တော့” ဟု နေတန်ယာဟု၏ အမည်ပြောင်ကို ရည်ညွှန်း၍ ဟစ်အော်ခဲ့ကြသည်။

    ဒါဂန်မှာ မကြာသေးမီကပင် နေတန်ယာဟု၏ လုပ်ရပ်များကို ဝေဖန်ခဲ့ပြီး နေတန်ယာဟုမှာ အစ္စရေးပျက်ဆီးခြင်း မဟာဗျူဟာကို ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    စစ်တမ်းကောက်ယူမှုများအရ နေတန်ယာဟု၏ လက်ယာယိမ်း လီကွဒ်ပါတီမှာ ဇီယွန်အသင်း၏ ခေါင်းဆောင်ဖြစ်ပြီး လေဘာပါတီနှင့် ချိတ်ဆက်ထားသည့် အိုက်ဇက် ဟာဇော့ဂ်ပါတီနှင့် သူနိုင်၊ ကိုယ်နိုင်အနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

    နေတန်ယာဟုမှာ အစ္စရေး၏ လုံခြုံရေးကိစ္စများနှင့် အီရန်၏ နျူကလီးယား အစီအစဉ်ကို ပစ်မှတ်ထားကာ မဲဆွယ်မှုများ ပြုလုပ်နေသည်။

    “၆ နှစ်လောက် မစ္စတာ နေတန်ယာဟုဟာ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီ ၆ နှစ်ဟာ အစ္စရေး ပိုအကြပ်ရိုက်စေတဲ့ နှစ်တွေပါပဲ” ဟု ဒါဂန်က ပြောကြားခဲ့ပြီး ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို မဆောင်ရွက်ခြင်းဖြင့် နေတန်ယာဟုမှာ ၎င်း၏ နိုင်ငံရေးအသက်ရှင်ရပ်တည်မှုကို ဆောင်ရွက်နေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    Ref: Aljazeera

  • အားကစားသမားထဲမှ ပထမဆုံး ဘီလီယံနာ

    အားကစားသမားထဲမှ ပထမဆုံး ဘီလီယံနာ

    မတ် ၈၊ ၂၀၁၅
    M-Media

    2647E1F600000578-2977757-image-m-53_1425401290842

    – ဘက်စကက်ဘောကွင်းထဲမှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တဲ့ အမေရိကန် ဘက်စကက်ဘော ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်တစ်ယောက် ကွင်းပြင်ပမှာလည်း နောက်ထပ်စံချိန်တစ်ခု တင်နိုင်ခဲ့ပါတယ်။

    ဒါကတော့ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေရဲ့စာရင်းမှာ ပိုင်ဆိုင်မှု ၁ ဘီလီယံနဲ့ အဆင့် ၁၇၄၁ မှာ ချိတ်ပြီး အားကစားသမားတွေထဲမှာ ပထမဆုံး ဘီလီယံနာ ဖြစ်လာခဲ့တာပါပဲ။

    မနှစ်က စာရင်းထက် ဒီနှစ် အချမ်းသားဆုံးသူတွေရဲ့စာရင်းမှာ လူသစ် ၂၉၀ လောက် ထပ်မံပါဝင်လာခဲ့ပြီး Nike ကုမ္ပဏီနဲ့ စီးပွားရေးစာချုပ်မှာ မျိုးမျိုးမြက်မြက် ရလိုက်တဲ့ မိုက်ကယ်ဂျော်ဒန်တစ်ယောက် ပါဝင်ခဲ့တာဖြစ်ပါတယ်။

    သူ့ရဲ့တံဆိပ်နဲ့ ထုတ်လုပ်တဲ့ အားကစားပစ္စည်းတွေရဲ့ အမြတ်ငွေဟာ ၂၀၁၃ မှာ ဒေါ်လာ ၂.၂၅ ဘီလီယံလောက်ရှိခဲ့ပြီး အဲဒီအထဲက ဂျော်ဒန်က သန်း ၉၀ လောက်ရခဲ့တယ်လို့ Forbes က ဆိုပါတယ်။ ဒါတင်မကသေးဘဲ Charlotte Hornets ဘက်စကတ်ဘောအသင်းရဲ့ ပိုင်ဆိုင်မှုနဲ့ အခြားပိုင်ဆိုင်မှုတွေ ပေါင်းလိုက်တဲ့အခါမှာတော့ ဂျော်ဒန်ဟာ ဘီလီယံနာ အားကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

