မတ် ၈၊ ၂၀၁၅
M-Media
– အသင်းအား ရလဒ်ကောင်းများရရှိအောင် မစွမ်းဆောင်နိုင်သည့်အတွက်ကြောင့် မိမိအား အသင်းမှ ထုတ်ပယ်ခဲ့ပါက မိမိအနေဖြင့် ခေါင်းမော့ရင်ကော့၍ ထွက်ခွာသွားမည်ဟု အေစီမီလန်နည်းပြ ဖိလစ်ပို အင်ဇာဂီက ပြောကြားလိုက်သည်။
ယမန်နေ့က ကစားခဲ့သော ဗီရိုနာအသင်းနှင့်ပွဲစဉ်တွင် အေစီမီလန်မှာ ပွဲပြီးသည်အထိ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရနေခဲ့သော်လည်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ချေပဂိုးတစ်ဂိုး ထပ်ပေးလိုက်ရသောကြောင့် ၂ ဂိုးစီသရေဖြင့် ပွဲပြီးခဲ့သည်။
ထိုပွဲအနိုင်မရပါက အင်ဇာဂီမှာ အသင်းမှ ထုတ်ပယ်ခံရမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အင်ဇာဂီကမူ မိမိနေဖြင့် လာမည့်ပွဲကိုသာ အာရုံစိုက်နေသည်ဟု ဆိုသည်။
“ကျွန်တော် အထုတ်ခံရမယ်ဆိုတာလား။ ကျွန်တော့်ကိုမမေးပါနဲ့။ ခေါင်းမော့ရင်ကော့ပြီး သွားမှာပါ။ ကျွန်တော်တို့ ဒီနေ့ ကစားပုံဆိုးခဲ့တယ်လို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်လိုစိတ်တော့ မလျော့ခဲ့ပါဘူး” ဟု ပွဲအပြီးတွင် အင်ဇာဂီက Sky Sport Italia သို့ ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အသင်းသားများမှာ လေ့ကျင့်ရေးကွင်းတွင် စိတ်ဓာတ်ကောင်းများဖြင့် လေ့ကျင့်ကြကြောင်း၊ မိမိတို့အနေဖြင့် ပိုကောင်းအောင် ကစားနိုင်ရမည်ဖြစ်သော်လည်း ယခုအချိန်တွင် လာမည့်ပွဲအတွက်သာ ကြည့်ရမည်ဖြစ်ကြောင်း အင်ဇာဂီက ထပ်လောင်းပြောကြားခဲ့သည်။
အေစီမီလန်မှာ လက်ရှိအချိန်တွင် စီးရီးအေ အမှတ်ပေးဇယား၏ အဆင့် ၁၀ နေရာတွင်ရှိနေပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာထက် ၇ မှတ်ကွာဟနေသည်။
Ref: Goal.com
Leave a Reply
You must be logged in to post a comment.