    အရင်က Eastern Conference လို့ခေါ်တဲ့ NBA ပြိုင်ပွဲဝင် အဲဒီအသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ၂၀၁၀ ခုနှစ်မှာ ဂျော်ဒန်က ဒေါ်လာ ၂၇၅ သန်းပေးကာ ၀ယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၈၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဲဒီရဲ့ တန်ဖိုးဟာ အခုအချိန်မှာတော့ ဒေါ်လာ သန်း ၇၀၀ လောက် တန်နေပါပြီ။

    ချီကာဂိုဘူးလ်အသင်းနဲ့ အောင်မြင်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်လိုပဲ အားကစားလောကထဲက ဘီလီယံနာအဖြစ် ပါဝင်ခဲ့တဲ့သူတွေကတော့ အာဆင်နယ်၊ ချယ်ဆီး၊ စပါးနဲ့ နယူးကာဆယ်တို့အပါအ၀င် ပရီးမီးယားလိဂ်ကလပ် အသင်း ၁၀ သင်းရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

    Ref: Dailymail

  • မွတ်စလင်တို့၏ အီဒ်းပွဲတော် ၂ ရက်ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် နယူးယောက်တွင် သတ်မှတ်

    မွတ်စလင်တို့၏ အီဒ်းပွဲတော် ၂ ရက်ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် နယူးယောက်တွင် သတ်မှတ်

    မတ် ၇၊ ၂၀၁၅
    M-Media

    5-3-15_New-York-Approves-Muslim-Holidays

    – ကျောင်းပြက္ခဒိန်မှာ မွတ်စလင်တွေရဲ့ အီဒ်းပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် ထည့်သွင်းဖို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြီးခဲ့တဲ့တစ်ပတ်မှာ ဆုံးဖြတ်ခဲ့ပြီး ဒါဟာ မျှတမှုကို ဆောင်ကျဉ်းပေးလိုက်တာလို့ ပြောကြားခဲ့ပါတယ်။

    “ဒီပိတ်ရက်တွေကို ထည့်သွင်းလိုက်တာက မွတ်စလင်တွေဟာ အမေရိကရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ အခန်းကဏ္ဍတစ်ခု ရရှိတဲ့ လက္ခဏာပါပဲ” လို့ အမေရိကန်ရဲ့ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်တဲ့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ဟူပါက ပြောဆိုလိုက်ပါတယ်။

    မြို့တော်တစ်ဝှမ်း မွတ်စလင်ကျောင်းသား ၁၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နယူးယောက်မှာ ဒီလို အသိအမှတ်ပြုဖို့အတွက် မွတ်စလင်တွေဟာ လှုပ်ရှားမှုတွေ၊ အသိပညာပေးမှုတွေကို ၉ နှစ်လောက် လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

    ယခင် မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့ဂ်ရဲ့ လက်ထက်မှာ ဒီတောင်းဆိုမှုကို ပယ်ချခဲ့ပြီး ကျောင်းသားတွေဟာ ကျောင်းမှာ အချိန်ပိုပေးဖို့လိုတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘလာစီယိုကတော့ မြို့တော်အတွင်းမှာ သည်းခံမှုနဲ့ အားလုံးစုံပါဝင်နိုင်မှုရှိအောင် လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းကတိပြုခဲ့ပါတယ်။

    ဥရောပနဲ့ အမေရိကတစ်ဝှမ်းမှာ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတဲ့အချိန်မှာ ဒီလို ရဲရဲဝင့်ဝင့် သတ်မှတ်ပေးလိုက်တဲ့အတွက် မွတ်စလင်ကျောင်းသားတွေနဲ့ မိဘတွေက ကြိုဆိုခဲ့ကြပါတယ်။

    “မွတ်စလင်တွေဟာ လူနည်းစုဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အသိအမှတ်ပြု ခံသင့်ပါတယ်” လို့ မော်ရိုကိုဖွားဖြစ်ပြီး ဘရွတ်ကလင်းမှာနေထိုင်တဲ့ အီလ်ဟမ် အတ်မာနီက ဆိုပါတယ်။

    ဘရွတ်ကလင်း နည်းပညာအထက်တန်းကျောင်းက အသက် ၁၅ နှစ်အရွယ် ကျောင်းသား ဟီလာလ် ချောင်ဒရီက သူ့အနေနဲ့ အီဒ်းပွဲတော်နေ့မှာ ပွဲတော်ပွဲ ဆင်နွှဲရမလား ကျောင်းပဲ တက်ရမလားဆိုတာကို နှစ်နဲ့ချီပြီး လွန်ဆွဲခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။

    “ဒါဟာ ခြေလှမ်းကြီးတစ်ခု ရှေ့တိုးလိုက်တာပါ။ ကျွန်တော်တို့ဟာ ဒါအတွက် အချိန်အတော်ကြာ စောင့်ခဲ့ရပါတယ်”

    မွတ်စလင်တွေရဲ့ အီဒ်းပွဲတော်ကို တရားဝင်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သလိုပဲ တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးကိုလည်း ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ပေးမယ်လို့ ဘာလာစီယိုက ကတိပြုခဲ့ပြီး ဒီလိုသတ်မှတ်ဖို့အတွက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ယာစွန်းရောက်တွေရဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဘလာစီယိုကတော့ ဒါဟာ အမေရိကန် အခြေခံဥပဒေက အာမခံထားတဲ့ တန်းတူညီမျှအခွင့်အရေးကို ပေးအပ်လိုက်တာလို့ဆို ပါတယ်။

    “ဝေဖန်နေကြတဲ့သူတွေအနေနဲ့ အမေရိကန်ရဲ့ အခြေခံဥပဒေကို ပြန်ကြည့်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်ပါပဲ” လို့ ဘလာစီယိုက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

    မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် နယူးယောက်မှာ အခုမှ သတ်မှတ်ခဲ့ပေမယ့် ဘော့စတွန်က ထိပ်တန်း ကျောင်းတစ်ကျောင်းဖြစ်တဲ့ ကိန်းဘရစ်ခ်ျ ကိုယ်ပိုင်ကျောင်းကတော့ ၂၀၁၀ ခုနှစ်ကတည်းက ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့တာပါ။

    နယူးဂျာစီပြည်နယ်က မြို့အများအပြားမှာလည်း မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး မီချီဂန်ပြည်နယ်က ဒါဘွန်မြို့ကတော့ မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကို ပိတ်ရက်အဖြစ် အစောဆုံးသတ်မှတ်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။

    CAIR က “ဆရာများအတွက် အစ္စလာမ်ဘာသာရေးလိုက်နာမှု လမ်းညွှန်” ဆိုတဲ့ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ပြီး ဒီစာအုပ်မှာ ကျောင်းတာဝန်ရှိသူတွေအနေနဲ့ မွတ်စလင်ကျောင်းသားတွေအတွက် အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ကျောင်းဆရာတွေကို လမ်းညွှန်ချက်တွေ ဖော်ပြပေးထားပါတယ်။

    မွတ်စလင်တွေရဲ့ ပွဲတော်ရက် ၂ ရက်ကတော့ ဥပုသ်သီလ တစ်လတိတိ စောင့်ထိန်းပြီးတဲ့နောက်မှာ ကျင်းပတဲ့ အီဒွလ်ဖစ်သီရ်နဲ့ အသားဝတ္ထု စွန့်လှူဒါနပြုတဲ့ အီဒွလ်အသွဟာ ပွဲတော်တို့ပဲ ဖြစ်ပါတယ်။

    Ref: Onislam